----------***----------
သောကြာနေ့ရောက်တော့ ကျွန်တော်က မနက်စောစော သီဟတို့အိမ်ကို ထွက်လာခဲ့တယ်။ သီဟနိုင်က ကျောင်းသွားတာမို့ ကျွန်တော်က သူ့အစား အထုပ်အပိုးတွေပြင်ဆင်ပေးဖြစ်တယ်။
နေ့ခင်းရောက်တော့ ကားဂိတ်ကို ဖုန်းဆက်ပြီး လက်မှတ်နှစ်စောင်ဖြတ်လိုက်တယ်။ စစ်ကိုင်းကနေ ကျွဲဆယ်ကန်ကို သွားစီးရမှာဝေးတာမို့ စစ်ကိုင်းလမ်းခွဲကနေ စောင့်စီးမယ့်အကြောင်းကိုပါ တစ်ခါတည်း ပြောထားလိုက်တယ်။
ညနေ သီဟနိုင်ပြန်လာတော့ ကျွန်တော်တို့ ရေမိုးချိုး၊ ရှိုးထုတ်၊ ညနေစာစားပြီး ည(၇)နာရီထိုးတော့ အိမ်ကနေထွက်လာလိုက်ကြတယ်။ ကားက ၇နာရီထိုးမှ ကားဂိတ်ကထွက်လာမှာမို့ ကျွန်တော်တို့က အိမ်ကနေ (၇)နာရီလောက်ထွက်မှ သိပ်ပြီးကြာကြာမစောင့်ရမှာ။
ကားပေါ်ရောက်တော့ သီဟနိုင်ကို မှန်ဘက်မှာနေရာချပေးပြီး ကျွန်တော်ကတော့ သူ့ဘေးကပ်လျက် အတွင်းဘက်မှာ ဝင်ထိုင်လိုက်တယ်။
"ကားပေါ်မှာ ကလေးပျင်းရင်ကြည့်ရအောင်လို့ ကိုယ်ဇာတ်ကားတွေ ဒေါင်းလာတယ်"
"ကျွန်တော်က ကားစီးရင်းနဲ့ ဖုန်းကြည့်လို့မရဘူးဗျ"
"ဟမ်!"
"ကျွန်တော်က ကားမူးတတ်လို့။ ကားတံခါးတွေဖွင့်စီးရင် အဆင်ပြေပေမယ့် ဒီလိုအလုံပိတ်ကားတွေကျတော့ ကားစီးရင်းနဲ့ ဖုန်းနှိုက်ရင် ပိုပြီးတော့မူးတာ"
"ဟာ... အဲ့ဒါကို ဘာလို့ကိုယ့်ကိုကြိုမပြောတာလဲကလေးရာ။ နို့မို့ဆို အမူးပြေဆေးတွေဘာတွေ ဝယ်ခဲ့မှာပေါ့"
"ရတယ်။ ကျွန်တော့်မှာပါတယ်"
သီဟဆီက စကားကိုကြားတော့ ကျွန်တော် တကယ်စိတ်မကောင်း။ ကျွန်တော် သူ့အကြောင်းကို ဘာမှသိပ်မသိသေးပါလားနော်။
"ဒါဆို ကလေး ကိုယ့်ကိုမှီပြီး အိပ်လိုက်ခဲ့နော်"
"ရတယ်။ ကျွန်တော်အပြင်ကိုငေးနေလိုက်ရင် အဆင်ပြေတယ်"
သီဟနိုင်ကတော့ ပေါ့ပေါ့လေးပြောလိုက်တာပဲ။ ဒါပေမဲ့ ကျွန်တော်စိတ်မကောင်း။ ညဘက်ဖြစ်တာမို့ ကားအပြင်ဘက်ရှု ့ခင်းက လှမှာမဟုတ်ဘူးလေ။ ဒီလိုမှန်းသိရင် ကျွန်တော် နေ့ခင်းဘက်လာပါတယ်။
P_4 (Uni)
Start from the beginning