1

1K 72 2
                                    

"2Bခဲတံတစ်ချောင်း 4Hတစ်ချောင်းပေးပါ"

ဒီဆိုင်မှာ ဝယ်နေကျမို့လို့ စာရေးကိရိယာဝယ်တာကအစ ကျွန်မဘာသာ ရွေးယူမနေတော့ဘူး။ ရောင်းနေကျဦးလေးဒါမှမဟုတ် သူ့သားက ကျွန်မနဲ့မျက်မှန်းတန်းမိနေကျမို့ ကျွန်မဘာရချင်ရချင် သူတို့က ရွေးယူပေးနေကျ။ သူများတွေက ကိုယ်တိုင်ရွေးရတာကြိုက်ကြပေမဲ့ ကျွန်မကတော့ များသောအားဖြင့် ကိုယ်တိုင်ရွေးဖို့ပျင်းတာမို့ ကောင်တာနဲ့နီးနီးနားနားကပစ္စည်းဆို ဆိုင်ရှင်ကိုပဲ လှမ်းယူခိုင်းလိုက်တော့တာ။

အိမ်ကထွက်ကတည်းက ဖုန်းကိုပဲ တောက်လျှောက်သုံးလာပြီး ဆိုင်ထဲဝင်တော့လည်း ဖုန်းသုံးမပျက်ခဲ့ဘူး။ အမြဲတမ်းဒီလိုသွားနေကျမို့ထင်တယ်။ ဒီနားတဝိုက်ကို ဒီလိုလျှောက်နေလည်း တစ်ခါတောင်ခလုတ်မတိုက်ဘူး။

မှာစရာရှိတာမှာပြီး လက်ထဲကပိုက်ဆံအရေအတွက်ကို စစ်ကြည့်လိုက်တယ်။ ပြီးတော့ သုံးလက်စဖုန်းကိုပဲဆက်ကြည့်နေလိုက်တယ်။ feedမှာပေါ်လာသမျှ သတင်းတွေကအမြဲစိတ်ဝင်စားဖို့ကောင်းသလို group chatထဲက စကားတွေလည်း ဘယ်တော့မှအမျှင်မပြတ်ကြဘူး။ ကျွန်မတို့သူငယ်ချင်းတွေကအဲ့လိုပဲ။ လူချင်းတွေ့ရင်တွေ့၊ မတွေ့ရင် အွန်လိုင်းကနေ စကားပြောနေတာက ကရားရေလွှတ်။

"ခဲတံ ယူလို့ရပြီဗျ"

အသံချိုချိုလေးတစ်ခုကြားလိုက်ရပြီးတဲ့နောက် ကျွန်မဖုန်းသုံးတာရပ်ပြီး ပိုက်ဆံကိုကောင်တာပေါ်တင်လို့ အရောင်းဝန်ထမ်းကို အမှတ်တမဲ့ကြည့်လိုက်မိတယ်။

'အမေရေ.. ချောလိုက်တာ သူက!!'
စိတ်ထဲတင် အော်ချပစ်လိုက်တာ အကျယ်ကြီးပေါ့။

"ရှင်! ဟုတ်ကဲ့"

အရမ်းတွေ ယဉ်ကျေးမိကုန်ပါပြီ။ အိမ်ကအမေသာ ဒါကိုကြားရင် အော်ရယ်နေဦးမယ်။

ကောင်တာပေါ်ချပေးထားတဲ့ ခဲတံနှစ်ချောင်းကို ယူဖို့ ကျွန်မလုံးဝသတိမရသေးဘဲ သူ့ကိုပဲ ကြည့်နေမိလိုက်တာ။ ရယ်ပြနေတဲ့သွားကြီးကြီးနှစ်ချောင်းက လှလှပပ.. အဲလေ မဟုတ်သေးဘူး သူ့သွားလေးတွေအားလုံးက ညီညီစီစီနဲ့ကို လှတာ။ ကောင်တာပေါ်မှာအမြဲမြင်ရတဲ့ လက်တရမ်းရမ်းနဲ့လာဘ်ခေါ်ကြောင်ရုပ်ကို ကြည့်ပြီး ကျွန်မ စိတ်ထဲကနေပဲ ပြောလိုက်တယ်။
'ဒီဆိုင်က နင့်ကိုမလိုတော့ဘူး လာဘ်ခေါ်ရုပ်လေးက သက်ရှိထင်ရှားရောက်လာပြီ' လို့လေ။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now