“သွားမယ်..”

နောက်ဆုံးဝံပုလွေကို အပြီးသတ်ပြီးတာနဲ့ ရင်းဆုယဲ့က အကာအကွယ်စည်းရှိရာ ပြန်လျှောက်လာပြီး ရွှယ်ယို့ရှန်းထံ လက်ကမ်းလိုက်တယ်။

“အို့..”

ရွှယ်ယို့ရှန်းက တစ်ခဏတော့ တွေဝေနေခဲ့သေးတယ်။ ဒါပေမဲ့ လက်ကို အကာအကွယ်စည်းအပြင်ဘက် ဆန့်ထုတ်လိုက်ပြီး ရင်းဆုယဲ့ရဲ့ လက်ထဲ ထည့်ပေးလိုက်တယ်။ သူ သိတယ်၊ ဒီလက်က အခုလေးတင် အသက်ပေါင်းများစွာကို နှုတ်ယူပစ်ခဲ့တာ။ ဒါပေမဲ့ ထူးထူးခြားခြားပဲ၊ သူ့မှာ ငြင်းပယ်လိုစိတ်မရှိဘူး..!

ရင်းဆုယဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတောင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးတစ်စက် မစွန်းခဲ့သလို ဒဏ်ရာလည်း မရခဲ့ဘူး။ သူ့ရဲ့ဟန်ပန်က တိုက်ပွဲမှာဆိုရင် တစ်လောကလုံးကို ထိန်းချုပ်ထားနိုင်တဲ့ နတ်ဘုရားလို့တောင် ညွှန်းဆိုနိုင်တယ်။

“နေမကောင်းဘူးလား..?”

ရင်းဆုယဲ့ ခေါင်းငုံ့ကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေရှာတဲ့ ရွှယ်ယို့ရှန်းကိုမြင်ပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။

“အသားမကျသေးလို့ပါ..”

မော်ဒန်ခေတ်ကလာတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ စိတ်ပြင်ဆင်ထားပါစေ၊ ဒီလို သွေးပျက်ဖွယ် အနိဋဿဌာရုံ မြင်ကွင်းမျိုးကို ကြောက်လန့်ပြီး လက်မခံနိုင်တာ ထုံးစံပဲလေ။ သူက ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ စာရေးသူ၊ ဒီကမ္ဘာရဲ့ ကြီးနိုင်ငယ်ညှင်းဝါဒကို ရင်းနှီးထားပြီးသား၊ ပြီးတော့လည်း TV ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲမှာ မရေမတွက်နိုင်အောင် ကြောက်မက်ဖွယ် လူသတ်ဇာတ်ကြောင်းတွေကို ကြည့်ဖူးတယ်၊ ဖတ်ဖူးတယ်ဆိုပေမယ့် သူကိုယ်တိုင်ကတော့ ကြက်တစ်ကောင်တောင် မသတ်ခဲ့ဖူးတဲ့ အိမ်တွင်းပုန်းလေးဆိုတာ ပြောင်းလဲလို့မရနိုင်တဲ့အချက်ပဲ..!

တောင်တစ်လုံးလုံး သူ့ရှေ့မှာ ပြိုကျသွားရင်တောင် အမူအရာထိန်းထားနိုင်တဲ့ သူ့ရဲ့ ပင်ကိုစွမ်းရည်ကို ကျေးဇူးတင်သင့်တယ်။ ဒီစွမ်းရည်ကြောင့်သာ သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက်မဖြစ်စေပဲ သာမာန်အမူအယာအတိုင်း ထိန်းထားနိုင်ခဲ့တာ။ ဒီလိုပြိုင်ဖက်ကင်းစွမ်းရည်မျိုးရှိတဲ့ သူ့ကိုယ်သူ လက်မတွေအများကြီး ပြန်ပေးလိုက်သင့်ပြီ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now