နေဦး၊ ဒီမန်ထိုက အပြင်ပန်းသာ အဆင်ပြေပေမယ့် သိုလှောင်လက်စွပ်ထဲ သိမ်းထားတာ ဘယ်လောက်ကြာနေပြီလဲ မသိဘူး။ ဒိတ်လွန်နေလောက်ပြီထင်တယ်။ လက်ထဲရောက်လာတဲ့ မန်ထိုက မနူးညံ့တော့တဲ့အပြင် လက်နဲ့ဖဲ့ဖို့တောင် ခက်ခဲနေပြီဟ..!

ရွေးရခက်လိုက်တာ..!

ဒါပေမဲ့လည်း ဗိုက်ဆာနေပြီဆိုတော့ ဒီမန်ထိုကိုပဲ စားရတော့မှာပေါ့။ မဟုတ်ရင် ဗိုက်ဆာနေဦးမှာလေ။ ဗိုက်အဆာခံရမှာထက် လက်ရှိအခြေအနေကို ဖြေရှင်းတဲ့အနေနဲ့ အစာအိမ်ကို အရင်ဖြည့်ထားသင့်တယ် မဟုတ်ဘူးလား..?

ထိုနောက် ရွှယ်ယို့ရှန်းက စိတ်ထိခိုက်စွာနဲ့ပဲ မန်ထိုလုံးလေးကို ကိုက်ချလိုက်တော့တယ်။

နောက်တစ်စက္ကန့်မှာပဲ ရွှယ်ယို့ရှန်းခမျာ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားရရှာတယ်။

ဒီကမ္ဘာကြီးမှာ မန်ထိုတစ်ကိုက်တောင် စားခွင့်မရှိတော့ဘူးလား..?

သူ့ရဲ့ အားပြင်းတဲ့ ကိုက်ချက်က မန်ထိုပေါ်မှာ သွားအရာလေးနှစ်ခုပဲ ပေါ်စေခဲ့တယ်။ နည်းနည်းလေးတောင် မစားလိုက်ရဘူး။ ဒါက သူ့ရဲ့  ဂုဏ်သိက္ခာကို ထိပါးနေပြီ။ ပြီးတော့လည်း တစ်ကိုက်,ကိုက်မိရုံနဲ့တင် သူ့သွားတွေက ကျွတ်ထွက်တော့မလို နာကျင်နေရပြီ။

ဒီမန်ထိုစုတ်က ကျိန်းသေပေါက် သူ့ကမ္ဘာကမန်ထိုနဲ့ လုံးဝမတူနိုင်ဘူး။ သူ့ကလောင်ကနေ မွေးဖွားလာတာ လုံးဝမဖြစ်နိုင်ဘူး..!

သူရေးခဲ့တာက စိတ်ကူးယဉ်ဝတ္တုလေ၊ အစားအသောက်ဝတ္ထုမှ မဟုတ်တာ။ ထူးထူးဆန်းဆန်း အစားအသောက်တွေ ထည့်မရေးခဲ့တော့ ဒီကမ္ဘာရဲ့ အစားအသောက်တွေက သူ့ကမ္ဘာကအတိုင်းပဲ ဖြစ်နေရမှာ။ အဲ့တာကို ဒီမန်ထိုက ဘယ်လိုလုပ် အရမ်းကွာခြားနေရတာလဲ..? ဒီကမ္ဘာပေါ်က ပစ္စည်းတွေကို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူးပဲ။ သာမာန်မန်ထိုလေးတောင်မှ ဘယ်လိုတွေ ပြောင်းလဲသွားသလဲ မသိတော့ဘူး..!

“ခင်ဗျား ကျွန်တော့ကို မန်ထိုအစား ကျောက်တုံးတစ်တုံးပေးခဲ့တာမလား..?”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့အရှေ့မှာ မန်ထိုကို မြှောက်ကိုင်လိုက်ပြီး မကျေမနပ် ပြောလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now