မောင်ထူးမွေးနေ့ဖြစ်တဲ့ တော်သလင်းလပြည့်ကျော်(၉)ရက်နေ့မှာတော့ ရွာမှာရှိတဲ့အိမ်တိုင်းကို ဘဲဥတစ်ကဒ်စီ လိုက်ဝေဖြစ်ကြတယ်။ စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းတွေ လှူဖြစ်ကြတယ်။ ကောင်းမှူးတော်ဘုရားကြီးကိုသွားပြီး ငါးစာသွားကျွေးဖြစ်ကြတယ်။

နောက်တော့ မောင်ထူးတစ်ခါမှမရောက်ဖူးသေးတဲ့ အင်းဝက မယ်နုအုတ်ကျောင်းကို လိုက်ပို့ဖြစ်တယ်။ ညနေခင်းမို့ အုတ်ကျောင်းထဲဝင်ရတာ နည်းနည်းတော့ စိတ်ခြောက်ခြားစရာကောင်းနေတယ်။ ဒါပေမယ့် ဘေးမှာမောင်ထူးပါတော့ အဆင်ပြေပါတယ်။

ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ ညဘက်ရောက်နေပြီ။ တစ်နေကုန်ပင်ပန်းထားတာမို့ လူက အရမ်းအရမ်းကိုအိပ်ချင်နေပြီ။ ဒါပေမယ့် အိပ်လို့မရသေး။ မေမေက မောင်ထူးအကြိုက် ဘူးသီးခြောက်ချက်ထားတာမို့ ထမင်းစားပြီးမှ အိပ်ယာဝင်ကြဖို့ လာပြောနေတယ်။

မောင်ထူးက ရွာလာရင် ဘယ်တော့မှဟင်းကောင်းမမက်။ သူမက်တာ ဘူးသီးခြောက်။ ဘူးသီးခြောက်တော့ သူကတအားတအားကိုကြိုက်တာ။ ပြီးတော့ စိန်မန်းပွင့်သုပ်။ အဲ့အသုပ်ဆို မောင်ထူးက သေအောင်ကြိုက်ပဲ။

ကျွန်တော်တို့ ထမင်းတွေဘာတွေ စားသောက်ပြီးတော့ ည(၁၀)နာရီတောင် ကျော်နေခဲ့ပြီ။ လူကလည်း အရမ်းအရမ်းကို အိပ်ချင်နေပြီမို့ အိပ်ယာဝင်လိုက်ကြတယ်။

ဒါပေမယ့် ကောင်းကောင်းမအိပ်ရ။ မမသားလေးက အရမ်းအရမ်းကို ဂျီနေတယ်။ သူ့အသံကပဲ တစ်အိမ်လုံးကို လွှမ်းမိုးနေတယ်။ အိပ်ပျော်မယ်ကြံလိုက် သူ့အသံကထွက်လာလိုက်နဲ့ ဘယ်လိုမှအိပ်လို့မရတော့။

မောင်ထူးလည်း အတူတူပဲ။ သူလည်းကောင်းကောင်းအိပ်လို့မရ။ အိပ်ချင်လျက်နဲ့ အိပ်လို့မရတာကလည်း တော်တော်ဆိုးတယ်။ ကြာတော့ ကလေးကိုတောင် သိပ်မကြည်ချင်တော့ဘူး။ ဘယ်လိုအမျိုးတစ်ခြမ်းယုတ်ကလေးလဲမသိ။ သူ့အဖေအတိုင်းပဲ အကျင့်က တစ်စက်မှမကောင်းဘူး။

သားသမီးဆိုတာ နှစ်မျိုးပဲရှိတယ်တဲ့။ အကြွေးလာဆပ်တဲ့သားသမီးနဲ့ အကြွေးလာတောင်းတဲ့သားသမီး။ အကြွေးလာဆပ်တဲ့ သားသမီးကတော့ သူ့ကိုမွေးပြီးတာနဲ့ မိဘတွေမှာ စီးပွားရေးအဆင်ပြေတာတို့ဘာတို့ ဖြစ်တတ်တယ်။ အဲ့လိုမဟုတ်လဲ သူ့ကြောင့် မိဘတွေမှာ စိတ်ချမ်းသာရတတ်တယ်။ မိဘကို ဘယ်တော့မှ ဒုက္ခမပေး။ အရမ်းကိုအေးပြီး အရမ်းကိုလိမ္မာတဲ့ကလေး။ အဲ့လိုကလေးတွေက အရင်ဘဝတွေတုန်းက တင်နေတဲ့အကြွေးတွေကို လာဆပ်တဲ့ကလေးတွေ။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now