Ep 15

203 29 0
                                    

Unicode...

တစ်နေကုန်အပြင်လည်ပြီးသည့်နောက် အိမ်ရောက်တော့ နားရတော့သည်။ ညရောက်မှ ရေမိုးချိုးပြီး ချက်ပြုတ်ဖို့ပြင်ကာ လူကြီးနှစ်ယောက်က အေးအေးဆေးဆေးစကားပြောနေတုန်း လူငယ်ဖြစ်တဲ့ John တို့နှစ်ယောက်သာ မီးဖိုခန်းထဲရောက်နေတော့သည်။

"John ငါလည်းကူမယ်လေ။ မင်းတစ်ယောက်တည်း"

"ရပါတယ်ကွာ။ ငါက ဘယ်သူမို့လို့လဲ။ ဟွင်း.. Restaurant တောင်ဖွင့်ထားတာပါနော်"

"အဲ့ဒါက အဲ့ဒါပဲလေ။ မတူပါဘူး။ အိမ်မှာမင်းတစ်ယောက်တည်း။ ဟိုမှာက ဝန်ထမ်းတွေရှိတာကို"

အသီးအရွက်တွေဆေးနေရင်းက ဘောင်းဘီဒူးကျ အဖြူလေးကို လက်ပြတ်ခဲရောင်လေးနဲ့တွဲဝတ်ထားသော ဂပ်ဖီ့ကို ကျွန်တော် သွားတန်းတွေပေါ်တဲ့အထိ ပြုံးပြလိုက်သည်။ မျက်နှာဟန်ပန်ကအစ လေသံအဆုံး ချစ်ဖို့ကောင်းနေလွန်းသော ဂပ်ဖီကိုမြင်ရတာနဲ့ကို ကျွန်တော်တစ်ယောက်တည်း ချက်နေရလည်း လုံလောက်ပါတယ်လေ။

ဘာပဲဖြစ်ဖြစ် လာရခဲတဲ့သူငယ်ချင်းတစ်ယောက်..အင်း.. ကျွန်တော့်အနေနဲ့ဆို ချစ်သူပေါ့..။ ကိုယ်ချစ်နေရတဲ့သူကို ကြည့်ပြီးပြင်ဆင်နေရုံနဲ့ ပင်ပန်းတယ်ဆိုတာ မြူမှုန်လေးတောင် မရှိ...။ ဒါကို သူနားလည်မလားမသိပေမယ့်လည်းပေါ့။

"အာ့ဆိုလည်း ကော်ဖီဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် လုပ်ပေးရမလား။ ငါ ဒီတိုင်းကြီးလည်း မနေချင်ပါဘူး"

"ဟင့်အင်း။ တော်ပြီ ဘာမှမလုပ်နေနဲ့။ တော်ကြာ စားခါနီးကျ ဗိုက်ပြည့်နေမှာစိုးလို့။ မင်းက ဒီအတိုင်းလေး ရပ်ကြည့်နေပေးရင် ရပြီ၊ ဟုတ်ပြီလား"

John စကားကို ကြားတော့ ကျွန်တော် သက်ပြင်းမသိမသာချလိုက်ကာ ဒီတိုင်းသာရပ်ကြည့်နေရတော့သည်။ သူ့စကားက နားထောင်ရုံနဲ့ သိသလို မျက်နှာကို အကဲခတ်လိုက်တာနဲ့ စိတ်ထဲမှာဘာရှိလဲ မြင်ရပါသည်။ ရင်ထဲမှာရှိနေတဲ့ ခံစားချက်တွေကို အပြုအမူနဲ့ပြနေတဲ့ သူ့ပုံစံက နားမလည်စရာ အကြောင်းမှမရှိဘဲ။

ဒါပေမယ့်လည်း နည်းနည်းပါးပါးတီးမိခေါက်မိ ချက်တတ်လောက်တဲ့ ကျွန်တော့်အနေနဲ့ ဝင်ချက်ပေးချင်ရုံသက်သက်က လွဲလို့ တခြားစိတ်မရှိပေ။ ဘာမှမလုပ်ခိုင်းလို့ တစ်ခုခုဖျော်ပေးဖို့ကျတော့လည်း မသောက်တော့ဘူးဆိုတော့ ဘေးမှာကြောင်စီစီရပ်နေရုံက လွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

"အချစ်ဟူသည်"/ "အခ်စ္ဟူသည္"Where stories live. Discover now