Part 1

185 14 2
                                    

(Unicode)

အလင်းရောင်တောင်မဝင်တဲ့ အခန်းတွင်းကို ကျွန်တော်ဘယ်လိုရောက်လို့ ရောက်နေမှန်းမသိပါ။ မှောင်ပိတ်နေတဲ့အခန်းမို့အသက်ရှူကြပ်လှ၏။ ချက်ချင်းပင်ကြောက်ရွံစိတ်တို့ဖြစ်ပေါ်ကာ နံရံကိုကျောမှီလျက် ထိုင်ချလိုက်သည်။

ထိုစဥ် အခန်းတံခါးဖွင့်၍လူတစ်ယောက်ဝင်လာသည်။ ပွင့်သွားသော တံခါးဟဟမှ မဆိုစလောက်အလင်းတို့ဝင်လာသည်။ ကျွန်တော် အခန်းတွင်းဝင်လာသောထိုလူအား အားကိုးတကြီးမော့ကြည့်လိုက်သော်လည်း မသဲမကွဲလူရိပ်သာမြင်ရ၏။ ကျွန်တော် ဒီအထဲကထွက်ချင်ပြီ။ ထိုလူသည် ကျွန်တော့်အတွက်ကယ်တင်ရှင်ဖြစ်လိမ့်မည်။

ထိုလူက ကျွန်တော့်အားလက်ကမ်းပေးသည်။ ကျွန်တော်ပျော်ရွှင်စွာဖြင့် ကမ်းသောလက်အားလှမ်းမည်လုပ်စဥ် ထိုလူက လက်ကိုပြန်ရုပ်သိမ်း၍ နောက်ကိုတစ်လှမ်းချင်းဆုတ်သွားသည်။ ဒါဟာ ကျွန် တော့်ကိုထားခဲ့တော့မဲ့အရိပ်အယောင်။

"ဟင့်အင်း မထားခဲ့ပါနဲ့"

တိုးဖျော့သောလေသံကို ထိုလူမကြားနိုင်တော့။ ထွက်သွားလေပြီ။ ကျွန်တော်  ဒီအမှောင်ခန်းတွင်းမှာပဲ တသက်လုံးပိတ်လှောင်ခံရတော့မယ်ဆိုတာ ဘယ်သူကမှလာမပြောဘဲနဲ့အလိုလိုသိသည်။ ဝမ်းနည်းစွာ ရှိုက်ကြီးတငင်ငိုချမိလိုက်ပါတော့သည်။
                                      •••
ကျွန်တော်  ဗြုန်းခနဲမျက်လုံးဖွင့်လိုက်တော့ ဖြူလွှလွှမျက်နှာကျက်ကို မြင်ရသည်။ ဟူး...ဒါအိပ်မက်ပါလား။ နည်းနည်းတော့စိတ်သက်ရာရသွားပြီး သက်ပြင်းတချက်မှုတ်ထုတ်ကာ အိပ်ရာခေါင်းရင်းက မျက်မှန်ထူထူကို လှမ်းယူ တပ်ရသည်။ နံရံကပ်နာရီကိုလှမ်းကြည့်တော့ မနက်ကိုးနာရီ။

ဒီနေ့က ပျော်ရမဲ့နေ့လေးကို ဘာလို့အိပ်မက်ဆိုးနဲ့ စတင်ရတာပါလိမ့်။ ဟုတ်သည် ဒီနေ့က သာမန်နေ့ထက်ထူးခြားကာ ပျော်ရမည့်နေ့လေးပင်။ ပြုံးရင်းနဲ့ပဲ ပါးပြင်ပေါ်က ကျလက်စမျက်ရည်တွေကိုစမ်းမိလိုက်သည်။ ကျွန်တော်အပြင်မှာပါ ငိုမိတာပါလား။

မျက်နှာသစ် သွားတိုက်ပြီး ရေချိူးခန်းကပြန်ထွက်လာတော့ မေမေက ကျွန်တော့်အိပ်ရာကိုသိမ်းနေပြီဖြစ်သည်။ စာကြည့်စားပွဲပေါ်မှာလည်း မနက်စာကအသင့်။ ကျွန်တော်က မနက်စာဖြစ်ဖြစ် ညနေစာဖြစ်ဖြစ် ထမင်းစားခန်းတွင်မစားတတ်၊ ကိုယ့်အခန်းတွင်သာ စားဖြစ်တာ ငယ်ငယ်ကတည်းက အကျင့်လိုဖြစ်နေသည်။

Maniacally In loveWhere stories live. Discover now