ရင်းဆုယဲ့က သံသယမျက်ဝန်းတွေနဲ့ ရွှယ်ယို့ရှန်းကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။

အမြင်အာရုံကင်းမဲ့မှုနဲ့ စွမ်းအင်ကင်းမဲ့မှု၊ ဒီအချက်တွေက ‘ရှေ့ဖြစ်ဟောသူ’ တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက်တွေပဲ။ ဒါပေမဲ့ ကြည့်လိုက်တာနဲ့တင် သိသာလွန်းတယ်လေ။ ရွှယ်ယို့ရှန်းက တစ်ချက်လေးမှ မကိုက်ညီနေဘူး..!

“………”

ရွှယ်ယို့ရှန်းလည်း ‘ကိုယ့်ကျောက်တုံးနဲ့ ကိုယ့်ခြေထောက် ပြန်ပိတယ်..’ ဆိုတဲ့ စကားပုံကို ကောင်းကောင်းကြီး နားလည်သွားတော့တယ်။

ဒီဝတ္ထုကို အကြမ်းရေးခဲ့စဉ်က အဓိကဇာတ်လိုက်ရဲ့ အနောက်ဆောင်ကို ဖြည့်တင်းဖို့ ‘ရှေ့ဖြစ်ဟောသူ’ ကောင်မလေးကို နူးညံ့သနားဖွယ် ချစ်စဖွယ်ကောင်းအောင် ရေးသားခဲ့တယ်။ အဲ့နောက်မှာတော့ ရွှယ်ယို့ရှန်းက အရူးထပြီး ‘ရှေ့ဖြစ်ဟောသူ’တွေအကြောင်း အဲ့လိုမျိုး ထူးထူးဆန်းဆန်းတွေ လိုက်ရေးခဲ့မိတာ ဖြစ်တယ်။

“ဘာလို့ဆို…………. ကျွန်တော်က အထူးလူသားလေ..”

အတော်ကြာအောင် အသံတိတ်နေပြီးမှ ရွှယ်ယို့ရှန်းက ဆင်ခြေအသစ်တစ်ခု ထပ်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဉာဏ်ထက်မြက်မှုကို စိတ်ထဲမှာ အကြိမ်ကြိမ် ချီးမွမ်းမိသွားတယ်။ သူက ထူးခြားတဲ့ တည်ရှိမှုပဲလေ။ အဲ့တော့ သူ့ရဲ့ ဖြစ်တည်မှုက တခြားလူတွေနဲ့ ကွဲပြားနေရမှာပေါ့..!

စာရေးသူတစ်ယောက်အနေနဲ့ သူ့ရဲ့ တခြားစွမ်းရည်တွေမှာသာ အမှတ်နည်းရင်နည်းမယ်။ အဓိပ္ပါယ်မရှိတာတွေ ပြောဖို့နဲ့ တကယ်မရှိတာကို အရှိလုပ်ပြီး ပြောတဲ့နေရာမှာတော့ ဆရာကြီးပဲ။ တခြားလူတွေကို အရူးလုပ်ဖို့ ဘယ်တုန်းကမှ မခက်ခဲခဲ့ဖူးဘူး။

‘အထူး’ ဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက အနည်းငယ် မှေးကျဉ်းသွားပြီး သူ့ရဲ့ အတွင်းစိတ်ခံစားချက်ကို ဖုံးကွယ်ပစ်လိုက်တယ်။

အတိတ်ဘဝတုန်းကဆို သူအမုန်းဆုံးစာလုံး ၃ လုံးက ‘ဟွမ်၊ ပေ့၊ ချန်’ ဖြစ်ပြီး စက်ဆုပ်ရွံရှာဆုံး စာလုံးတစ်လုံးက ‘အထူး’ ဆိုတဲ့ စာလုံးပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now