ရင်းဆုယဲ့က ရတနာတွေကို သူ့ကိုပေးဖို့ ဆုံးဖြတ်ပြီးသားဆိုတော့ ‘ကျွန်တော် ခင်ဗျားအတွက် သိမ်းထားပေးမယ်’ လို့သာ တည့်တိုးသွားပြောရင် လုံးဝလက်ခံမှာမဟုတ်ဘူး။ အဲ့တာကြောင့် ပိုပြီးလိမ္မာပါးနပ်တဲ့ နည်းလမ်းနဲ့ တောင်းဆိုဖို့ ကြိုးစားလိုက်တယ်။

“မလိုဘူး..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ စေတနာကို နည်းနည်းလေးတောင် မစဉ်းစားပဲ ငြင်းပယ်လိုက်တယ်။ ဒီရတနာတွေက သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ပြီးတော့လည်း တခြားလူကို ပေးထားပြီးသားဖြစ်နေတော့ ဘယ်လိုပုံစံနဲ့မှ ပြန်မယူချင်ဘူးလေ။

“ခင်ဗျား ကျိန်းသေပေါက် ဒီရတနာတွေကို လိုအပ်လာလိမ့်မယ်..”

ရင်းဆုယဲ့က ချော့ပြောလည်းမရ၊ ခြောက်ပြောလည်းမရတာကြောင့် ရွှယ်ယို့ရှန်း စိတ်တိုလာပြီး သူ့စိတ်ထဲက အတွေးကို လွှတ်ခနဲ ထုတ်ပြောလိုက်မိတယ်။ သွားပြီ.. ဒီတစ်ယောက်ကို မာမာထန်ထန် ပြောလို့မရဘူး..!

“ဟမ်..?”

ရင်းဆုယဲ့က သူ့ကို အသည်းအသန် ရှန်းပြဖို့ ကြိုးစားနေတဲ့ ကောင်လေးကို လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့အကြည့်တွေက ရုတ်တရက်ကြီး စူးရှလာခဲ့လေတယ်။ အခုလေးတင် ပြောလိုက်တဲ့ ရွှယ်ယို့ရှန်းရဲ့ စကားက တိုက်ဆိုင်မှုသပ်သပ်ပဲလား၊ ဒါမှမဟုတ် တစ်ခုခုကို သိနေတာများလား..?

“ခင်ဗျားရဲ့အိမ်ကို ပြန်ရောက်ရင် ဒီရတနာတွေက ခင်ဗျားအတွက် အရင်းအနှီးဖြစ်လာလိမ့်မယ်.. ရတနာတွေကို သုံးပြီး လူတွေရဲ့စိတ်ကို သိမ်းယူလို့ရတယ်.. မြင်းတွေစုဆောင်းပြီး စစ်တပ်ဖွဲ့စည်းလို့လည်း ရတယ်.. ပြီးတော့ ခင်ဗျားရဲ့ ကျင့်ကြံမှုကိုလည်း မြှင့်တင်လို့ရနိုင်တယ်.. ဒါတွေအားလုံးက ခင်ဗျားရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတွေပဲ..”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ လက်ခံလာအောင် နည်းလမ်းစဉ်းစားနေလေတော့ ရင်းဆုယဲ့ရဲ့ အမူအရာ ပြောင်းလဲသွားတာကို သတိမထားမိခဲ့ဘူး။ ထိုအစား သူ့ကို မယုံဘူးထင်ပြီး လက်ကိုဖြန့်ကာ ရတနာတွေရဲ့ အသုံးဝင်ပုံကို တစ်ခုချင်း ပြောပြနေခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရတနာတွေ ပြန်ယူချင်လာအောင် ရင်းဆုယဲ့ရဲ့စိတ်ကို ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်နေခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!On viuen les histories. Descobreix ara