ခေါင်းမာနေသည့်မေမေ့ကို ကိုယ်ပြောချင်တဲ့ကိစ္စ ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။ ဆက်ပြောနေရင်လည်း ထူးလာမည်မှ မဟုတ်တာ။

ကိုယ့်မှာ အလုပ်ကတစ်ဖက်နဲ့မို့ မအားတာကြောင့် ဘွဲ့ယူဖို့ ကိစ္စအဝဝကို ခင်လေးကိုပဲ အကူအညီ တောင်းခဲ့ရပေသည်။ ဘွဲ့ယူတဲ့နေ့မှာ ဝတ်ဖို့ အဝတ်အစားကအစ ဘေဘီနဲ့ဆင်တူဖြစ်စေရန် ခင်လေးကို ပြောပြထားခဲ့သည်။ အင်္ကျီအပ်သည့်နေ့က ကိုယ်တိုင်းတစ်ခါပဲ လိုက်ပေးပြီး ကျန်တာကို ခင်လေးနဲ့သာ လွှဲထားလိုက်သည်။

သဘက်ခါက Rehearsal နေ့မို့ မနက်ဖြန် ဟင်္သာတကို သွားဖို့ပြင်ရပေသည်။ ဖွားကိုလည်း ခေါ်ရမှာမို့ အိမ်ကကားဖြင့် အတင့်ယောင်္ကျားကို လိုက်ပို့ခိုင်းရပါမည်။ တကယ်တော့ စစ်ပိုင်လည်း ကားမောင်းတတ်ပါသည်။ စိတ်မချလွန်းသည့် ဖွားဖွားက ရှင်ပြုမယ့်ကလေးနဲ့ ဘွဲ့ယူမယ့်ကလေးက အစစ အရာရာ သတိထားရမည်ဟု ပြောကာ ကားမမောင်းခိုင်းတာကြောင့် အတင့်ယောင်္ကျားကို အကူအညီ တောင်းလိုက်ရတာပါ။

"ဖွား မေမေက မလာဘူးလား မသိဘူး"

"လာမှာပေါ့ မြေးရယ်။ ဘယ်အမေကတော့ တစ်ယောက်ထဲရှိတဲ့ ကိုယ့်သားလေးရဲ့ ဘွဲ့ယူမဲ့နေ့မှာ မလာဘဲ နေပါ့မလဲ။ လာလိမ့်မယ် စိတ်သာချနေ"

"လင်းရာနဲ့ ဖွားဖွားရှိတာပဲ သူတို့နဲ့ယူလိုက်လို့ ပြောတယ်"

"မြေး‌အမေကလေ အသက်ကဖြင့် ကြီးနေပြီ ကလေးက ဆန်တုန်း။ ကလေးကို ပြန်ပြီး စကားနာထိုးနေရတယ်လို့"

"မလာရင် ဘယ်လိုလုပ်မလဲ"

"လာမှာ စိတ်ချသာနေ။ မြေးအမေကို မမွေးခဲ့ရပေမယ့် မင်းအဖေနဲ့ညားပြီးထဲက တူတူနေခဲ့ရတာမို့ သူ့အကြောင်းကို နောကြေနေအောင်သိတယ်။ မပူနဲ့ ဖွားကိုယုံ"

"ဟုတ်ဖွား"

တကယ်တော့ ဘေဘီက ကိုယ်ဘွဲ့ယူလို့ တကူးတက လိုက်လာမှာ မဟုတ်ဘဲ သူ့မမား ဘွဲ့ယူလို့ လိုက်လာမှာပါ။ ဒါကို မေမေက အငေါ်တူးနေသည်မို့ အဆင်မပြေပေ။ မေမေလည်း တအားကလေးဆန်လွန်းတယ်။

နောက်တစ်နေ့မှာ ဖွားရယ် ကိုယ်ရယ် အတင့်ယောင်္ကျားရယ် ဟင်္သာတကို ထွက်လာခဲ့ကြသည်။ ဟင်္သာတကိုရောက်တဲ့အခါ ဖွားနဲ့ဦးလေးနဲ့ကို တည်းခိုခန်းမှာ အခန်းငှားပေးခဲ့ပြီး ကိုယ်ကတော့ ဘေဘီ့အဆောင်မှာ လိုက်အိပ်ခဲ့လိုက်သည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now