*သက္ကရာက ကိုကို့ကိုစိတ်ဆိုးနေလို့ စကားပြန်မပြောတာလို့ ကိုကိုကထင်နေတာ.....
တကယ်က လူတိုင်းက သက္ကရာကို စကားမပြောချင်လို့မပြောတာလို့ပဲထင်နေကြတာပဲလေ... သက္ကရာက စကားပြောချင်တယ် စကားမပြောနိုင်တာပါလို့ ပြန်မရှင်းပြဖြစ်တော့ဘူး...ထင်ချင်သလိုသာထင်ကြပါတော့...သက္ကရာရဲ့ဘဝက ထူးပြီးတော့နာစရာလဲမရှိတော့ဘူး *

တွေးလက်စအတွေးများကိုရပ်ကာ ရေတွင်းမှအေးစက်နေသောရေအေးများဖြင့် မျက်နှာကိုပက်ဖြန်းလိုက်သည် ။
မကြာခင် မိုးလင်းတော့မည်ဖြစ်သည် ။
.
.
.
.
.
.
.
.
"သက္ကရာလေး အိပ်ပျော်ရဲ့လား ''

ဥာဏ်မေးတော့ သက္ကရာက ခေါင်းတစ်ချက်ညိတ်ပြသည် ။
ဥာဏ်သက်ပြင်း ခပ်ဖွဖွချမိသည် ။
သက္ကရာစကားမပြောတော့တာ သူ့အပြစ်တွေအများကြီးပါမှန်း ဥာဏ်သိသည် ။

ဘဘုန်းပြောပြချက်အရ သက္ကရာက ကျောင်းမှာအမြဲတန်း အနိုင်ကျင့်ခံရသည်တဲ့လေ ။
ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျောင်းကမပြန်လာရတဲ့နေ့မရှိဘူးလို့ သိချိန်ကဆို ဥာဏ် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ကာယူကြုံးမရဖြစ်ခဲ့ရသေးသည် ။

အခုလည်း ပါးရိုးတစ်ဖက်၌အညိုအမဲစွဲနေကာ နှုတ်ခမ်းထောင့်၌လဲ ပေါက်နေသော ဖြူဖြူစင်စင်မျက်နှာလေးအား ဥာဏ် စိတ်မကောင်းစွာငေးကြည့်နေမိသည် ။

သက္ကရာစကားပြန်ပြောအောင် ဥာဏ်က စကားအများကြီးလျှောက်ပြောသော်လည်း သက္ကရာကတော့ တုတ်တုတ်မျှမလှုပ်ပဲ ကြယ်ကလေးတွေလို တလက်လက်တောက်နေသော မျက်လုံးများဖြင့်သာ ပြန်ကြည့်တတ်သည် ။

သက္ကရာက စကားမပြောတော့သည်အပြင် ခပ်ရေးရေးတောင်မပြုံးပြတော့ပေ ။
တော်သေးသည်က ပကတိကြည်လင်၍ ရွှန်းစိုသော မျက်ဆံနက်လေးနှင့်အတူ ကြယ်ကလေးတွေလို တလက်လက်တောက်နေသော မျက်လုံးကလေးကိုမြင်ရသေးသောကြောင့်သာ ဥာဏ့်အတွက် ကံကောင်းခြင်းပင်ဖြစ်သည်ဟု ဥာဏ်ကသတ်မှတ်ထားသည် ။

မိမိအားကြည့်နေသော အရှေ့မှ သက္ကရာလေး၏ ခေါင်းလေးအား ခပ်ဖွဖွပုတ်ကာဖြင့် ဥာဏ်လဲ မျက်နှာသစ်ရန်ပြင်ရသည် ။
.
.
.
.
.
.
.
ခြံစည်ရိုးမရှိ၍ သွပ်မိုးသွပ်ကာ အိမ်ကလေးများ ​ပြွတ်ကျပ်နေအောင်ရှိသော ကျူးကျော်ရပ်ကွက်ကလေးသို့ ဆွမ်းခံထွက်ခဲ့ကြသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now