ONE - 3

1.1K 252 134
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" မင်းကြီး !! "

ဝတ်လဲတော်အား ကပိုကရို ဝတ်ဆင်ထားကာ ပြေးထွက်လာသည့် အိမ်ရှေ့စံသည် သူတို့သိထားသည့် တည်ငြိမ်လှပြီး အိနြေ္ဒရှိလှသော အိမ်ရှေ့စံမင်းသားမှ ဟုတ်ပါစ။ သူတို့၏အမြင်တွေသည် မည်ကဲ့သို့ ဖြစ်နေကြပါစေ။ အိမ်ရှေ့စံက ဂရုစိုက်မအား။ သူ့အတွေးထဲမှာ ရှိနေတာက တစ်ယောက်တည်းသော သူပါပဲ။

" မင်းကြီးက ညီလာခံ ကျင်းပနေတာပါ အိမ်ရှေ့စံလေး ! "

အနောက်ပါးမှ မမောပန်းဘဲ ပြေးလိုက်လာသူ အထိန်းတော်ချွန်းက ပြောသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အိမ်ရှေ့စံသည် ညီလာခံအတွင်းသို့ ရောက်လို့နေချေပြီလေ။

ညီလာခံဆိုတာကိုလည်း မေ့လို့နေသည်။ မှူးမတ်တွေ၊ သေနာပတိတွေ၊ စစ်သူကြီးတွေ ... အစရှိသူတို့ကိုလည်း သူသည် မေ့လို့နေသည်။

မင်းကြီးသည် လက်မလျော့ဘဲ ထပ်မံ၍ တားဆီးဖို့အတွက် ကြိုးပမ်းရန် ဟန်ပြင်နေသည့် အထိန်းတော်ချွန်းကို တည်ငြိမ်သော မျက်နှာထားဖြင့် လက်ပြလိုက်သည်။ ပြီးနောက် ကျန်ရှိသော ကြောင်အမ်းအမ်း ဖြစ်နေကြသည့် မှူးမတ်၊ သေနာပတိ၊ စစ်သူကြီး ... အမျိုးမျိုးသော သူတို့ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

" ဒီနေ့အတွက် ညီလာခံကတော့ ဒီလောက်ပဲ။ မောင်မင်းတို့ ပြန်လို့ရပြီ။ "

စတောင် မစတင်ရသေးသည့် ညီလာခံကို မင်းကြီးက သိမ်းလိုက်၏။ အကုန်လုံးက မျက်လုံးပြူးသွားကြပေမယ့် မင်းကြီး၏အမိန့်ကို အထွန့်မတက်ကြပေ။ အလျှိုလျှို ပြန်သွားကြသည့် မှူးမတ်များကြောင့် အထိန်းတော်ချွန်းသည် အနည်းငယ် စိတ်သက်ရာရသလို သက်ပြင်းချမိ၏။ ထို့နောက်မှာပဲ သူလည်း အလိုက်တသိဖြင့် ညီလာခံထဲမှ ထွက်သွားပေးလိုက်သည်။ အိမ်ရှေ့စံအနေနဲ့ မင်းကြီးအား ပြောစရာတွေရှိနေမှာ သိပြီးသားကြောင့်ပင်။ သူလည်း အဲ့လောက်တော့ အလိုက်ကန်းဆိုး သိပါသေး၏။

အကုန်လုံး ထွက်သွားကြပြီး ညီလာခံအတွင်း၌ သူတို့နှစ်ဦးပဲ ကျန်ခဲ့ကြတော့မှ မင်းကြီးသည် ပလ္လင်ထက်မှ ချောင်းတစ်ချက် ဟန့်သည်။ တကယ်တော့ စိတ်ထဲမှ ကြိတ်၍ဝမ်းမြောက်နေမိခြင်းပင်။ လက်ဆက်ခြင်းကိစ္စဖြင့် သူတို့ စကားမပြောကြတာ ရက်ပိုင်းမျှ ကြာပြီလေ။ ပထမဆုံးအကြိမ် အိမ်ရှေ့စံနှင့်သူ အချင်းများကြခြင်း။ ပထမဆုံးအကြိမ် အိမ်ရှေ့စံဘက်မှ သူ့အား ဥပေက္ခာပြုထားခြင်း။ ထိုစိတ်တွေကြောင့်ပဲ သည်ရက်တွေထဲမှာ သူသည် နာတာရှည် ရောဂါသည်တစ်ယောက် အသက်မသေသေးဘဲ အိပ်ရာထဲ ဗုန်းဗုန်းလဲနေရသည့် ခံစားချက်မျိုး ခံစားရကာ အလွန်ပင် နာကျင်စရာကောင်းလွန်းလှပါသည်။

One Summer's Poem Where stories live. Discover now