အခန်း ၃

54 12 8
                                    

                မက်မောတောင့်တခြင်း

ကောင်‌လေးနှစ်ယောက်သည် နေ့လယ်က ငွေအကြွင်းအကျန် အနည်းငယ်ကို ရှစ်မန်တင်းရှိ ကာရာအိုကေခန်းတစ်ခုတွင် သုံးလိုက်ကြ၏။

အားဟန့် "ဘတ်ဒ်ဒီ"အမည်ရှိသော ရုပ်ရှင်ကို ကြည့်ဖို့ ရွေးချယ်လိုက်သည်။ ဘတ်ဒ်ဒီက ထိုရုပ်ရှင်ကို အဘယ့်ကြောင့်များ သည်လောက်ထိ မြတ်နိုးရတာလဲဆိုတာ သူ သိချင်မိ၏။

ရုပ်ရှင်ထဲတွင် ဘတ်ဒ်ဒီဆိုသည့် ကောင်လေးသည် လူတွေနှင့် ခပ်ကင်းကင်းနေပြီး ပေါင်းသင်းဆက်ဆံရေးလည်း မကောင်း‌‌ပေ၊ သို့‌သော် သူသည် ငှက်တွေကို စွဲလမ်းနေ၏။ ငှက်တွေအတိုင်း ဘယ်လိုပျံသန်းနိုင်မလဲဆိုတာကိုလည်း နည်းမျိုးစုံ လေ့လာခဲ့သည်။
နှစ်‌ဦးသားတွေ့ဆုံဖို့ ကံအကြောင်းဖန်လာပြီးနောက်တွင် ဘတ်ဒ်ဒီနှင့် တက်ကြွပြီး အပေါင်းအသင်းများသော အယ်လ်သည် တစ်ခဏတာ သူငယ်ချင်းများဖြစ်ခဲ့ကြ၏။ ဘတ်ဒ်ဒီ မည်မျှပင် ဆိုးသွမ်းဆိုးသွမ်း အယ်လ်ဟာ သူ့ဘက်မှာ အမြဲ ရပ်တည်ပေးခဲ့သည်။ ဗီယက်နမ်စစ်ပွဲ ရုတ်တရက် ဖြစ်ပွားလာတာကြောင့် ဘတ်ဒ်ဒီ ရှေ့တန်းသို့ စေလွှတ်ခြင်းခံခဲ့ရ‌လေသည်၊ စိတ်ဒဏ်ရာ‌တွေအပြီး စိတ်တုန်လှုပ်ခြောက်ခြားမှုတွေကိုပါ သူ တွေ့ကြုံခဲ့ရတဲ့ နေရာပေါ့။ သူ၏ ထိခိုက်လွယ်သော စိတ်နှလုံးသည် ထိန်းချုပ်၍ မရတော့သည့်အပြင် စကားလည်း ပြောနိုင်စွမ်း အခွင့်မသာတော့။ သူတစ်ယောက်တည်းလည်း မနေနိုင်တော့ပေ။ ထို့ကြောင့်ပင် ဘတ်ဒ်ဒီကို ဆေးရုံသို့ ပို့လိုက်ကြပြီး အခန်းကျဉ်းလေးထဲတွင် ပိတ်လှောင်ထားလိုက်ကြသည်။

ထိုအခန်းထဲတွင် ဘတ်ဒ်ဒီ စကားမပြော။ ငှက်တစ်ကောင်လိုသာ ခွေနေတတ်ပြီး အိပ်ရာ၏ သံဘောင်ပေါ်တွင် ကုပ်တွယ်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ပြာကြီးကို ငေးကြည့်နေတတ်သည်။

ဘတ်ဒ်ဒီ မူလအခြေအနေအတိုင်း ပြန်ရောက်အောင် ကူညီနိုင်လောက်တယ်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဆေးရုံသည် အယ်လ်ကို ခေါ်ခဲ့၏။ အယ်လ်၏ မျက်နှာသည်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲအတွေ့အကြုံများ‌ကြောင့် အမာရွတ်ဗရပွ။ ဘတ်ဒ်ဒီနှင့် ပြန်တွေ့သည့်အခါမှာတော့ ငယ်ဘဝအမှတ်တရများက သူ၏ စိတ်ကို တစ်ဖန်ပြန်လွှမ်းမိုးသွားခဲ့ပုံပင်။ ဘတ်ဒ်ဒီ၏ အခြေအနေတိုးတက်ကောင်းမွန်လာဖို့အတွက် အယ်လ် ကြိုးစားခဲ့သည်၊ သို့သော် သူသိလိုက်ရတာက ဘတ်ဒ်ဒီတွင် ဆန္ဒအိပ်မက်တစ်ခုသာရှိ၏၊ ထိုအိပ်မက်သည်ကား သူ့ကိုအကျဉ်းချထားသည့် လှောင်အိမ်ကြီးထံမှ ထွက်‌ပြေးလွတ်မြောက်ပြီး ငှက်ကလေးတွေလို မိုးကောင်းကင်အနှံ့ ပျံသန်းသွားရန်ပင်။

Your name Engraved Herein (Mm Trans)Where stories live. Discover now