" ရှောင်းလီ....."

အဆင်ပြေရဲ့လားလို့ မေးမလို့လုပ်ချိန် ရှောင်းလီရဲ့မျက်လုံးတွေက နိုးတစ်ဝက်ပွင့်တစ်ဝက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ နေမကောင်းဖြစ်နေတာကြောင့် သူ့နှုတ်ခမ်းနည်းနည်းဟလိုက်တာနဲ့ ပူနွေးနေတဲ့ လေတွေထွက်လာတယ်။ ချီရှို့ယွမ် ထိုအခြင်းအရာကို တစ်ခဏလောက် ငေးမောနေမိတယ်။

ရှောင်းလီ တစ်ကိုယ်လုံးတောင့်တင်းနေကာ သူ့မျက်စိရှေ့က အရာအားလုံးဝေဝါးနေပြီး လီရှီချင်းလို့ထင်ရတဲ့ ပုံသဏ္ဍာန်တစ်ခုက သူ့မျက်နှာနားကပ်လာနေတယ်။ အဲ့ဒီအခိုက်အတန့်မှာ သူ့ဗိုက်က ထိုးအောင့်လာပြန်တယ်။ ထို့နောက် ချောင်းခြောက်အနည်းငယ်ဆိုးကာ ရွံရှာမုန်းတီးစွာ ပြောဆိုလိုက်တယ်။

" ဖယ်စမ်းကွာ။ "

အပြစ်ရှိသလိုခံစားရမိတဲ့ ချီရှို့ယွမ်လည်း သူ့လက်တွေကိုခါးပေါ်က ရုတ်သိမ်းကာ ရှောင်းလီကို ဂရုတစိုက်နဲ့နေရာချပေးပြီး ခါးပတ်ပတ်ပေးလိုက်တယ်။ အဲ့ထိအချိန်ထိ ရှောင်းလီကို နောက်ထပ် တစ်ချက်လေးမှ ငဲ့စောင်းလို့ပင် မကြည့်ရဲ့တော့။

ကားမောင်းနေစဉ်တစ်လျှောက်လုံး ချီရှို့ယွမ်ရင်ထဲမှာ မိုးကြိုးပစ်သလို မရပ်မနား ဝုန်းဒိုင်းကြဲနေတယ်။ စိတ်လှုပ်ရှားမှုရယ် စိတ်ပျက်မှုရယ် ရောနှောကာ သူ့ကိုတစ်လှည့်စီအရူးလုပ်ရင်း လွှမ်းမိုးနေတယ်။ ကားမှန်တံခါးကိုချကာ ပြင်ပကလေအေးတို့ သူ့ကိုယ်ပေါ် တိုးဝင်လာတော့မှ အတွေးတို့လည်း ချုပ်ငြိမ်းတော့တယ်။

ရှောင်းလီကို ကျောပေါ်တင်လို့ အဝင်ဝဆီအသွား သူရယ်လိုက်ကာ ပြောမိတယ်။

" ကိုယ်မင်းကို ကျောပိုးရတာ ဒါနှစ်ကြိမ်မြောက်နော်။ "

ရှောင်းလီက ရုတ်တရက် ရွေ့လျားမှုကြောင့် ခေါင်းက အနည်းငယ်ကြည်လင်နေပြီဖြစ်တယ်။ ချီရှို့ယွမ် ပြောစကားတို့ကိုကြားတဲအခါ သူလေသံလို အသံတိုးဖျဖျလေးနဲ့ ' အင်း ' လို့ပြန်ပြောတယ်။

အချိန်က သန်းခေါင်ယံဖြစ်လုနေလေပြီ။

ဒီအချိန်ဆို သူ့ညီမအိပ်နေလောက်ပြီလို့ ချီရှို့ယွမ်တွေးဆမိလို့ သူ့သော့သူထုတ်ပြီး တိုက်ခန်းတံခါးကို ဆူဆူညံညံမဖြစ်ရလေအောင် အသာလေးဖွင့်လိုက်တယ်။ တိုက်ခန်းထဲရောက်ချိန် မြင်ရသမျှ မည်းမည်းမှောင်နေပေမယ့် ရှောင်းလီကို တိတ်တိတ်လေး သူ့အခန်းထဲ တဖြည်းဖြည်းဆွဲခေါ်ပြီးမှ မီးခလုတ်တွေဖွင့်ရဲတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now