ထိုသို့ပြောပြီး စာအိတ်ကို ဖွင့်လိုက်တယ်။

" ဒီမှာ....စမ်းသပ်ခန်းက ဆေးစစ်ချက်ကို မင်းကြည့်လို့ရတယ်။ ဟိုနေ့က မင်းရဲ့သွေးစစ်ချက်တွေလေ။ "

ရှောင်းလီ အခက်တွေ့ကာ အနားကိုတိုးကပ်ကြည့်လိုက်ပြီးနောက်...

" အရာရှိဝူ...ကျွန်တော် ကြည့်နေတာ ဘာတွေလဲဆိုတာ တကယ်နားမလည်တာပါ။ "

" မင်း ကိန်းဂဏန်းတွေနားမလည်ရင်တောင် အောက်က သုံးသပ်ချက်တော့ဖတ်ကြည့်ကွာ။ "

ဝူချင်းဟွာက မျက်လုံးပြူးကာ အောက်ခြေနားမှာရှိတဲ့ သုံးသပ်ချက်ကိုပြပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြလေတော့တယ်။

" ဤဓာတုဒြပ်ပေါင်းသည် အကြောကိုထုံထိုင်းစေနိုင်ပြီး စိတ်ကိုထွေပြားစေကာ ကိုယ်ခန္ဓာကို ထိန်းချုပ်ရခက်စေနိုင်သည်။ ဤနယ်မြေတွင် အလွန်တွေ့ရခဲသော်လည်း တခြားဒေသများနှင့်တောင်ပိုင်းနယ်မြေတချို့တွင် အလွန် အသုံးများကာ လူသိများသည်......"

ထို့နောက် နောက်ပိုင်းကိုဆက်မဖတ်ခင် ဝါးလုံးကွဲရယ်လေတယ်။

" အသုံးများသောနေရာများမှာ ဘားများ ကလပ်များတွင်ဖြစ်သည်။ ဟားဟားဟားဟား........ဘာလို့ ဒီကိစ္စကို အစဖော်ရခက်သလဲမှတ်တယ်။ လက်စသတ်တော့ သူတို့က မင်းကိုတည့်ဆော်လိုက်တာပဲ။ "

အခန်းထဲက အလင်းရောင်က သူ့မျက်နှာပေါ်က အမူအရာ အသေးစိတ်ကိုသာမဖုံးကွယ်ထားဘူးဆိုရင် ရှောင်းလီမျက်နှာမဲမှောင်လာတာကို မြင်တွေ့ရမှာပင်။ သူ့တစ်ကိုယ်လုံးက သွေးကြောတွေတောင် ထောင်လာသလိုပဲ။ သို့သော်လည်း ခပ်ယဲ့ယဲ့ပြုံးကာ ထိုလူရဲ့ ကျယ်ကျယ်လောင်လောင် စနောက်ရယ်မောမှုကို ခွင့်ပြုပေးထားရတယ်။

ဝူချင်းဟွာ ခွက်ထိုးခွက်လန် ရယ်မောနေရင်းမှ တစ်ခုခုကို သတိရမိသွားတယ်။ ခေါင်းကိုအောက်စိုက်ပြီး စာရွက်ပုံကြားထဲက ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်တယ်။

" ဒီ ကယ်တင်ရှင် သူရဲကောင်းကရော ဘယ်သူများလဲ။ "

ရှောင်းလီ ဓာတ်ပုံကို ယူကြည့်လိုက်တော့ အောင်မြင်ခြင်းကမ္ဘာနားက ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာကနေ ရိုက်ထားတဲ့ပုံဖြစ်နေတယ်။ ပုံအရည်အသွေးက သိပ်မကောင်းဘူးဆိုပေမယ့် ချီရှို့ယွမ်သူ့ကို သယ်ပိုးပြီး ကားငှါးနေတဲ့ပုံဆိုတာကိုပြောနိုင်လောက်အောင် ကြည်နေသေးတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now