ဟန်သာနဲ့ အရင်တခါ ကိစ္စဖြစ်ပြီးကတည်းက မတွေ့မိ။ ဝေက ရှောင်နေတာကြောင့် ဖြစ်နိုင်သလို သူကိုယ်တိုင်ကလဲ ဝေ့ရှေ့သို့ ပေါ်မလာခဲ့ပါ။

ဒီလိုဆိုတော့လဲ လွမ်းမိပြန်ပါသည်။ သူ့အတွက် ဝေဟာ ဒီလောက်ပဲဆိုတဲ့ အမှန်တရားကရင်ကို နင့်နေအောင် နာကျင်စေမိပြန်သည်။

အတွေးတို့နဲ့ ငေးနေမိရင်း နာရီကို ကြည့်မိတော့မှ သွားပြီ။ ဝေ ကျောင်းနောက်ကျတော့မည်။

ဝုန်းကနဲထပြီး အမြန်ပြင်ဆင်ရင်း ကျောင်းကို သုတ်ခြေတင် ပြေးရတော့သည်။

သောကြာနေ့
သုတမွေးနေ့ ဘုရားသွားမည်ဟု ပြောထားတာကြောင့် ဝေ စောစောထပြီး ပြင်ဆင်နေမိသည်။

ခနနေတော့ message၀င်လာတာကြောင့် ဖတ်ကြည့်လိုက်တော့ “ကျနော် ရောက်ပြီ”တဲ့

“အခု ဆင်းလာခဲ့ပြီနော်”လို့ စာပြန်ပို့ရင်း ဝေ နောက်ဆုံး အဆုံးသတ် မှန်ထဲမှာ တချက်ကြည့်ရင်း အဆင်ပြေပြီဟု ထင်တာမို့ ဆင်းလာခဲ့သည်။

သုတနဲ့ ဘုရားသွားပြီးအပြန် ကျောင်းကို တခါတည်း သုတက လိုက်ပို့သည်။ သူကတော့ ဒီနေ့တရက် ကျောင်းလစ်မည်တဲ့လေ။

“ကဲ ရောက်ပြီ ။ ညနေ တွေ့မယ်နော် ဝေ”

မနက်စောစော ထထားတာကြောင့် အိပ်ချင်နေသည့်ဝေမှာ ကားမောင်းနေသည့်သူ့ကိုမှ အားမနာ အိပ်ပျော်သွားသည်ထင်ပါရဲ့။

သုတအသံကြားမှ နိုးလာသည်။

ရှက်ကိုးရှက်ကန်းနဲ့ ရယ်လိုက်ရင်း “အဟီး ဝေ အိပ်ပျော်သွားတယ်။ ညနေမှတွေ့မယ်နော်”

“ကျနော့ကြောင့် အိပ်ရေးပျက်တာကို အားနာမိပေမဲ့ ဒီနေ့အတွက် တကယ်ပျော်ပြီး ကျနော့အတွက် တကယ် အဓိပ္ပါယ်ရှိတဲ့ မွေးနေ့လေးဖြစ်သွားတာမို့ ပိုပျော်တယ်”

သုတ စကားကြောင့် ဝေ ဘာပြန်ပြောရမှန်း မသိဘဲ ဆံပင်ကိုပဲ သပ်တင်လိုက်ရင်း “သွားတော့မယ်နော်”လို့ ဆိုပြီး ကားပေါ်က ဆင်းခဲ့လိုက်သည်။

သုတကားထွက်သွားတာကို ရပ်ကြည့်နေလိုက်ရင်း ဒီဘက်လှည့်လိုက်တော့ ဟန်သာ။

ဝေ့ကို စိုက်ကြည့်နေတာကို မသိချင်ယောင်ဆောင်ရင်း သူ့ဘေးက ဖြတ်လျှောက်တော့ ဝေ့လက်ကို ဆွဲဖို့ ပြင်ပြီးမှ ဘာမှမလုပ်တော့ဘဲ ဝေ့ကို မျက်နှာလွှဲပြီး ခေါင်းကို ငုံ့ချပစ်လိုက်သည်။

ဒီနေ့ ညနေ သုတ‌မွေးနေ့ပွဲမှာ သူနဲ့ တွေ့ရဦးမည်ထင်သည်။ ဟန်မပျက်စေဖို့ ဘယ်လိုစိတ်မျိုးနဲ့ ဝေဆက်ဆံရပါမည်လဲ။

ဝေ သူ့ကို ကျော်လာပြီးမှ “ဝေ”ဆိုပြီး သူ့ဆီက အသံထွက်လာသည်။ လှည့်မကြည့်စမ်းနဲ့ ဝေလို့ ဦးနှောက်က ဆုံးဖြတ်ပေမဲ့ မရခဲ့ပါ။ ဝေ လှည့်ကြည့်လိုက်သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now