သုတရယ်သံကို မမကြားသွားမှာစိုးလို့ ဝေလဲ နှုတ်ခမ်းပေါ့် လက်ညှိုးတင်ကာ ရှူးလို့ လုပ်ပြရသည်။

သုတက ပါးစပ်ကို လက်နဲ့ပိတ်ရင်း ဟုတ်လို့ တိုးတိုးလေးပြောတော့ ဝေတို့နှစ်ယောက်လုံး ရီမိကြသည်။

ဝေတို့ရယ်တော့ မီးမီးက နှစ်ယောက်လုံးကို ကြည့်ရင်း ပါးစပ်လေးကို လက်လေးနဲ့ကာကာ တခိခိနဲ့ လိုက်ရယ်သည်။‌

ဝေလဲ မီးမီးကို ပွေ့ချီရင်း “ချစ်စရာကောင်းလိုက်တာ”ဆိုပြီး ပါးလေးကို နမ်းလိုက်တော့ သုတကလဲ ငေးကြည့်ရင်း “ဟုတ်တယ် ချစ်စရာလေး”ဆိုပြီး တိုးတိုးလေး ရွတ်လိုက်မိသည်။

ကလေးလား လူကြီးလားဆိုတာတော့ သုတကိုယ်တိုင်ပဲ သိမည်လေ။

“ဒါနဲ့ သုတက မမနဲ့ ဘယ်လိုသိတာလဲ?”

“မမနဲ့ထက် ကိုလတ်နဲ့ သိတာပါ။ အလုပ်ကိစ္စလေးနဲ့ ၀င်ထွက်ရင်း မမနဲ့ပါ သိသွားတာ”

“ဪ ဝေက မမညီမလေ။ မောင်နှမသုံးယောက်ရှိတာမှာကိုကိုကြီးက နယ်မှာ မိဘတွေနဲ့အတူတူနေပြီး မိဘစီးပွားရေးလုပ်တယ်။ မမက ကိုလတ်နဲ့ အိမ်ထောင်ကျတော့ ရန်ကုန်လိုက်နေတယ်လေ။အဲ့တာနဲ့ ဝေလဲ ရန်ကုန်မှာ ကျောင်းတတက်ချင်တယ်ဆိုပြီး လိုက်လာတာ”

တံခါးဖွင့်သံကြောင့် ဝေရော သုတရော လှည့်ကြည့်တော့ ကိုလတ်။

ကိုလတ်က ဝေတို့နှစ်ယောက်ကို မြင်တော့ အံ့ဩသွားသည်။

“‌ဟော ဝေရောက်နေတယ်။ သုတရေ sorryကွာ နည်းနည်းနောက်ကျသွားတယ်။ ခင်ရော?”

ကိုလတ်ရဲ့ တရစပ်စကားတွေကြောင့် ဝေက ရယ်မိရင်း
“မမက မီးဖိုချောင်ထဲမှာ”

“ကျနော်ရောကိတာ မကြာသေးဘူး ရပါတယ် ကိုလတ်ရဲ့ အားမနာပါနဲ့”
အခုလို နောက်ကျတာ ကျနော်က ပို၀မ်းသာပါတယ်လို့ စိတ်ထဲက တွေးမိတာကိုတော့ ကိုလတ်က ကြားမည်မထင်ပါ။

ကိုလတ်အသံကြောင့် မမက မီးဖိုချောင်ထဲကနေ"ကို နောက်ကျတယ်နော်၊ ဧည့်သည်ကို အိမ်မှာ ချိန်းထားပြီး အားနာစရာ”လို့ လှမ်းအော်သည်။

သုတလဲ “ရပါတယ် မမရဲ့ ကျနော်က စောထွက်ခဲ့တာကြောင့်ပါ”လို့ ပြန်အော်လိုက်သည်။

မမစကားကြောင့် ကိုလတ်ကလဲ “အင်းပါ ခင်ရာ အချိန်မှီထွက်ခဲ့တာပဲ။ကားလမ်းတွေက ပိတ်နေလို့ပါ။ ဒါနဲ့ ဝေနဲ့ သုတက သိပြီးသားတွေလား?”

“ဟုတ်တယ် ကိုလတ် ၊ အရင်တခါက ဟန်သာ့ကို ပစ္စည်းပို့ခိုင်းတုန်းက ဟန်သာက ကျနော့အိမ် ပို့ခိုင်းတာလေ။ အဲ့တာ ဝေလာပို့တာ။ ဟန်သာနဲ့ ဝေနဲ့က တကျောင်းတည်းဆိုတော့ ပိုခင်သွားပြီး ကျနော်လဲ ကျောင်းအလည်သွားတော့ ဝေနဲ့ နည်းနည်းရင်းနှီးသွားတာ”

သုတဆီက ဟန်သာဆိုသည့် နာမည်ကြောင့် ဝေ့ရင်ထဲ ဆစ်ကနဲ နာသွားသည်။

“ဟန်သာနဲ့ ပိုမခင်ပါဘူး။ မျက်မှန်းတန်းမိရုံ မေးထူးခေါ်ပြောပါပဲ” ဝေ့ဆီက အသံကြောင့် သုတကြည့်မိတော့ ဝေ့မျက်နှာမကောင်းပါ။ ဟန်သာနဲ့ ဘာကိစ္စဖြစ်ထားသည်မသိ။

“ဪ ကောင်းတာပေါ့။ သုတလဲ ဝေအကူအညီလိုတာရှိရင် တခုခု ကူညီလိုက်ပါဦးကွာ။ အကိုကလဲ မအား။ သူ့အမကလဲ ကလေးငယ်နဲ့ ဝေလဲ အကိုတို့ အားကိုးပြီး ရန်ကုန်လာပြီးမှ အကိုတို့ကို အားမကိုးရဘဲ အကိုတို့ကပဲ အားကိုးနေရတယ်”

“ရတာပေါ့ ကျနော်က ကူညီဖို့ အသင့်ပဲ။ဝေသာ တခုခုဆိုကျနော့ကို အကူအညီတောင်း ဟုတ်ပြီလား။ အပြင်သွားချင်လို့ အဖော်လိုချင်တာကအစ ကျနော့ကို ပြော နော်”

“ဟုတ်ကဲ့ပါ သုတရဲ့”

“ ဟော ဝေ၊ ကျနော်တို့ အရေးကြီးတာ မေ့တော့မယ်”

“ဟင် ဘာကိုလဲ”

“ဖုန်းနံပါတ် လဲကြမယ်လေ ပြီးတော့ FB acc addရမယ်”

သုတစကားကြောင့် ဝေလဲ ရယ်လိုက်ပြီး “ဟုတ်ပါပြီ သုတရယ်”လို့ ပြောလိုက်သည်။

မီးဖိုခန်းထဲက ထွက်လာသည့် မမကို ကိုလတ်က ဝေတို့ကို မျက်စပစ်ပြတာကို မမက မျက်စောင်းထိုးပြသွားတာကိုတော့ ဝေတို့နှစ်ယောက် မသိလိုက်ပါ။ ဖုန်းနှစ်လုံးနဲ့ အလုပ်ရှုပ်နေကြသည်လေ။











မတူညီသော ဆုံမှတ်များWhere stories live. Discover now