သုတကို ကြည့်နေသည့် ချယ်ရီ့မျက်၀န်းတို့တွင် အရိပ်တခု ဖြတ်ပြေးသွားသည်။

ဒါပေမဲ့ ချယ်ရီက ဟန်ဆောင်ကောင်းသည်။ ချက်ချင်းပဲ ပုံစံကို ပြန်ပြင်လိုက်သည်။

ဟန်သာက သတိထားလိုက်မိပေမဲ့ မဲ့ပြုံးပဲပြုံးလိုက်မိပြီး ခုံပေါ်က ဆေးလိပ်နဲ့ မီးခြစ်ကို လှမ်းယူလိုက်သည်။

“ဟာ ဆေးလိပ်မသောက်စမ်းနဲ့”

သူ့ဘက်ကို တချက်လှည့်ပြောပြီး သုတဘက်ကို လှည့်ကာ

“နင်က ဘာလို့သိချင်တာလဲ ၊ နင် ဘယ်မိန်းကလေးအကြောင်းမှ အဲ့လောက်မသိချင်ပဲနဲ့ အခုကျ ဘာလို့သိချင်တာလဲ” ဆိုပြီး ချယ်ရီ မေးခွန်းတွေထုတ်တော့သည်။

“စိတ်၀င်စားလို့ပေါ့” သုတအဖြေကြောင့် ချယ်ရီ မျက်နှာပျက်သွားသည်။

“ဒါနဲ့ ဟန်သာ ၊ အဲ့ကောင်မလေးက တမျိုးလေးနော် ၊ ငါက နင်နဲ့တွဲနေတယ်လို့ပြောတာကို ခေါင်းတခါခါ လည်တခါခါနဲ့ ငြင်းတာ၊ ငါတွေ့ဖူးသမျှ ဟန်သာနဲ့ တွဲနေတာလေလို့ ပြောလိုက်ရင် ပြုံးပြီး ငြိမ်ခံနေတဲ့သူတွေချည်းပဲ၊ အင်းးးး ဟန်သာ မရတဲ့ ပထမဆုံးမိန်းကလေးဖြစ်မလား”

“မရခဲ့ဘူးဆိုရင်တောင် ဒုတိယမိန်းကလေးပဲ ဖြစ်မှာပေါ့”ဟန်သာ တိုးတိုးလေး ရွတ်မိလိုက်သည်။

“ဟင် ဘာရယ်၊ အာ့ဆို ပထမက ဘယ်သူလဲ”

ဟန်သာ ရယ်လိုက်ရင်း “မသိဘူးလေ”

“မသိစရာလား ၊ နင့်အကြောင်းလေ”

“နင်ကလဲ မဖြေချင်ရင် မမေးနဲ့လေ” သုတစကားကြောင့် ချယ်ရီက

“ဘာလဲ ငါပဲ အဲ့ဒီအကြောင်း သိချင်နေတာလား ? ဒါမှမဟုတ် ငါပဲ အဲ့ဒီအကြောင်း မသိတာလား?”

“နှစ်ခုလုံးပဲ” သုတ အဖြေကြောင့် ကျောပေါ်ကို ဘုန်းကနဲ ရိုက်ချက်တခုကို လက်ခံရလိုက်သည်။

“နင်တို့က အမြဲတမ်း ငါ့ဆို လျှို့ဝှက်ချက်တွေနဲ့ ၊ မပြောလဲ နေကြ ၊ မသိချင်ဘူး”

စိတ်ကောက်သွားသည့် ချယ်ရီ့ကို ကြည့်ပြီး သူတို့နှစ်ယောက်ရယ်လိုက်တာမို့ ချယ်ရီက မျက်စောင်းထိုးပြီး ခြေဆောင့်ကာ ထွက်သွားတော့သည်။

ယောင်္ကျားလေးနှစ်ယောက်ကြားက မိန်းကလေးမို့ အချော့ခံရသည်ဆိုသည်မှာ ချယ်ရီ့ရာဇ၀င်တွင် မရှိခဲ့ဖူးပေ။

ချယ်ရီတို့ သုံးယောက်စခင်တာကိုက ချယ်ရီက အရင် မိတ်ဆက်ခဲ့ရတာမို့လေ။

ဟိုးလွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့၊ ကိုးတန်းကျောင်းသူ ချယ်ရီတယောက် အိမ်ပြောင်းလာခဲ့ရင်း ဘေးအိမ်က အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ မျက်နှာချိုချို ကောင်လေးတစ်ယောက်ကို စတွေ့သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now