Unicode Version

128 15 0
                                    

ဆောင်းလေအေးအေးနှင့် နေခြည်နွေးနွေးတို့က အချိုးညီစွာ ပေါင်းစပ်ထားသောကြောင့် နေ၍ထိုင်၍ကောင်းသော ရာသီဥတုဟု ဆိုနိုင်လေသည်။ နေ့လည်ခင်းဖြစ်သောကြောင့် မြူများလည်းဆိုင်းမနေ။ ဥယျာဉ်တော်ရှိ ကြာကန်ကြီးဘေး ပတ်ပတ်လည်မှ ချယ်ရီပင်ကြီးများကလည်း ဝေဝေဆာဆာဖြင့် ပွင့်လန်းနေကြသည်။ လေတစ်ချက်အဝှေ့တွင် ပွင့်ချပ်လေးများက မြေပေါ်သို့လျှောကျသက်ဆင်း သွားကြလေသည်။ မြက်ခင်းလေးတွေကလည်း နှင်းရည်ဝနေသဖြင့် စိမ်းစိုနေကြသည်။ ဆောင်းဝင်လာပြီဖြစ်သောကြောင့် ကျေးငှက်တို့၏ တေးသီသံများကိုတော့ ယခင်နွေဦးတုန်းကလို မကြားရတော့။ ရေကန်ကြီးဘေးရှိ ဇရပ်အတွင်းက ကျောက်သားစားပွဲခုံလေးတွင် ထိုင်နေသော ထိုသူတစ်ဦးထံမှ ကဗျာရွတ်ဆိုသံခပ်တိုးတိုးသာလျှင် ဥယျာဉ်တစ်ခုလုံး၌ ပျံ့လွင့်နေခဲ့သည်။ ထိုသူက သူ၏ ယောကျာ်းပီသသော ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းပေါ်တွင် ပုလဲဖြူရောင် ပိုးသားဝတ်ရုံရှည်ကြီးကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။ သူ၏ နက်မှောင်ရှည်လျားသော ဆံနွယ်တွေရဲ့တစ်ဝက်ကိုတော့ ဘော်ငွေရောင်ဆံထိုးဖြင့် အပေါ်ဘက်တွင်ထိုးချည်ထားပြီး ကျန်တစ်ဝက်ကတော့ ကျောလယ်အထိ ဝေ့ဝဲကျနေလေသည်။ နှာတံပေါ်ပေါ်ဖြင့် ညှို့ဓာတ်ပြင်းသော မျက်ဝန်းမျက်ဖန်တို့က လှပသောမျက်နှာကျပေါ်တွင် ပနံသင့်နေလေ၏။ နတ်ပြည်နတ်ရွာမှ သက်ဆင်းလာလေရော့သလား..

"မီးပုံးနီနီလေးတစ်လုံး
မင်းလေးရဲ့ အကြည့်တစ်ချက်
ကိုယ်မျှော်လင့်ခဲ့မိတဲ့ အနမ်းတစ်ပွင့်
မင်းလေးကတော့ ဘယ်သိလေပါ့မလဲ
တကယ်ပါ
မင်းလေးကို ညအမှောင်ယံမှာ အလင်းပေးနိုင်မယ့်
မီးပုံးနီနီလေးသာဖြစ်လိုက်ချင်ပါရဲ့"

စာရွက်ပေါ်မှ ခုလေးတင် ရေးဆွဲလိုက်သည့် ကဗျာစာလုံးလှလှလေးတွေကို ကြည့်ရင်း ကျေနပ်အားရသောအပြုံးလေးကို သူ့ရဲ့ အနီရောင်ရင့်ရင့် နှုတ်ခမ်းဖူးဖူးလေးတွေက ဖန်တီးလိုက်မိသည်။ ထို့နောက် စားပွဲပေါ်တွင်ချထားသော ကလောင်တံကို ပြန်ယူလိုက်ပြီး အဆုံးသတ်အနေနှင့် သူ့နာမည်ကို ကဗျာစာလုံးလေးတွေရဲ့ အောက်တွင် ရေးသားလိုက်လေသည်။

The Red LanternWhere stories live. Discover now