သူ့ဘက်မှ လွန်းမောင်အား အရင်ကျောခိုင်းပစ်လိုက်ပါသည်ဆိုဦးတော့ လွန်းမောင်ဘက်က သူ့အား အတင်းတွယ်ကပ်နေသင့်သေးသည် မဟုတ်ပါလားဟူ၍လည်း တွေးနေမိပါသေးသည်။

မိမိဆန္ဒမပါလျှင်တောင် မိမိ၏လက်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ဤပတ်ဝန်းကျင်နှင့် ဝေးရာဆီ အတင်းအဓမ္မခေါ်ဆောင်သွားပေးသင့်သည် မဟုတ်ပါလား။

မောင်ဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်တာပဲ။

မြတင့်ဘက်မှ သွေးအေးပစ်လိုက်သည်နှင့် အလိုလိုအေးစက်သွားကြမည့် ဆက်ဆံရေးများသာ ဖြစ်၏။ ထွက်သွားလို့ ပြောလိုက်သည်နှင့် တကယ်ထွက်သွားကြမည့် သူများသာဖြစ်၏။

နောက်ဆုံးတော့ မြတင့်၏ ဘဝတွင် မြတင့်တစ်ယောက်သာ ကျန်ရစ်ခဲ့ရသည်။

မြတင့်မှာ လွန်းမောင် ထွက်ခွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

မောင် မြကို စိတ်ကုန်သွားပြီလား။

ဤမေးခွန်းအား အဖြေပေးမည့်သူ မရှိ။

မောင် စိတ်ကုန်သွားလည်း ကုန်ပါစေတော့။

မောင်ကတော့ မြရောဂါတွေကို မသိလည်း ဖြစ်ပါတယ်။

မောင့်ကို နောက်ဆံမတင်းစေချင်ဘူး။

မောင့်ဘဝဟာ မြမပါလည်း လှနေဦးမှာပါ။

သို့နှင့် မြတင့်သည် အိမ်ထဲ ပြန်ဝင်လာခဲ့ပါ၏။ မြတင့်သည် ကုတင်ပေါ်တွင် အသာလဲလျောင်းရင်း တင်းထားသမျှသော စိတ်အစဉ်တို့ကို လွှတ်ချပစ်လိုက်ပါ၏။

မြတင့်ထံတွင် ဘယ်သူမှမရှိတော့။ တဆစ်ဆစ်နာကျင်နေသော ဝေဒနာတို့သာ ရှိတော့၏။ ထို့နောက် မြတင့်သည် သည်းထန်စွာ ချောင်းဆိုးလာ၏။

နီညိုရောင်ပုဝါလေးကို မသုံးဘဲ အဖြူရောင်ပုဝါလေးကို သုံးလိုက်ပါသောကြောင့် ပါးစပ်မှ ထွက်အံကျလာလေသော သွေးစတို့အား ထင်ထင်ရှားရှားတွေ့လိုက်ရပါ၏။

သွေးတွေမှာ မနည်းမနော။ ထို့အပြင် မဲညစ်နေသည်။ ချောက်ချားစရာကောင်းလွန်းလှ၏။ သို့ရာတွင် အနားမှာ ဘယ်သူမှ ရှိမနေခဲ့။ သူ၏ ဝေဒနာတို့အား နှစ်သိမ့်ပေးမည့်သူ မရှိ။ မြတင့်အနားတွင် မြတင့်တစ်ယောက်သာ ရှိ၏။

မြတင့်Where stories live. Discover now