Part 11 Final

229 15 1
                                    

စံပြ
အပိုင်း(၁၁)ဇာတ်သိမ်း
06050545
"ဟင်.."
ဇော်မောင် အိမ်ရှေ့ခန်း ဘီဒိုလေးဆီ အကြည့်ရောက်တာနဲ့ မျက်လုံးပြူးသွားသည်။
ခရိးသွား အမှတ်တရ ပစ္စည်းတွေ အကုန်ပျောက်ပြီး ဘီဒိုက ဟင်းလင်းဖြစ်နေသည်။
အခန်းထဲကို ရောက်သွားတော့ မင်္ဂလာ ဓာတ်ပုံလည်း ဖြုတ်ထားသည်။
"ငုဝါ…မိန်းမ…"
"……….."
"မိန်းမ…."
ဇော်မောင် သွေးရူးသွေးတန်းဖြင့် ပြေးထွက်လာချိန် ရေခွက်ကိုင်ထားသည့် ငုဝါကို တွေ့မှ အရှိန်သတ်လိုက်ရသည်။
"မောင်တို့ ဓာတ်ပုံတွေကော.."
"ကျက်သရေ မရှိလို့ ဖြုတ်လိုက်တာ…"
"ငုဝါ…မင်း စိတ်ဆိုးတာ မောင် နားလည်တယ်..ဒီလို လုပ်စရာ မလိုဘူး…ဒီဓာတ်ပုံက မောင်တို့ အတွက် ဘယ်လောက် အဖိုးတန်လည်း မင်းအသိဆုံးနော်.."
"အရင်က တန်ဖိုး ရှိရင် ရှိမှာပေါ့..ခုတော့ လူအစစ်တောင် တန်ဖိုးမရှိတော့ဘူး.."
"ကျစ်…ဒါဆို ဘီဒိုထဲက ပစ္စည်းတွေပါ သိမ်းလိုက်တာလား.."
'အကုန်လုံး လွင့်ပစ်လိုက်ပြီ..'
"ဘာ…"
ဇော်မောင် ဒေါသ ဖြင့် အော်လိုက်တော့ အကြည့်စူးစူးဖြင့် တစ်ချက် ကြည့်သည်။
"နင့်ကို ခဏ စိတ်ဆိုးနေတယ်လို့ ထင်နေလို့လား…"
"ဟင်း…ထားလိုက်ပါတော့ နောက်အပတ် Ani ပွဲအတွက် အရင် ဆိုင်က မရလို့ မောင် ---ဟိုတယ် မှာ ငှားထားတယ်.."
'နင် ရူးနေလား…ကွာရှင်းဖို့ပြောနေတာကို Ani တဲ့ ရူးနေလား.."
"ဟုတ်တယ်ကွာ…ရူးတယ်…ရအောင် ကို လုပ်မယ်…မင်းကို လုံးဝ ကွာမပေးနိုင်ဘူး..မင်းတစ်ယောက်တည်း ဆန္ဒနဲ့ ကွာလို့မရဘူး.."
"သြော်..အဲလိုလား..ကောင်းပါပြီ…"
ဇော်မောင့်ကို မော့ကြည့်ကာ ခေါင်းညိတ်ပြီး ကျောခိုင်းထွက်သွားတော့ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။
မောင် ဒီကိစ္စ ကြီးကို စိတ်ကူးနဲ့တောင် ရင်မဆိုင်နိုင်လို့ပါကွာ…။
မောင့်ကို မနှိပ်စက်ပါနဲ့တော့..။
.
"မောင် တောင်းပန်ပါတယ်…မိန်းမရယ်…မောင် တကယ် တောင်းပန်ပါတယ်…မောင် မခံစားနိုင်လို့ပါ…မင်းနဲ့ တစ်ရက်ခွဲရရင်တောင် မောင်ရူးတော့မလိုပဲ…ဘာလို့ မောင့်ကို ထားခဲ့မယ် ပြောရတာလဲ..မောင် ဘယ်လောက် ခံစားရလဲ သိရဲ့လား ဟင်…အင့်…"
ငုဝါ ကျောပေး အိပ်နေပေမဲ့လည်း မျက်ရည်က အလိုလို ကျလာသည်။
ခုတင်ဘေးမှာ ဒူးထောက်ပြီး ငိုနေတဲ့ သူ့ကို လှည့်မကြည့်နိုင်..။
မျက်နှာ မတွေ့ရတာတောင် ရင်ထဲမှာ မွန်းကြပ်နေသည်။
"မောင်တို့ သံယောဇဉ်တွေကို တစ်ချက် ငှဲ့ပါဦးလား…"
"မိန်းမကို မောင် ဘယ်လောက်ချစ်လဲဆိုတာ တခြားသူထက် မိန်းမက ပိုခံစားမိမှာပါ…ဟုတ်တယ်မလားဟင်..ဒါကိုများ..ဘာလို့ မောင့်နှလုံးသားကို နားမလည်ရတာလဲ…ဘာလို့ မောင့်ကို မဟုတ်တဲ့ စွပ်စွဲချက်တွေနဲ့ သေအောင် လုပ်နေတာလဲကွာ…မောင်မှားတာ..မောင် အပြစ်ရှိတာ သိတယ်..ဒါပေမဲ့ ဒီပြစ်ဒဏ်က ကြီးလွန်းတယ်..မောင် အသက်မရှင်ချင်လောက်အောင်ကို ကြီးလွန်းတယ်…မိန်းမရယ်…ပတ်ဝန်းကျင်ကို ဂရုစိုက်လို့ မဟုတ်ဘူး..မောင့်နှလုံးသားက အရမ်းနာလို့ပါ….မောင်တို့ အတူတူ..အတူတူ ပင်ပန်းခံ ရုန်းကန်လာတာ တစ်နှစ်တည်းမှ မဟုတ်တာ…ဟင်…မကြာခင် နှစ်နှစ်ဆယ်ဆိုတာကို ရောက်တော့မယ်လေ…ပြီးရင် သုံးဆယ်..ပြီးရင် လေးဆယ်…ဆံပင်တွေ ဖြူတဲ့အထိ မောင်တို့ ချစ်ကြမယ်…Ani ပွဲလေး နှစ်တိုင်းလုပ်ကြမယ်ဆို…မောင်တို့ ကတိပေးထားတာလေ…ဟင်…ငုဝါ အနားမှာ မရှိပဲ မောင် မနေနိုင်ဘူး..မနေချင်ဘူး…မနေတက်ဘူးကွာ…ဒိကိစ္စက ကိုယ်ဝန်ရှိတာကြောင့် ဖြစ်တာ ဆိုပေမဲ့ ကလေးလိုချင်လွန်းလို့ မဟုတ်ပါဘူး..အသက်ကယ်သလိုပဲ သဘောထားခဲ့တာ…မောင်က…မောင့်မိန်းမ မပေးနိုင်တာကို မရမက လိုချင်နေတက်တဲ့ အတ္တကောင် တစ်ယောက် မဟုတ်ဘူးဆိုတာလည်း သိတယ်မလား…မောင် ချစ်တာ မောင့်မိန်းမ…မောင် မြတ်နိုးတာ မောင့်မိန်းမ…မောင်သေတဲ့အထိ ဒီမိန်းမ တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာပဲ နေသွားချင်တာ..ဘယ်မိန်းမကိုမှလည်း ရင်ခွင်ထဲ ထည့်ပြီး အကြင်နာအနမ်းတွေနဲ့ ထွေး ပိုက်မထားဖူးပါဘူး…ဘယ်မိန်းမကိုမှလည်း ချစ်တယ်လို့ မပြောခဲ့ဖူးပါဘူး…ဘယ်မိန်းမကိုမှလည်း ရင်တောင်မခုန်ခဲ့ဖူးပါဘူး..မင်းကို..မင်း တစ်ယောက်တည်းကို မောင်နေ့တိုင်းပြောတာ..မောင်..မောင် သတိရတိုင်းပြောတာ…မောင်ချစ်တာ ငုဝါပဲ…မိန်းမကို မောင်ချစ်တယ်….အရမ်းချစ်တယ်…မောင့်အတွက် အချစ်မရှိတောင် သံယောဇဉ် လက်ကျန်လေး မရှိတော့ဘူးလားဟင်….မရှိတော့ဘူးလား.."
ငုဝါ မျက်ရည်တွေကို သုတ်လိုက်ကာ တံတွေးတစ်ချက် မြိုချမိသည်။
ချစ်တာပေါ့…ချစ်လွန်းလို့ ခုလို ခံစားနေရတာပေါ့…ရှင်ရယ်..။
မချစ်တက်တဲ့ မိန်းမတွေကို အရမ်းအားကျမိပါတယ်လေ..။
.
"လူတကာ အားကျရတဲ့ စံပြစုံတွဲတွေမှာလည်း…မိန်းကလေးဆိုတာ အမြဲ အဖြည့်ခံသပ်သပ်ပါပဲ...ကိုယ်ချင်းစာတက်ပြီပေါ့"
မြတ်နိုးတင်လိုက်တဲ့ စာတန်းကြောင့် ငုဝါ မျက်ခုံးတွန့်တက်သွားသည်။
ဟွန့်…ကွာရှင်းမဲ့ သတင်းကြားပြီး သူတို့တွေ အကုန်လုံး ၀ိုင်းဟားနေကြမှာပဲ..။
သူတို့က ဒီကိစ္စမှာ ကယ်တင်ရှင် ကြီးတွေ..။
ကူညီသူကြီးတွေလေ..။
ယောက်ျားတစ်ယောက်ရပြီး  အရမ်းကြွားတဲ့ ကောင်မ..။
အရမ်းဂုဏ်ယူနေတဲ့ ကောင်မ..ခုတော့ သနားပါတယ် လို့ ဟားနေကြမှာ အသေအချာပဲ..။
ငါ့ကို ချိုးနှိမ်ပြီး ခုတော့ နင့်လူက ငါ့လူထက် ပိုဆိုးတယ်..။
ငါ့ကို ကွာခိုင်းပြီး နင်ကျတော့ မကွာရှင်းရက်ဘူးမလား..။
မစွန့်နိုင်ဘူးမလား..။
မပြတ်သားနိုင်ဘူးမလား..။
နမျောနေတယ်မလား.။
ဟုတ်တယ်..သူတို့ ခုချိန် အဲလို ပြောနေကြမှာ အမှန်ပဲ..။
ဝမ်းသာလွန်းလို့ စာတောင် တင်လိုက်ရတဲ့အထိပဲလေ..။
ငုဝါဆီကို မိသားစုလိုက် လာလည်ကြသလို
မြတ်နိုးတို့ မိသားစုနဲ့ သူတို့လည်း အတူတူ ထမင်းစားကြမှာပဲ..။
အိမ်လည်တွေ ဘာတွေတောင် ခေါ်သွားတယ် ထင်ပါရဲ့..။
မြတ်နိုးက ကိုယ်ဝန်ရှိနေတာက အစ သိတယ်..။
မဟုတ်မှ….မဟုတ်မှ… ငါ့ကို ဟန်မပျက် ပြန်ချော့နေတာနေမှာပါ..။
သိက္ခာကျမှာစိုးလို့ ခိုင်ဝင်းလို အကျင့်မျိုးလုပ်တာနေမှာပါ..။
သူတို့တွေ အကုန်လုံး အတူတူပဲ…။
သူငယ်ချင်း အရင်းဖြစ်တဲ့ မြတ်နိုးဆိုရင် ငါကလေးမရဘူးဆိုပြီး နှိမ်သွားတာပဲ..။
သူ့မှာ ခိုင်ဝင်း သံယောဇဉ် ဖြစ်စရာ သားသမီးတွေ ရှိတယ်တဲ့..။
ဟင်း..ဒီကောင်မ သားသမီး မရှိ တစ်ကောင်ကြွက်မ ဘယ်ကွာရဲမလဲလို့ တွေးနေမှာပဲ..။
တချိန်တုန်းအားကျတယ်ဆိုပြီး ပြောပေမဲ့ တကယ်က မနာလို ဖြစ်နေကြတာပဲ..။
ခုတော့ ကောင်းကောင်း ၀ိုင်းလှောင်နေကြမှာပဲ..။
ငုဝါ အံကြိတ်ပြီး ဖုန်းကို ကောက်ယူလိုက်သည်။
ဒီလို ယောက်ျားကို ဘာကို မက်မောပြီး သည်းခံနေရမှာလဲ..။
အသုံးမကျတဲ့ နင့်လို မိန်းမ မျိုးသာ အဖြည့်ခံလုပ်ပေါ့။
ငါ့အတွက်တော့ မလိုပါဘူး.။
ရှေ့နေ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ရင်း မျက်ရည်တွေကို ပွတ်ဆွဲသုတ်လိုက်ကာ တစ်ချက် ပြုံးမိသည်။
.
"ဟလို..အမလား…"
"ဟုတ်တယ်…"
"အကို နဲ့ အမ အဆင်ပြေကြလားဟင်….ညီမ မလေးရှား မှာ အလုပ်သွားလုပ်တော့မှာ မို့ ဖုန်းဆက်လိုက်တာပါ.."
"ဘာလဲ ..မင်းလူ က အရင်ပို့ထားမယ်တဲ့လား.."
"မဟုတ်ပါဘူး..အမရယ်…အမက သံသယ များနေတာပါ…"
"တော်စမ်းပါ…မင်းဝမ်းသာအောင် ပြောလိုက်မယ်…အဲလိုကောင် ဘယ်လောက်ပဲ တောင်းပန်ပန် ငါ ပြန်လက်မခံဘူး…ငါတို့ မကြာခင် တရားဝင် ကွာရှင်းတော့မယ်..သူ မင်းဆီ ရောက်လာလိမ့်မယ်…မိန်းမ တစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်ပြီးတဲ့ ယောက်ကျား တစ်ယောက်ကို ငါ အလိုမရှိဘူး..မိန်းမ နှစ်ယောက်ကို ချစ်တယ်..ရင်ခုန်တယ်လို့ ပြောခဲ့တဲ့ ပါးစပ်ကိုလည်း ရွံတယ်…ပတ်ဝန်းကျင်မှာ ငါက မကွာရဲဘူးလို့ ထင်နေတဲ့သူတွေ ရှိနေလို့ကို ကွာရှင်းဖို့ ပိုသေချာသွားတယ်…"
"မဟုတ်တာ…အမရယ်…အကိုက အမ ကို အရမ်းချစ်တယ်ဆိုတာ ညီမထက် အမက ပိုသိတယ်မလား..ခုလည်း အမ တို့ အဆင်ပြေအောင် ဖုန်းဆက်တာပါ…အချစ်ကို လုယူလို့မရတာ သိလိုက်ပါပြီ..နောက်ပြီး အမကို အရမ်းအားကျတယ်…အမ ဆီက ခွင့်လွှတ်ပါတယ်ဆိုတဲ့ စကားသံကို ကြားသွားချင်လို့ပါ…ညီမ က အမ ဆီက အကို့ကို လုယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပါဘူး…အကို့ နှလုံးသားကို အမက အပိုင်ရထားသူ တစ်ယောက်ပါ…ဘာပဲဖြစ်ခဲ့ခဲ့ ပတ်ဝန်းကျင်က ဘာပဲပြောပြော အကို့ကို နားလည်ပေးပြီး တစ်ကြိမ်လောက် အခွင့်အရေးပေးလိုက်ပါ…အကိုလို လူတစ်ယောက်က ဒုတိယအကြိမ် အခွင့်အရေးနဲ့ ထိုက်တန်ပါတယ်…ညီမ ပြောရဲတယ်…အမသာ အကို့ကို ခွင့်လွှတ်ပေးလိုက်ရင် အကို တစ်ဘ၀လုံး အမကို အသက်ထက် မက ချစ်ပြီး အမတို့ အများကြီး ပျော်ရွှင်ရပါလိမ့်မယ်..အကိုက အမကို ကလေးလေး တစ်ယောက်လိုကို အရမ်းဂရုစိုက်ပြီး ချစ်တာပါ……အမတို့ရဲ့ ချစ်သူ ရည်စားသက်တမ်း အရှည်ကြီး ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့တာဆို…အမ ရဲ့ တစ်ဖက်သတ် သံသယတွေကြောင့် အပျက်စီးမခံပါနဲ့…ခုဖြစ်သမျှကလည်း ဆေးခပ်ခံရလို့သာမှားတာ အကိုက ညီမကို ရင်တောင် မခုန်ပါဘူး…တကယ်ရင်ခုန်ရင် အမ မသိအောင် အကြိမ်ပေါင်း များစွာ ပတ်သက်လို့ရပါတယ်…အကိုနဲ့ ညီမ  အကြည့်ချင်းတောင် သေချာ ဆုံခွင့်မပေးခဲ့ပါဘူး…အကိုက အမအပေါ် သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်ပါ…ဒါက ညီမ အသက်နဲ့ လောင်းကြေးထပ်ပြီး ပြောနိုင်ပါတယ်..ရှေ့နေ့လိုက်တာ မဟုတ်ပါဘူး..ညီမကြောင့် နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ ကနေ အမုန်းတရား ပြောင်းမှာစိုးလို့ ပြောပြရတာပါ …နောက်တစ်ခါ ပြန်လာခွင့်ရရင် အမတို့ရဲ့ Ani ပွဲကို တက်ချင်ပါတယ်…နောက်ပြီး အကိုက ဒီနှစ် အစ်မကို ကိုးရီးယား ခေါ်သွားမယ်တဲ့…အစ်မကို ကြိုမပြောပေမဲ့ စိတ်ဆိုးပြေအောင် ပြောပြတာနော်..တစ်လ အကြိုကတည်းက အကို ပြုံးပျော်ပြီးစီစဉ်နေတာပါ….တာဝါလား မသိဘူး..အမက တူတူ သွားချင်တာဆို…အဲမှာလည်း ဘိုကင်လုပ်ထားသေးတယ်တဲ့…နောက်ပြီး သော့ခပ်ဖို့လည်း သော့ဆင်တူလေး ၀ယ်ထားပြီးပြီတဲ့… အမ ရှော့ပင်းထွက်ရင် နောက်က အမြဲလိုက်ပေမဲ့ ကွယ်ရာမှာကျတော့ ခြေထောက်မထောက်နိုင်အောင် ပင်ပန်းလည်း ပျော်တယ်လို့ ပြောဖူးတယ်….နောက် အမ အပြုံးတွေကို မြင်ရရင် သူပျော်တယ်တဲ့…အမအကြောင်းတွေ ဒီလောက် သိနေတဲ့ ညီမက အမရဲ့ အချစ်ကို လုယူနိုင်တဲ့သူ ဖြစ်ပါ့မလား အမရယ်…. အကိုက ညီမ ဆီ စားစရာ လာပို့တဲ့ ခဏလေးမှာတောင် အစ်မအကြောင်း ပြောရတဲ့အခါမှ စကားပြောတက်တာ…အမ အကြောင်းပြောရင် ပြုံးနေတက်တာ…အကိုက အရမ်းချစ်တက်တဲ့ယောက်ျားပါ….အမ သိပ်ကံကောင်းပါတယ်…အမလည်း နားလည်ပေးလိုက်ရင်… "
ငုဝါ ဖုန်းချလိုက်ကာ တွေဝေ ငြိမ်သက်နေမိသည်။
ကိုရီးယား ခရီးစဉ်တဲ့လား..။
ဖုန်းကို ပြန်ယူကြည့်လိုက်တော့ Ani က သုံးရက်သာ လိုတော့သည်။
"နောက်တခါ တူတူသွားမယ်..သော့လည်း တူတူခပ်မယ်..ဆံပင်တွေဖြူ သွားတွေကျိုးတဲ့အထိ မခွဲပဲတူတူနေကြမယ်နော်…ခုလို ထပ်မလွမ်းရတော့ဘူး.."
ငုဝါ စိတ်ထဲေ၀၀ါးလာသည်။
"လင်မယား ၂ယောက်တည်း ရှော့ပင်းထွက်" ဆိုပြီး တင်လိုက်တဲ့ မြတ်နိုးတို့ လင်မယားပုံကို ငေးကြည့်နေမိသည်။
မြတ်နိုးတို့ လူသိရှင်ကြား ရန်ဖြစ်ကြသည်။
ခိုင်ဝင်း ဖောက်ပြန်တာကိုလည်း မြတ်နိုးက လူတွေသိအောင် လိုက်ပြော လိုက်တိုင်တက်သည်။
အင်တာနက်ပေါ်မှာလည်း တင်ပြီး ပွဲကြမ်းတက်သေးသည်။
ပြီးရင် သူတို့ မဟုတ်သလို မိသားစုလိုက် ပျော်နေကြပြန်သည်။
မောင်က မှားခဲ့ရင်တောင် ခိုင်ဝင်းလောက်တော့ မဆိုးပါဘူး.။
ကိုယ့်အပေါ် အရမ်းချစ်တက်တဲ့ ယောက်ျား တစ်ယောက်ကို ပတ်ဝန်းကျင် အထင် မဆိုင်သူတွေရဲ့ အတင်းကြောင့် ကွာရှင်းပြီး တစ်ဘ၀လုံး ဝေးကွာအောင် လုပ်ရမှာလား..။
ပတ်ဝန်းကျင် အထင်အမြင်ကိုသာ ဂရုမစိုက်ခဲ့ရင် မောင်လုပ်ခဲ့တာ အမှား သေးသေးပါပဲ။
ဒါကို ခွင့်လွှတ်ပေးလိုက်ရင်
ခုချိန်မှာ မောင်နဲ့ အတူတူ Aniပွဲအတွက် ပြင်ဆင် စီစဉ်နေလောက်ပြီ။
ခိုင်ဝင်းလို လူတောင် အကြိမ်ကြိမ် အခွင့်အရေး ရနေတာပဲ..။
မောင့်လို လူ တစ်ယောက်အတွက် ဒုတိယ အကြိမ် အခွင့်အရေး မရှိသင့်ဘူးလား..။
ပတ်ဝန်းကျင် ဘာပြောပြော မောင် ဘယ်လောက် ချစ်တက်လဲ ငါအသိဆုံးပဲလေ..။
မောင်က အမှားကို ၀န်ခံလာရင် ငါက နားလည်ပြီး ခွင့်လွှတ်ပေးရမှာပေါ့..။
ငါနဲ့အတူတူ ဘ၀ကို ရင်ဆိုင်ကျော်ဖြတ်နေတဲ့ ယောက်ျားကို ပတ်ဝန်းကျင် အမြင်လေးတစ်ခုကြောင့် ငါကပါ စွန့်ပစ်သင့်လို့လား..။
မဟုတ်ဘူး..တခြားယောက်ျားတွေ ဘယ်လို လဲ မသိပေမဲ့ မောင့်စိတ်ကို ငါ အသိဆုံးပါ။
မောင်က ဒုတိယ အခွင့်အရေး ရသင့်တဲ့ ယောက်ျား တစ်ယောက်ပါလေ..။
ငုဝါ ရှေ့ပန်းအိုးထဲက ပန်းစည်းလေးကို တစ်ချက် ကြည့်ကာ ပြုံးလိုက်သည်။
မောင့်ဆီကို ကြည်နူးရင်ခုန်စွာဖြင့် ဖုန်းဆက်မိသည်။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ…"
"ကျစ်…မီတင်မှာလား…မသိဘူး.."
ငုဝါ ဖုန်းချပြီး အလုပ်ဆက်လုပ်နေပေမဲ့လည်း မောင့်အသံကို အရမ်းကြားချင်စိတ် ဖြစ်လာသည်။
နာရီဝက်လောက် ကြာတော့ ဖုန်းထပ်ခေါ်ပေမဲ့လည်း မရတော့ စိတ်က အဆင်မပြေ..။
ရှေ့နေကို ဒီနေ့ ပြောခိုင်းထားတာ သတိရတော့ ကပျာကယာ ဖုန်းခေါ်မိသည်။
"ဟလို…ကျွန်မ ငုဝါပါ..ဟိုကိစ္စ မောင့်ကို ပြောလိုက်ပြီလားဟင်.."
"ဟုတ်ကဲ့..မနက်ကတည်းက ကျွန်မ ပြောလိုက်ပါတယ်.."
"ဟင်…သူ…သူ ဘာပြောလဲဟင်.."
"ရက်စွဲ ကို မေးသွားပါတယ်…"
"ရက်စွဲ…"
"ဟုတ်ကဲ့.."
ငုဝါ ဖုန်းချလိုက်ပြီး ရက်စွဲကို ပြန်ကြည့်တော့ တနင်္ဂနွေနေ့မှာ သတင်းစာထဲ ဥပဒေအရ ကွာရှင်းပြတ်ဆဲကြောင့်း ကြော်ငြာခိုင်းခဲ့မိသည်။
တိုက်ဆိုင်စွာဖြင့်ပင် ထိုနေ့က Aniနေ့လေး..။
ငုဝါ တုန်လှုပ်ခြောက်ခြားစွာဖြင့် မောင့်ရဲ့ ဖုန်းကို ထပ်ခေါ်သည်။
ဖုန်းကိုင်ပါ မောင်ရယ်..။
မောင့်အသံလေးကို ကြားချင်လို့ပါ..။
လူရှေ့ သူရှေ့လည်း မိန်းမလို့ ခေါ်တက်တဲ့ မောင်အသံကို မိန်းမ အရမ်းလွမ်းတယ်..။
မနက်တုန်းက ငုဝါ အတွက် ကော်ဖီနဲ့ မုန့်ပြင်ပေးနေတဲ့ မောင် ပုံရိပ်တွေကို မြင်ယောင်လာသည်။
"ညနေ မောင်လာခေါ်မယ်နော်…ဒင်နာ အပြင်မှာ စားချင်လို့.."
ဟုတ်ပါတယ်…မီတင် လုပ်နေလို့ ဖုန်းမကိုင်တာနေမှာပါ..။
.
"အား………"
ငုဝါ အသံကုန်ခြစ်ပြီး အော်လိုက်ပေမဲ့လည်း ရင်ထဲက ပေါ့မသွားပဲ တင်းကြပ်နေသည်။
ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် ထုနေပေမဲ့လည်း မသက်သာ..။
"အား……."
"သမီး..စိတ်ထိန်းပါ သမီးရယ်…"
"သားသာ အနားမှာ ရှိရင် စိတ်ကောင်းမှာ မဟုတ်ဘူး သမီးရဲ့..စိတ်ထိန်းနော်…"
"မဟုတ်ဘူး…"
"………."
"အရက်သောက်တာလို့ ဖြစ်မယ်.."
"ကျွန်မ သားက ဆယ့်ရှစ်နှစ်ကတည်းက ကားမောင်းလာတာပါရှင်…တစ်ခါမှ တိုက်မှု မဖြစ်ခဲ့ဖူးပါဘူး…"
"တော်တော်ပြင်းတာပဲ..ဓာတ်တိုင်မို့ပေါ့..ကားတစ်စီးနဲ့သာဆို နှစ်ဖက်စလုံးသေမှာ…"
"အား…."
ငုဝါ နားထဲ ကြားတစ်ချက် မကြားတချက်ဖြင့် မြက်ခင်းပေါ် မှာ ခပ်ဆန့်ဆန့် လှဲနေတဲ့ မောင့်အနားကို တိုးသွားမိသည်။
မျက်နှာတစ်ခြမ်းက သွေးတွေနဲ့ ပြည့်နေပေမဲ့ တစ်ဖက်ခြမ်းကတော့ သွေးတစ်စက်တောင် မရှိနေ..။
မောင်နှုတ်ခမ်းတွေက ပိတ်စေ့ထားသည်။
မောင် ၀တ်ထားတာက နီညိုရောင် ပွဲတက် ၀တ်စုံပြည့်..။
မောင့်ရဲ့ လက်မှာ ငုဝါ လက်ဆောင်ပေးခဲ့သည့် နာရီလေးက မှန်ကွဲနေပေမဲ့ စက္ကန့်တွေက ရွေ့လျားနေသည်။
မောင့် အနီးတ၀ိုက် မှာ ငုဝါ လက်ဆောင်ပေးထားသည့် ရေမွှေးနံ့က သင်းပျံ လတ်ဆတ်နေသည်။
ငုဝါ တုန်ယင် ခါရမ်း နေတဲ့ လက်များဖြင့် မောင့်ပါးကို ကိုင်ကြည့်ဖို့ ကြိုးစားလိုက်သည်။
"သမီး…လာ..လာ…ခေါ်စမ်း..ခေါ်စမ်း..ဒိကလေးကို ခေါ်သွား.."
"မာမီ…မာမီရဲ့….ငု…အိပ်မက်နေတာ..နိုးပါ…နိုးလိုက်ပါတော့…ကြောက်လို့ပါ…"
"သမီးရယ်…"
"ဒါ….အိပ်မက်ပဲ…တကယ်မဟုတ်ဘူး.."
"သမီး….ငုဝါ…"
ငုဝါ အနားမှာရှိနေတဲ့ အိမ်က ကားတစ်စီးပေါ်တက်ပြီး သော့ဖွင့်ကာ မောင်းလာခဲ့လိုက်သည်။
အိပ်မက်နေတာပဲ..။
ငုဝါ အခန်းတံခါးကို ဆောင့်တွန်းဖွင့်ပြီး အပြေးအလွှား ၀င်လိုက်သည်။
"ဟင်…"
မောင် အလုပ်စားပွဲနဲ့ ထိုင်ခုံက ပျောက်နေသသည်။
သေချာပါပြီ အိပ်မက်ပါ..။
အခန်းထဲ ၀င်သွားတော့ မောင်ခေါင်းအုံးလည်း မရှိ..။
ဘီဒိုထဲမှာ မောင့် အသုံးအဆောင် တစ်ခုမှ မရှိ…။
ဒါတွေကို တစ်မနက်တည်းနဲ့ ပျောက်သွားဖို့ဆိုတာ ဘယ်သူမှ မဖန်တီးနိုင်ပါဘူး..။
"ငုဝါ…ငုဝါ….သူငယ်ချင်း.."
"နန္ဒာ…ငါ…ငါ အိပ်မက်နေလို့..နင်လည်း အိပ်မက်ထဲ ရောက်နေတာလား…"
"ဟင်…သြော်…အေး…လာ…လာ… …ငါတို့ အပြင်သွားကြမယ်ဟာ..နော်.."
"ငါ အိပ်မက်နေတာ…အိပ်ပျော်ရမှာဟ.."
ငုဝါ  အခန်းထဲက အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။
အိပ်ပျော်ဖို့ အရေးကြီးသည်။
အိပ်မက်သာ ဖြစ်ပါစေ..။
မောင်ကိုယ်တိုင် လာနှိုးမှသာ ထမည်။
.
တစ်နှစ်ခန့်ကြာသော်

"နင် ငိုနေမယ်ဆိုတာ ငါသိတယ်.."
ငုဝါ မျက်ရည်တွေကို သုတ်ပြီး ပြုံးပြလိုက်သည်။
နန္ဒာ က  နိုင်ငံရပ်ခြား အထိ လိုက်လာသည်မို့ စိတ်ထဲ အားနာမိသည်။
"ဟင်း…နင့်ကို နှစ်သိမ့်အားပေးလို့ မရဘူးဆိုတာ ငါသိပြီးသားပါ…"
"မောင်က လူယုတ်မာ …"
"သူ့အသုံးအဆောင်တွေတောင် မချန်ထားခဲ့ဘူး…လွမ်းစရာမရှိရင် ငါမလွမ်းလောက်ဘူးလို့ ထင်နေတယ်လေ…အရူးပဲ"
"နင် ကင်မရာတွေ ကြည့်လိုက်တယ်မလား…"
"အင်း…မောင့်တစ်လပြည့်တဲ့နေ့က ကြည့်တာလေ.."
နန္ဓာက သက်ပြင်းတစ်ချက် ချလိုက်သည်။
မောင်ရဲ့ အသုံးအဆောင်တွေ ပစ္စည်းတွေ အကုန်လုံးကို မောင် နဲ့ တခြားဝန်ထမ်း လေးယောက်က သိမ်းသွားခဲ့သည်။
ခရီးသွား အမှတ်တရလေးတွေလည်း ငုဝါ ဖွက်ထားတဲ့ နေရာမှာ ရှိမနေတော့ပါ..။
ပစ္စည်းတွေ သိမ်းပြီးတော့ ၀တ်စုံပြည့်နဲ့
မောင်က နောက်ဆုံးမှ ထွက်သွားတဲ့ လှုပ်ရှားမှုကို မြင်ယောင်မိတိုင်း ငုဝါ ရူးမတက် ငိုရပါသည်။
ဗီဒိယိုတွေကို မာမီက ဖျက်င်္စီးလိုက်ပေမဲ့လည်း ကြည့်လိုက်မိတဲ့ ငုဝါ ဦးနှောက်ထဲမှာ စွဲနေပါပြီ..။
မောင်ဆုံးပြီး သုံးရက်ကြာတော့ Ani နေ့မှာ သတင်းစာထဲ ကွာရှင်းပြတ်ဆဲတဲ့ သတင်းမပါပဲ နာရေးသာ ပါခဲ့ရသည်။
နောက်ပြီး တစ်လကြိုတင်ကာ မောင် ကြိုတင်စီစဉ်ထားတဲ့အတိုင်း လေယာဉ်လက်မှတ် နှစ်စောင်နဲ့ ငုဝါအတွက် စိန်လည်ဆွဲလေး လက်ဆောင်ရောက်လာခဲ့သည်။
ငုဝါ ဘယ်လောက်တောင် နာကျင်ခဲ့ရလဲ မောင်သိရဲ့လားဟင်..။
"နင် အဆင်ပြေရဲ့လား…"
"ငါ့ကို အချိန်နည်းနည်းပေးပါလား.."
".....…"
နန္ဒာက အနားကနေ ထွက်သွားတော့ ငုဝါ ရင်ခွင်မှာ ပိုက်ထားတဲ့ ပန်းစည်းလေးကို သစ်ပင်အောက်မှာ ချထားလိုက်သည်။
ခုတော့ ပန်းစည်းကို ကိုယ်တိုင်ဝယ်လာရတယ် မောင်။
Ani ရောက်ဖို့လည်း သုံးရက်ပဲလိုတော့တယ်။
မောင်သာ ရှိနေရင် မောင့်မိန်းမ ရင်ခုန်အောင် ဘာလက်ဆောင်တွေများ တိုးတိုးတိတ်တိတ် စီစဉ်နေမလဲ။
နိုင်ငံရပ်ခြားမှာ နေရလည်း မောင့်ကို လွမ်းတဲ့စိတ်က လျော့မသွားပါဘူး..။
ဘယ်သူ့ အပြစ်မှ မဟုတ်ပါဘူး။
ငုဝါ ဆုံးဖြတ်ချက်မှားခဲ့လို့ ခုလို နာကျင်စရာနေ့ရက်တွေကို ဖြတ်ကျော်နေရတာပဲလေ..။
မောင့်အငွေ့အသက်တွေနဲ့ ဝေးရာကို ထွက်ပြေးလာပေမဲ့လည်း နှလုံးသားထဲက မောင့်ကိုတော့ မဖျောက်နိုင်ပါဘူး မောင်ရယ်..။
ငုဝါ တစ်ဘ၀လုံး နာကျင်စွာ ရှင်သန်ရအောင် မောင့်ဆုံးဖြတ်ချက် တစ်ခုနဲ့ ဒဏ်ခတ်လိုက်တာပဲမောင်…ဟုတ်တယ်မလား..။
ငုဝါ ဆုံးဖြတ်ချက်ကြောင့် ငုဝါ ကို မောင် ပြန်ဒဏ်ခတ်လိုက်တာပဲ..။
ဆုံရှုံးနစ်နာမှုက ငုဝါ ဘ၀နဲ့ ရင်းပြီး နောင်တတွေနဲ့ နာကျင်နေရပါပြီ..။
ရာသီဥတု ထူးထူးဆန်းဆန်း မိုးအုံ့လာတော့   အမှတ်တရ သစ်ပင်ကနေ  ပြန်ထွက်လာခဲ့ရသည်။
"……….."
အသက်ကြီးကြီး စုံတွဲ တစ်တွဲက ထီးတစ်လက် အောက်မှာ ပူးပူးကပ်ကပ်ရပ်ရင်း ဘေးက ဖြတ်လျှောက်သွားချိန် မောင့်ရဲ့ နောက်ဆုံးမက်ဆေ့ကို သတိရပြန်သည်။
တောင်းပန်စာတွေ အများကြီး ပို့ထားခဲ့လို့ ၀င်တောင် မကြည့်ခဲ့ပေမဲ့ အဲနေ့ တုန်းက မောင်ပို့ခဲ့တဲ့ စာမှာ တစ်ကြောင်းတည်းရယ်ပါ..။
"အသက်တွေကြီးလာတဲ့အထိ ဘေးမှာ အတူတူ ရှိနေမယ်ဆိုတဲ့ ကတိကို မောင် မတည်နိုင်တာ ခွင့်လွှတ်ပါ မိန်းမရယ်…"တဲ့။
စုံတွဲကို ငေးနေချိန် မိုးက ပိုများလာသည်။
"မိုးကလည်း ချက်ချင်းကြီးဟယ်…လာ…"
"အင်းလေ…"
"ဟဲ့…စုစုမ က နောက်တစ်ဗိုက် ဖြစ်နေပြန်ပြီဟ.."
"ဟင်..ဟလား..၀မ်းသာစရာပဲ…စုစု တော်တော် ၀လာတယ်ဆို…ငါ တခါမှ မတွေ့သေးဘူး..တွေ့ချင်တယ်…."
"နင်က ဖေ့ဘွတ်လည်း မသုံးတော့ အဆင်အသွယ် ဘယ်ရှိမလဲဟ ဒီမှာလေ…ဟိုနေ့က တို့တွေ့တုန်း ရိုက်လာတာ.."
နန္ဒာက ထီးမိုးပေးရင်း သူ့လက်ထဲက ဖုန်းကို ပေးသည်။
စားပွဲဝိုင်းမှာ သူငယ်ချင်း လင်မယား တွေ ထိုင်နေတာပဲ..။
မြတ်နိုးတို့ စုစုတို့ နန္ဒာတို့ အတွဲ..။
ပုံထဲမှာ
မြတ်နိုး ရဲ့ ယောက်ျားက သူ အကြိမ်ကြိမ် ရိုက်ခဲ့တဲ့ လက်ဖြင့် မြတ်နိုး ပခုံးကို ဖက်ထားသည်။
အိမ်ကပေးစားလို့ ယူလိုက်ရတာ နန္ဒာ့ကို မချစ်ဘူးဆိုတဲ့ ယောက်ျားက နန္ဒာ့ ပခုံးပေါ်မှာ ပိုင်ဆိုင်ကြောင်း လက်တင်ထားသည်။
စုစုက ၀က်ဖြစ်နေလို့ စမောရှာတာဆိုတဲ့ ယောက်ျားက စုစု နဲ့ အကြည့်ချင်းဆုံ၍ ရယ်နေသည်။
မောင်သာ ရှိနေရင် အကုန်လုံး အကြည့်က မောင့်ဆီမှာပဲနေမှာ မောင်ရယ်..။
အခုတော့ သူတို့ကို  အားကျလိုက်တာ ..။
အကြိမ်ကြိမ် မှားခဲ့သူတွေက အကြိမ်ကြိမ် ခွင့်လွှတ်မှု ရနေပြီး..။
တစ်ခါမှားခဲ့ဖူးတဲ့သူက ဒုတိယ အကြိမ်  အခွင့်အရေးလေးတောင် မရတဲ့အခါ..။
မောင်….သိပ်စိတ်နာသွားခဲ့မယ် ထင်ပါရဲ့..။
ရက်စက်တဲ့ မိန်းမကို အိပ်မက်ထဲမှာတောင် တစ်ကြိမ် တစ်ခါမှ တွေ့ခွင့်မပေးတော့ဘူး..။
ငုဝါ နှလုံးသားထဲမှာ အချိန်ပြည့် ရှင်သန်နေတဲ့ မောင်ကော နှလုံးသားထဲက စကားကို ကြားရလားဟင်..။
အခုတော့ မောင့်မိန်းမက အတ္တကြီး တစ်ကိုယ်ကောင်းဆန် မချစ်တက်တဲ့ ယောက်ျားတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမတွေကို အရမ်း အားကျနေရပြီ မောင်ရယ်..။.
သူတို့က သူတို့ လင်ယောက်ျားတွေ ဘယ်လောက်ပဲ မှားမှား အကြိမ်ကြိမ် ခွင့်လွှတ်ပေးတက်တဲ့ နှလုံးသား ရှိနေလို့လေ...။
သူတို့က ငုဝါ အတွက် စံပြ မိန်းမတွေ ဖြစ်နေပြီ။
ငုဝါသာ တစ်ကြိမ်လေး မောင့်ကို နားလည်  ခွင့်လွှတ်ပေးခဲ့ရင်..။
"ဟယ်…စိုကုန်ပြီ…"
"ရပါတယ်ဟာ…မိုးရွာလို့ စိုတာပဲ…"
ငုဝါ ၀တ်ထားတဲ့ နီညိုရောင် ဂါဝန်လေး ဘေးတခြမ်း စိုသွားသလို မိုးရေနဲ့ မျက်ရည်များ ပေါင်းဖက်ကာ ပါးပြင်ပေါ် စီးဆင်းသွားခဲ့သည်။
မောင်သာ အနားမှာရှိနေခဲ့ရင် ဒီမျက်ရည်တွေကို ဘယ်စီးကျခွင့်ပေးပါ့မလဲ။

ပြီးပါပြီ။


"ဘ၀ က ရုပ်ရှင် မဟုတ်တော့ ကိုယ့်ဘ၀မှာ ဗီလိန် က တစ်ယောက် နှစ်ယောက်တည်းပဲ ရှိနေမှာ မဟုတ်ဘူး..
ကိုယ် ကလည်း သူများအတွက် ဗီလိန် မဖြစ်အောင် ကိုယ့်စေတနာတွေကို အပြန်ပြန် အလှန်လှန် သုံးသပ်နေရတယ်..။
လူသား အားလုံး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်
စွန့်လွှတ်သင့်ရင် စွန့်လွှတ် နိုင်ကြပါစေ..။"
06050738


စံပြWhere stories live. Discover now