အချိန်တော်တော်ကြာသည်အထိ၊ ဦးနှောက်ထဲက ဝမ်းနည်းမှုပုံရိပ်များက ထွက်မသွားနိုင်။ အိပ်ပျော်သွားလျှင် စိတ်ငြိမ်သွားမလားအတွေးနှင့် အိပ်ရာထဲကွေးပြီးသာ စောင်ခြုံထားလိုက်သော်ငြားလည်း အိပ်မပျော်။ ရှိုက်သံများဖြင့်သာ တစ်ခန်းလုံး ပြည့်နှက်နေတော့၏။

အချိန်မည်မျှ ကြာသွားပြီလဲ ဘခ်ဟျွန်းမသိ။ လောလောဆယ် မျက်ရည်တစ်ပုံးစာလောက် သွန်ထားရသည်မို့ သူ့ခေါင်းတွေထိုးကိုက်နေပြီး အိပ်ချင်နေသည်သာသိသည်။ သို့ပေမယ့် အိပ်လို့မပျော်၊ မျက်လုံးမှိတ်လိုက်တိုင်းမှာ ကြောက်ဖို့ကောင်းသည့် အတိတ်ဆိုး မြင်ကွင်းများကသာ ခေါင်းထဲ တလှိမ်လှိမ့်တိုးဝင်နေဆဲ။

နံရံထောင့်ကပ်သည်အထိ ကွေးကွေးလေးအိပ်နေရာမှ ထထိုင်လိုက်တော့ ပုခုံးထိဆွဲခြုံထားသည့် ဂွမ်းစောင်ကြီးက လျှောကျသွားသည်။ လည်ပင်းတစ်လျှောက် စိုစွတ်စွာ စီးဆင်းနေသည်များက ချွေးတွေလား မျက်ရည်တွေလား မသဲကွဲ။ နှုတ်ခမ်းတစ်ချက်သပ်ကာ သက်ပြင်းမှုတ်ထုတ်လိုက်ရသည်။ သူချန်းယောလ်နှင့် စကားပြောဖို့လိုနေသည်။

ခေါင်းရင်းနား စားပွဲရှိ ဖုန်းကိုယူကြည့်မိတော့ အချိန်ကား ည ၁၂ ဖြစ်နေပြီ။ စိတ်အတက်အကျ မြန်သည့်သူဖြစ်သည့်တိုင် ထိုကိစ္စကိုတော့ ဘခ်ဟျွန်းဖြေဆည်မရဖြစ်နေသည်မှာ နှစ်နာရီလောက် ကြာမြင့်သည်အထိ။ အတွေးတွေငြိမ်သွားတော့မှ သတိပြုမိသည်ကလည်း သူမဟုတ်သည့် တစ်ခြားသူတစ်ယောက်နှင့် လက်ဆက်ရမည်ဆိုသည်ကို။

အတွေးနှင့်အတူ ထိုနေရာတွင်သာ ငိုင်ကျသွားမိပြန်၏။ သူက ချန်းယောလ်ကိုပဲ ချစ်တာလေ။ ဘာကြောင့်များ နာမည်တောင်မသိသည့် လူတစ်ယောက်နှင့် လက်တွဲရမည်နည်း။

"မုန်းလိုက်တာ မုန်းလိုက်တာ မုန်းလိုက်တာ"

ဘယ်သူ့ကို စိတ်တိုရမလဲမသိစွာ စောင်ပုံထဲ လက်သီးထိုးချမိသည်။

မိမိဖြစ်တည်မှုကြောင့် ဝမ်းနည်းမှုများကိုတော့ သူ့အပေါ်မပုံချချင်၍ ရှောင်နေခြင်းဖြစ်သည့်တိုင် ဒီကိစ္စကိုတွေးမိတော့ မျက်နှာချင်းဆိုင် အော်မေးပစ်ချင်လာ၏။ သက်ပြင်းတစ်ချက်နှင့်အတူ စောင်ပုံထဲကနေထွက်ကာ ကြမ်းခင်းပေါ်ခြေချလိုက်သည်။ သူသေချာလေး စကားပြောဖို့လိုနေသည်။

The LOEYWhere stories live. Discover now