ထိုနေ့က ကျိရှောင်ပေသည် ကြုံတောင့်ကြုံခဲ TVဖွင့်ကာ ဆူဆူညံညံအသံများ ပျော်ရွှင်မြူးတူးအသံများကို နားထောင်ခဲ့၏ – နွေဦးရာသီပွဲတော်ပင်။ သန်းခေါင်ယံ Countdown ပြီးသည့်အခါ ပြတင်းပေါက်အပြင်မှ နားအူမတက်ဆူညံသော မီးရှူးမီးပန်းအသံများထွက်လာသည်။ သူလက်ကိုဆန့်ကာအိပ်ရာပေါ်စမ်းရင်း နောက်ဆုံးမှာ TV ရီမုကိုရှာတွေ့သွားသည်။ TVကိုပိတ်ပြီး စောင်ဖြင့်ကိုယ်ကိုရစ်ပတ်ခြုံကာ အိပ်လိုက်တော့သည်။

တရုတ်နှစ်သစ်ကူးရဲ့ပထမဆုံးနေ့ဟာ သူ့အတွက် ထူးထူးခြားခြားမဟုတ်ခဲ့ – ဒီအတိုင်း ပုံမှန်နေ့လေးတစ်နေ့သာ။

သို့သော်လည်း အိမ်အောက်တွင် တစ်စုံတစ်ဦးက အချိန်တော်တော်ကြာမတ်တပ်ရပ်နေခဲ့သည်ကို ကျိရှောင်ပေမသိခဲ့ချေ။ ထိုပုဂ္ဂိုလ်က လက်ထဲတွင်ဖုန်းကိုင်ပြီး မျက်လုံးပုံသင်္ကေတနှင့် Appကို ဖွင့်လိုက်သည်။ ပေ့ပေ့ကိုဆက်သွယ်ရန် ထပ်ခါတလဲလဲ ကြိုးစားခဲ့သော်ငြား သူပြန်ရခဲ့သည်မှာ ဖော်ရွေပျူငှာမှုမရှိသည့် အသိပေးသံကိုသာ "Close friend လိုင်းပေါ်တွင်မရှိပါ ၊ နောက်တစ်ကြိမ်ထပ်မံကြိုးစားခေါ်ဆိုပါ" ...။

ချန်းကျိုသည် ခေါင်းမော့လိုက်ပြီး ဘယ်တစ်ခုက ပေ့ပေ့ဆီကမှန်းမသိရသည့် မီးရောင်မှိန်ဖျဖျများကို ငေးကြည့်နေ၏။ ဆောင်းည၏ အေးခဲလှသည့် လေ​ပြည်ညင်းများကြားတွင်ရပ်နေသည်။ အအေးဓာတ်ကြောင့်လက်များထုံကျင်လာပြီး နည်းနည်းကြာအောင်ဆက်နေပါက ဖုန်းကိုပင်သေချာဆုပ်ကိုင်နိုင်မည်မဟုတ်တော့။

"ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကူးလေးပါ ပေ့ပေ့" ဆိုသည့်စကားလေးပဲပြောချင်ရုံပါ။

သူတို့နောက်တစ်ဖန်အဆက်အသွယ်ပြန်ရခဲ့သည်မှာ နောက်နှစ်လကြာပြီး နွေဦးသို့ရောက်၍ပန်းများပွင့်လန်းကြသည့်အချိန်၌ပင်။ ထိုနေ့က ကျိရှောင်ပေ ၏ညီမလေးမှ ချစ်သူကောင်လေးကိုအိမ်သို့ခေါ်လာပြီး သူ့မိသားစုနှင့်အတူ ထမင်းလက်ဆုံစားကြမည်ဖြစ်သည်။ ထို့ကြောင့် သပ်သပ်ရပ်ရပ်လေးဝတ်စားသွားချင်သည်။ သူ့ဒေါ်လေးနှင့်တခြားသူများက စားသောက်ဖို့ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြသည့်အတွက် ဝတ်စုံရွေးဖို့ကိစ္စလေးလောက်နှင့် ထိုသူများကိုကရိကထမဖြစ်စေချင်။ သူခဏကြာတွေဝေနေပြီးနောက်ဆုံးမှာ Be Your Eyes ကို ပြန်ပြီး Install လုပ်ရန်ဆုံးဖြတ်လိုက်သည်။

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now