" ကြိုက်တယ် "

အထွန်းက ခေါင်းညိတ်ရင်းဖြေ‌တော့ ကိုမိုးက စံပယ်ပင်
ဘက်သို့လျှောက်သည်။

စံပယ်အိုးတို့ကိုတွေ့သော်လည်း စံပယ်ပန်းတို့က ပုံစံမတူ။

"အန်တီရေ စံပယ်ပင် လိုချင်လို့"

"အေး လာပြီ"

အထွန်းတို့ကို တစ်ချက်တစ်ချက် လှည့်ကြည့်နေသော ပိုင်ရှင်သည် ချက်ချင်းပင်ရောက်လာသည်။

"ဘယ်အပင် ကြိုက်လဲ ၊ ဒါက ရွှေစံပယ် ၊ ဒါက ဆယ့်နှစ်ရာသီစံပယ် ၊ ဒီဘက်က စံပယ်လည်ဆံလို့လည်း ခေါ်တယ် ၊ မွှေးတာကတော့ ရွှေစံပယ်က ပိုမွှေးတာပေါ့ "

"ဆယ့်နှစ်ရာသီ စံပယ်ကရော"

"သူကတော့ ရွှေစံပယ်လောက်မမွှေးပေမယ့် တစ်နှစ်လုံးပွင့်တယ် "

"ဟိုဘက်က အပင်ကရော"

"အဲဒါလေးက အိုးပုတ်စံပယ်လို့ခေါ်တယ်"

ကိုမိုးက ခေါင်းညိတ်ရင်း အထွန်းဘက်သို့ကြည့်သည်။

"အထွန်း ဘယ်ဟာကြိုက်လဲ"

"ဆယ့်နှစ်ရာသီ စံပယ်လေး"

"အန်တီ ဆယ့်နှစ်ရာသီစံပယ် နှစ်အိုးယူမယ်‌"

ပန်းအိုးနှစ်အိုးရလာသောအခါ ကိုမိုးက အထွန်းကို တစ်အိုးပေးသည်။

"တစ်ပင်က အထွန်းအတွက် ဝယ်ပေးတာ "

"ကိုမိုးကရော"

"တစ်ပင် ယူသွားမယ်လေ ၊ အထွန်းဆီမှာ တစ်ပင်
အကို့ဆီမှာ တစ်ပင် ထားမယ်"

"ဟုတ် "

အပြန်လမ်းတွင် အထွန်းသည် လက်တစ်ဖက်က စံပယ်အိုးကို ပိုက်ရင်း အခြားတစ်ဖက်က ကိုမိုး၏ အင်္ကျီစကို အသာဆွဲထားသည်။

လမ်းတောက်လျှောက်တွင်တော့ အထွန်းတို့ကို ကွက်ကြည့် ကွက်ကြည့်။
အချို့က တိုးတိုးကပ်ကာ စကားပြောရင်း အထွန်းတို့ဘက်သို့ ကြည့်သည်။ အချို့ကတော့ မျက်နှာမဲ့ကာ တစ်ဖက်သို့လှည့်သွားကြသည်။

အထွန်းက ဆွဲထားသော အင်္ကျီစကို လွှတ်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now