"ဘာလဲ... မင်းက မကျေနပ်သေးဘူးလား"

တစ်ဖွဲ့လုံးနှင့်ရယ်ရယ်မောမော စကားပြောနေသည့် အားသစ်သည် သူ့ကို လက်သီးနှင့်အသာ လှမ်းထိုးရင်း မေးလာသည်။ ဉာဏ်လင်းခေါင်းယမ်းကာ...

"မင်းဘာသာ အကြိုက်ပြောင်းတာ ငါကကန့်ကွက်ရအောင် မင်းရဲ့နိုင်းချင်းမှမဟုတ်တာ"

"ငါ့ရဲ့နိုင်းချင်းလည်း မဟုတ်ပါဘူး"

အားသစ်၏ မျက်လုံးများက အခန်းအပြင်သို့ ရောက်သွား၏။ အခန်းအပြင်တွင် သူ့ကို လာရှာသည့် ကောင်ကလေးက မရှိနေတော့။

"ဪ... အဲ့ဒါဆိုလည်း ကြည့်မနေနဲ့လေ... မင်းတို့ကလည်း အချစ်စမ်းတာ ကျလို့"

ဉာဏ်လင်းမကျေမနပ်ပြောသည်ကို အားသစ်ရယ်နေလိုက်၏။ ဉာဏ်လင်း၏ မျက်ခုံးများတွန့်ချိုး နေခဲ့သည်။

ငါပဲအတွေးလွန်နေတာလား...။ အားသစ်က ဒီလိုကိစ္စမျိုးကို တအားရှက်တတ်တယ်။

ညနေအတန်းဆင်းချိန်တွင် သူငယ်များကိုနှုတ်ဆက်ပြီးနောက် အားသစ် အဆောင်သို့ပြန်လာ လိုက်သည်။ အပြင်သွားသောက်ကြမည့် ကောင်ဆိုးလေးများကတော့ တက္ကသိုလ်ပရဝဏ်ထဲက ထွက်သွားကြ ချေပြီ။ အဆောင်ထဲဝင်လာသည့်အချိန်တွင် သူ့အခန်းရှေ့တွင် ငုတ်တုတ်ထိုင်စောင့်နေသည့် နိုင်းချင်းကို မြင်လိုက်ရ၏။ မျက်နှာတည်တည်နှင့် အခန်းတံခါးကို ဖွင့်ဝင်သွားမည့်အချိန်တွင် နိုင်းချင်းသည် သူ့လက်ကို ဆွဲလာခဲ့သည်။

"ဘယ်အချိန်ထိ အခုလို နေဦးမှာလဲ"

"မင်းပြောတာကို ငါနားမလည်ဘူး"

"ဒါကအစ်ကို့ဘဝမဟုတ်ဘူး"

အားသစ်သည် သူ့လက်ဆွဲထားသည့် နိုင်းချင်းလက်ကို ဆောင့်ရုန်းကာ...

"အားသစ်ကရော သူ့ဘဝဟုတ်ရဲ့လား ငါ့အစွမ်းကိုယူပြီး... အခုလိုရှင်သန်နေတာကလေ!"

သူလည်ပင်းကော်လံစကို ဆွဲဆောင့်ပြောလာသည့် အားသစ်ကို နိုင်းချင်းကြည့်သည်။

"အစ်ကိုအားသစ်က ဒီကိစ္စကိုမသိဘူး"

"သူ မသိတာနဲ့ပဲ သူက အပြစ်ကင်းရောလား... ငါ့အစွမ်းနဲ့သူနေနေတာလေ!"

Marmalade [Own Creation]Where stories live. Discover now