The Red String of Fate [Zawgyi]

Start from the beginning
                                    

"Bonjour,Que voulez-vous commander?"
(မင်္ဂလာပါ။ဘာများသုံးဆောင်မလဲ။)

"မင်္ဂလာပါ။ Haute-Alsace University ကိုဘယ်လိုသွားရမလဲ။"
အသံနှစ်သံက တစ်ချိန်ထဲမှာ ထွက်လာခဲ့တယ်။

ကောင်တာက အေပရွန်အညိုရောင် ဝတ်ထားတဲ့ကောင်လေးက ပြုံးလာတယ်။ ညာဘက်ပါးပေါ်က ပါးချိုင့်ပါးပါးလေးတစ်ဖက်ကို မြင်လိုက်ရတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ်တစ်သက်လုံး သုံးလာခဲ့တဲ့ ဘာသာစကားကို ကြားလိုက်ရတာမို့ ပျော်သွားတဲ့အပြုံးမျိုးဖြစ်မယ်။

"Arr... ဆောရီး ဆိုင်ထဲဝင်လာပြီးတစ်ခုခုအရင်မှာရမှာပေါ့။ မေ့သွားတယ်။ တောင်းပန်ပါတယ်။ Coffee Mocha တစ်ခွက်ပေးပါနော်။ Cream နည်းနည်းထည့်မယ်။"

ဆိုင်ဝမှာ ရပ်နေခဲ့တဲ့ကောင်လေးက ပြောရင်းဆိုရင်း သူ့ထက်ကြီးတဲ့ Luggage အညိုရောင်ကြီးကို ဆွဲလို့ ဆိုင်ထဲဝင်လာတယ်။ ထောင့်ဘက်ကျကျ ခုံတစ်ခုံမှာ ထိုင်လိုက်တယ်။ Luggage ကိုဘေးနားချပြီး လွယ်ထားတဲ့ ကျောပိုးအိတ်အနီရောင်လေးကို ချွတ်လို့ သူ့ရဲ့မျက်နှာချင်းဆိုင် ခုံပေါ်တင်တယ်။ ပြီးတော့ မိုးရေစက်တစ်ချို့တင်ကျန်နေတဲ့ ဆံပင်ခွေခွေကောက်ကောက်ညိုညိုတွေကို ခါရမ်းပစ်လိုက်တယ်။ သူ့ပုံစံက ရေစိုတာကိုမကြိုက်လို့ ဒေါပွပြီးရမ်းခါနေတဲ့ အမွှေးပွကြောင်ပေါက်စလေးနဲ့တူတယ်။

"မှာထားတဲ့ Mocha ရပါပြီ။ Haute-Alsace University မှာကျောင်းလာတက်တာလား။ အစ်ကိုလည်းအဲ့တက္ကသိုလ်ကပဲ။ Law Diploma Second Year ပါ။"

သူ့မိတ်ဆက်စကားအဆုံး ကောင်လေးကမော့ကြည့်လာတယ်။ အသားဖြူဖြူ၊မျက်လုံးပြာပြာတွေနဲ့။ ကောင်လေးဘက်ကသာစပြီး မြန်မာလိုမနှုတ်ဆက်ခဲ့ရင် သူ နိုင်ငံခြားသားလို့ပဲထင်မိမှာ သေချာတယ်။ ကောင်လေးကပြုံးပြတယ်။

"အစ်ကို့ကိုတွေ့ရတာကောင်းလိုက်တာ။ ကျွန်တော်တကယ်ဝမ်းသာတယ်။ မလာခင်တုန်းက ဒီကိုရောက်ရင် တစ်လ၊နှစ်လလောက်မြေပုံတစ်ခုနဲ့ ပတ်ချာလည်ရမ်းနေတော့မှာပဲလို့ ထင်ခဲ့တာ။ အခုလည်းမြေပုံနဲ့ ရန်ဖြစ်နေရင်း ကော်ဖီဆိုင်လေးတွေ့လို့ လှမ်းကြည့်တော့ စာအုပ်ဖတ်နေတဲ့အစ်ကိုက မြန်မာနဲ့တအားတူလို့။ ဝင်လာပြီး အရဲစွန့်မြန်မာလို မေးကြည့်လိုက်တာ ဟီး။ ဘာသာစကားတူ၊တက္ကသိုလ်တူတဲ့အပြင် မေဂျာပါတူနေလိမ့်မယ်လို့ ထင်မထားဘူး။"

Short Stories by DianaWhere stories live. Discover now