Part 26 ( Unicode )

Start from the beginning
                                    

တကယ်ပဲလား ။ ကိုမိုး နဲ့ တကယ် ဆင်တူဝတ်ရမှာလား။

"ဆင်တူဝတ်မယ်မလား"

အထွန်း ခေါင်းညိတ်ပြမိသည်ဟု ထင်သည် ။ လောက တစ်ခွင်လုံးသည်လည်း တိတ်ဆိတ်သွားသယောင်။

"ဒါဆို မနက်ဖြန် ဈေးသိမ်းရင် အဝတ်သွားကြည့်ကြမလား ၊ အကိုလည်း မဝယ်ရသေးဘူး "

"ဟုတ်"

အထွန်း တစ်ယောက် ဝမ်းသာအားရပင် ပြန်ဖြေမိတော့သည်။
အခြားသူတွေကို ကြောက်မိပေမယ့် ကိုမိုးနဲ့ အတူဆိုရင်တော့ အထွန်း သွားရဲပါတယ်လေ။

*****

"အထွန်း ဒီအရောင်လေးရော "

"လှတယ်"

"ဒါလေးရော"

"အဲဒါလေးလည်း လှတယ်"

အထွန်း အကြိုက်ဆုံးအရောင်မှာ အဖြူရောင်ဖြစ်သော်လည်း ကိုမိုးက ကြိုက်လျှင် အရောင်အားလုံး လှပါသည်။

ကျော်မိုးသည် ပုဆိုးများကို အသေအချာရွေးနေသော်လည်း အထွန်းမှာမူ မိန်းကလေး အင်္ကျီများသို့သာ စိတ်ရောက်နေသည် ။

အထွန်းသည် ဆိုင်တွင်ချိတ်ထားသော ဝမ်းဆက်တစ်စုံရှေ့သို့ ဖြည်းဖြည်းချင်းကပ်သွားသည်။ ထို့နောက်တွင်မူ မျက်တောင်ပင် မခတ်ဘဲ ငေးကြည့်နေတော့သည်။

အဖြူရောင်နှင့် အဝါရောင်ကို တွဲစပ်ကာ ချုပ်ထားသော ရင်ဖုံးသည် ပိုးထည်ဖြစ်သောကြောင့် ကြည့်ရုံဖြင့်ပင် နူးညံ့နေသည်။ ငွေအိုးပုံ ရွှေကြယ်သီးတို့က ရင်ဖုံးအင်္ကျီကို ပိုမိုထင်ရှားစေသည်။ အဖြူခံပေါ်တွင် အဝါရောင်ချိတ်လိုင်းဖြင့် လှပနေသော လုံချည်သည် ရွှေချည် ငွေချည်များ ထိုးထားသောကြောင့် တလက်လက်ပင် တောက်နေတော့သည်။

အထွန်းက ထိုအင်္ကျီကို ကိုင်ကြည့်သည်။ ချိတ်လိုင်းများကို အမြတ်တနိုးကြည့်သည် ။ ထို့နောက် ကြယ်သီးများကို အသာအယာ ကိုင်ကြည့်လေသည်။

"အထွန်း"

"ဟင် ကိုမိုး"

ကျော်မိုးက အထွန်းကိုကြည့်ပြီးသောအခါ ချိတ်ထားသော ဝတ်စုံ ကို ကြည့်သည်။ ထို့နောက် တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်သည်။

"အထွန်းအပြင်မှာ သွားစောင့်နေမယ်နော်"

အထွန်းက ပြောပြောဆိုဆိုပင် ဆိုင်အပြင်သို့ ထွက်သွားလေသည်။ ကျော်မိုးက အထွန်းကြည့်ခဲ့သော အင်္ကျီကို အသေအချာကြည့်ရင်း

"အစ်မရေ ဒါလေးပါယူမယ်နော်"

"ဟုတ်ကဲ့ ဆိုဒ်ကရော ဒီဆိုဒ်ပဲလားရှင့်"

"အသေးဆုံးဆိုဒ်ပေးပါ"

ပိုက်ဆံရှင်းပြီးထွက်လာသော အခါမှ အထွန်းက အနားသို့ပြေးလာသည်။

"ကိုမိုး ပြန်ကြတော့မလား"

"အင်း ပြန်မယ်လေ ဒါနဲ့ ရော့ ဒါလေးယူသွား"

လက်ထဲသို့ရောက်လာသော အိတ်နှစ်အိတ်ကို အထွန်းက မယူသေးဘဲ လှမ်းကြည့်သည်။

"အထွန်း အတွက်ဝယ်လာတာ ၊ ပြီးတော့ .."

ကိုမိုးက ဘေးဘီသို့ တစ်ချက်ကြည့်ရင်း အထွန်းအနားသို့ကပ်ကာ တိုးတိုးပြောလာသည်။

"ဟိုဝမ်းဆက်ကို အထွန်းဝတ်ချင်လား"

အထွန်း၏ မျက်လုံးတို့သည် ဝိုင်းစက်ရုံသာမက ပြူးကျယ်သွားလေသည် ။ ထို့နောက် ချက်ချင်းပင် မျက်နှာလွှဲလိုက်သည် ။

စိုးရိမ်ခြင်း ၊ ထိတ်လန့်ခြင်း ၊ သိမ်ငယ်ခြင်းနှင့် ဝမ်းနည်းခြင်းတို့သည် အထွန်း၏ မျက်နှာပေါ်သို့ရောက်လာကြပြန်သည်။ အထွန်းက ကျော်မိုးကို စေ့စေ့ပင် ပြန်မကြည့်။ ခေါင်းလည်း မညိတ်မိ သလို ခေါင်းလည်မခါမိ။

*******

အသွေး ဒီနေ့ တော်တော်စိတ်တွေ မကောင်းဘူးရယ်
တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ ဘေးကင်းကြပါစေ

အရာရာ ဂရုစိုက်ကြပါနော်

ချစ်ခြင်းများစွာဖြင့်

HayMarn Thway ♥️


















ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now