"အေးပါ အထွန်းရယ် သွားစမ်းပါ"
"တကယ် မလုပ်နဲ့နော်"
"မလုပ်ဘူး သွားနားတော့"
ထိုအခါမှ အထွန်းက အပင်၏အရိပ်အောက်သို့ ဝင်သည်။ သို့ပါသော်လည်း အထွန်းသည် ဖြောင့်ဖြောင့်တန်းတန်းပင် မသွားနိုင်ရှာ။
"အမေ အဝတ်တွေ အထွန်းလျှော်မှာနော်"
အထွန်းစကား အဆုံးတွင် အမေက မျက်စောင်းထိုးတော့သည်။
"အထွန်း နင်သွားမလား မသွားဘူးလား"
"သွားပြီ"
အပြေးတစ်ပိုင်းထွက်သွားသော အထွန်းသည် ကံ့ကော်ပင်အောက်သို့ရောက်လျှင် ဖိနပ်ကို ခုကာ ထိုင်သည်။
အပင်အောက်တွင် ကြွေကျနေသော ကံ့ကော်ရွက်တို့က မနည်းမနော ။ ခြောက်သွေ့နေသော ကံ့ကော်ရွက်များ သည် လေအဝေ့တွင် လွင့်ကာလွင့်ကာ လှုပ်ရှားနေကြပြန်သည်။
အထွန်းက ခြောက်သွေ့နေသော အရွက်တစ်ရွက်ကို ကောက်ကိုင်သည်။ ထို့နောက် ဟိုကြည့်သည်ကြည့်ဖြင့် သစ်ကိုင်းခြောက်တစ်ခုကို ရှာသည်။ သစ်ကိုင်းခြောက်ကို သေးသေးသွယ်သွယ်ဖြစ်အောင် ချိုးပြီးသောအခါတွင်တော့ အထွန်းသည် အရွက်ပေါ် တွင် အမည်တစ်ခုကို ရေးတော့သည်။
အထွန်းသည် ကျောင်းသေချာမနေခဲ့ရသော်လည်း လက်ရေးကတော့ ဝိုင်းစက်နေလေသည်။ သစ်ရွက်ခြောက်ပေါ်တွင် ညီညာဝိုင်းစက်သော လက်ရေးဖြင့် ရေးထားသော အမည် တစ်ခုသည် သပ်ရပ်စွာ ၊ လှပစွာ ။
********
"အထွန်း အခုတလော နင်ဘာဖြစ်နေတာလဲ"
လှကြည်က မေးလာတော့ အထွန်း ခေါင်းခါပြလိုက်ရင်း
"ဘာမှ မဖြစ်ပါဘူး ၊ ဒီလိုပါပဲ ဈေးရောင်းမကောင်းလို့ပါဟာ"
"ဟဲ့ ဈေးရောင်းမကောင်းတာက နင်တစ်ယောက်တည်း ကျနေတာပဲ ၊ အခုတလော ဘယ်သူမှလည်း ရောင်းကောင်းတယ်မရှိပါဘူးဟာ ဒီလိုပဲ အဆင်ပြေသလို ရောင်းနေရတာပေါ့ ၊ ငါလည်း မရှုံးရင် တော်ပြီလို့ပဲ မှတ်ထားတာ"
"အင်း"
"ဒါနဲ့ အထွန်း ငါ နင့်ကို ပြောပြစရာရှိတယ်"
Part 24 (Unicode)
Začít od začátku