အားသစ်နဲ့... အားသစ်နဲ့တော်တော်ရင်းနှီးပုံရတဲ့ အစ်မကြီး?

"ရှိတဲ့ကျောင်းသားကိုပဲ ပြောလိုက်မယ်လေ သူတို့ဘာသာ အချင်းချင်းသတင်းလက်ဆင့်ကမ်းလိုက် ကြမှာပေါ့"

အစ်မကြီး၏ စကားကို အားသစ်သည် စိတ်မဝင်စားသလိုသာ တုံ့ပြန်လိုက်သည်။

"နင့်သဘောပဲ..."

'ဒါပေမဲ့ သူတို့က မသိကြရင် ဘယ်လိုလုပ်မလဲ'

နှုတ်ကသာ အရေးမစိုက်သလိုလုပ်တာ အားသစ်သည် ဘယ်လောက်ထိ ပူပန်တတ်သလဲဆိုသည်ကို ပြီးခဲ့သည့် ရက်များတွင် အားသစ်၏ အတွေးများကို ကြားနေကျမို့ နိုင်းချင်းကောင်းကောင်းနားလည်သည်။ ရန်လိုတတ်၊ ဘုဘောက်ပြောတတ်ပြီး ပထမနှစ်များအပေါ် သဘောထားဆိုးသည်ဟု နာမည်ကြီးလှသည့် တတိယနှစ်လေ့ကျင့်ရေးအဖွဲ့ခေါင်းဆောင်သည် သူတို့ကို ပူပန်တတ်သည်ကို သူသာလျှင်သိရ၏။ ထိုသို့ တွေးမိတိုင်း အမြဲတမ်းမကျေမနပ်ဖြစ်ဖူးသည့် အတွေးများကို ကြားရသည့် အဖြစ်ကို နိုင်းချင်း ကျေနပ်သွား တတ်လေ့ရှိသည်။

"ဟေ့ အတန်းထဲမှာ ရှိနေတဲ့ကလေးတို့ အစ်မတို့ကို တစ်ချက်နားထောင်ပေးဦး"

တတိယနှစ်ကျောင်းသူသည် စာသင်စင်ပေါ်သို့တက်ကာ ချိုသာသည့်အသံဖြင့် အတန်းထဲတွင် ကျန်ရှိနေသော ကျောင်းသားအနည်းစုကို လှမ်းပြောသည်။

"မင်းတို့ကို ညနေပိုင်းလူသစ်လေ့ကျင့်ရေးမှာလည်း ပြောမယ်ဆိုပေမဲ့ မလာမဲ့ ကျောင်းသားတွေကိုပါ တခါတည်း ပြောပြချင်လို့ အတန်းကို လာပြောလိုက်တာ... အခုက လူမစုံသေးဘူးလား နောက်အတန်းစဖို့ မိနစ်ပိုင်းပဲ လိုတော့တယ်လေ"

"ဒီအတန်းချိန်ပျက်သွားလို့အစ်မ..."

ပထမနှစ်ကျောင်းသားတစ်ဦးသည် တတိယနှစ်ကျောင်းသူကို ပြန်ပြောပြ၏။

"အာ... အဲ့လိုလား"

တတိယနှစ်ကျောင်းသူ၏ မျက်နှာထက်တွင် ဆက်ပြောရနိုးနိုး မပြောရနိုးနိုးဖြစ်သွားတော့သည်။

"ရှိနေတဲ့လူတွေက အစ်မစကားကို တစ်ချက်ကိုယ့်အတန်းဖော်တွေကို လက်ဆင့်ကမ်းပေးပါဦးနော် အခုလရဲ့သုံးပတ်မြောက်မှာ ကျောင်းနှစ်ပတ်လည်ပွဲရှိပြီး ကျောင်းဝန်းထဲမှာ အတန်းကိုယ်စီက သူတို့ရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ ဆိုင်ခန်းတစ်ခုဖွင့်တာဖြစ်ဖြစ် ကျောင်းပြဇာတ်မှာဖြစ်ဖြစ် ပါဝင်တာမျိုးဖြစ်ဖြစ် ဆင်နွှဲလို့ ရပါတယ် အစ်မတို့ကျောင်းရဲ့နှစ်ပတ်လည်က အမြဲတမ်းအခုလိုဖြစ်နေတော့ ပထမနှစ်ကြိုဆိုပွဲက နောက်ကျ တတ်တယ် ဒါကြောင့် ကျောင်းနှစ်ပတ်လည်ပွဲကို ပါဝင်ခြင်းနဲ့ ကူညီကြပါဦး သိလိုတဲ့အချက်အလက်တွေကို ကျောင်းဖိုရမ်မှာဖြစ်စေ၊ ကြော်ငြာသင်ပုန်းတွေမှာ ကပ်ထားတဲ့ စာရွက်တွေပေါ်က ဖုန်းနံပတ်တွေကို ဆက်သွယ်ပြီးဖြစ်စေ မေးမြန်းနိုင်ပါတယ်..."

Marmalade [Own Creation]Où les histoires vivent. Découvrez maintenant