"ပြန်ပို့ပေးရမလား"

ခေါင်းခါပြမိသည်။ ဘခ်ဟျွန်း ထိုပျင်းခြောက်ခြောက် လေ့လာရေးခရီးတွင် မနေချင်။သူ့ဘေးမှာ ကိုယ်စောင့်နတ်ကြီး တစ်ယောက်လုံး အကောင်လုံးလိုက် ရှိပေးနေတာ ပြန်စရာလား။ ရူးလို့။ နောက်တစ်ချက်သည်ကား ဘခ်ဟျွန်း ထိုတတိယနှစ်တွေနှင့် မျက်နှာချင်းမဆိုင်ချင်။ သူ့ကို မကြည်သည့်အမှုနှင့် နောက်ဆက်တွဲတွေ လိုက်မနှောင့်ယှက်ဟု မပြောနိုင်ပေ။ အကြောက်အလန့်မရှိ ရန်ဆွခဲ့ပြီးမှ ယခုတော့ ကြောက်မိသည်ပင်။ ဒုတိယနှစ်တွေနှင့်တင် အနိုင်ကျင့်ခံရမည့် အရေးမှ မနည်း ရှောင်ကွင်းနေရပါသည် ဆိုကာမှ တတိယနှစ်တွေထံမှာပါ ပစ်မှတ် ဖြစ်ရပြန်သည်မို့ သက်ပြင်း ကြိတ်ချမိရုံသာ တတ်နိုင်တော့၏။

စိတ်ငြိမ်အောင်လုပ်ပြီးသည်နှင့် ဘခ်ဟျွန်း ထထိုင်ရန် ပြင်လိုက်သည်။ အခန်းဝတွင် ရပ်နေသော မသိသလိုနှင့် အရင်းနှီးဆုံး မည်သည့်လူကို ဘခ်ဟျွန်း မော့ကြည့်မိလိုက်သည်။ သူစိတ်ထင်လို့လား မသိပေမယ့် ထိုလူ တောင့်နေသလိုပင်။ ပြီးနောက် အကြည့်ချင်းလည်း သိပ်မဆုံ။ သူမေးသမျှ တစ်ခွန်းချင်းဆီတိုင်းကိုပဲ အပိုအလိုမရှိ ပြန်ဖြေကာ နည်းနည်းလေးပင် ရှင်းပြခြင်းအလျဥ်းမရှိ။ သူ့ဘေးတွင် ကိုယ်စောင့်နတ်ကြီး ရှိနေသည်မို့ ယခုအချိန်ထိ အိမ်မက်ဟု ဘခ်ဟျွန်းထင်နေဆဲသာ။ လင်းထင်းနေသော ပတ်ဝန်းကျင်ကတော့ အိမ်မက်မဟုတ်ကြောင်း ပြနေသည့်နှယ်။

"ကျွန်တော် အခုဘယ်ရောက်နေတာလဲ"

ဘခ်ဟျွန်း ဘာမှမဖြစ်ဟန်သာ အေးဆေးမေးလိုက်သော်ငြား သူ့ရင်ထဲ ကဆုန်ပေါက်နေသည်ကို သူသာသိသည်။ အပြင်ဘက်တွေ ကြည့်တော့လည်း လောကကြီးမှာ မြင်ဖို့ခဲလောက်သည့် အလှတရားတွေနှင့် နှင်းမကျ အေးခဲမနေသည့် နေရောင်နွေးနွေးလွှမ်းခြုံထားသည့် ပတ်ဝန်းကျင်။ နတ်ပြည်လား။ မည်သူမှ မသိ မမြင်ရသည့် လျှို့ဝှက်နေရာမျိုးတွေလား။ ခေါင်းထဲဝင်လာသည့် အတွေးပေါင်းစုံကြောင့် တစ်ဖက်အဖြေကို စောင့်မိတော့ ကြားလိုက်ရသည်က ခပ်ပြတ်ပြတ်။

"မြို့စွန်က ငါအိမ်"

"ဩ"

ဘာမျှဆက်မပြောမိဘဲ တော်တော်ကြာသည်အထိ ငြိမ်သက်မိသွား၏။ လေထုက အနည်းငယ်တော့ ကို့ယို့ကားယားနိုင်သော်ငြား သဘောမကျတာတော့မဟုတ်။ ဘခ်ဟျွန်းက အေးဆေးသက်သာနေနေသလို ထိုလူကလည်း အေးဆေးပင်။ အလွန်တရာမှ ရင်းနှီးသည့်လူနှစ်ယောက် တစ်အိမ်တည်း နိုးလာသည့်အတိုင်း နှစ်ဖက်စလုံးက ထူးဆန်းမှုရှိမနေသည့်နှယ်။ ဘခ်ဟျွန်းတစ်ချက်ပြုံးပြရင်း ဆိုလိုက်သည်။

The LOEYWhere stories live. Discover now