ခဏနေတော့ လရိပ်က americano ထည့်ထားသောခွက်ကို ကိုင်လာကာ ဆောင်းဦးအရှေ့မှာတစ်ဖန်ဝင်ထိုင်လိုက်သည်။ထို့နောက် ခွက်ကိုဆောင်းဦးရှေ့ကိုတွန်းပို့လိုက်သည်။ထိုအခါမှ ဆောင်းဦးကသူ့ကိုလှည့်ကြည့်ဖော်ရတော့သည်။

"ဒီမှာ၊သောက်လို့ရပြီ ဆောင်းဦး"

"ကျေးဇူးနော် ဟီးဟီး"

"ရပါတယ်ဗျ။အလုပ်လုပ်နေတာခဏနားပြီး သောက်ကြည့်လိုက်ဦး။ကိုယ့်လက်ရာဘယ်လိုနေလဲ"

"ဟုတ်...ကောင်းတယ်။အမှန်တိုင်းပြောရရင်လေ အစ်ကို့ရဲ့လက်ရာကို ကိုထက်ထက်တောင်ပိုကြိုက်သေးတာ၊သိလား။သောက်ဖူးသမျှထဲမှာ အစ်ကိုဖျော်တာတွေကိုအကြိုက်ဆုံးပဲ"

"အမလေး၊တော်ပါ ဆောင်းဦးရာ။ထက်ဘုန်းညီသာကြားရင်တော့ နောက်ဆိုမင်းကိုကိုယ့်ဆိုင်ကို လာခိုင်းတော့မှာမဟုတ်ဘူး။အဲ့ကောင်လေးသဝန်တိုရင် တော်ရုံမဟုတ်ဘူးလေ ဟားဟား"

ရယ်သံစွက်၍ပြောလာသောကြောင့် ဆောင်းဦးလည်းသူနှင့်အတူ စက္ကန့်ပိုင်းမျှလိုက်ရယ်မိသည်။

"ဒါဆိုအေးဆေးစာရေးလိုက်ဦးနော်။အစ်ကိုလည်း လုပ်စရာရှိတာတွေ သွားလုပ်လိုက်ဦးမယ်။တစ်ခုခုလိုတာရှိရင် ခေါ်လိုက်နော်။Counter နားမှာ အစ်ကိုရှိတယ်"

"ဟုတ်၊အစ်ကိုသာလုပ်စရာရှိတာသွားလုပ်"

ထွက်သွားသောလရိပ်၏ကျောပြင်ကိုကြည့်ပြီး ကော်ဖီကိုနောက်တစ်ငုံထပ်သောက်လိုက်သည်။ခါးသက်သက်အရသာက လည်ချောင်းတစ်လျှောက်စီးဝင်သွားသည်။ပြီးတော့မှ ခွက်ကိုစားပွဲပေါ်တင်လိုက်ကာ သူလည်းလုပ်စရာရှိတာ ဆက်လုပ်တော့သည်။

ခေါင်းထဲမှထွက်သမျှကို ရေးချနေရင်းနှင့်ပင် သုံးနာရီလောက်ကြာတော့ သူရေးရမည့်လေးပုံတစ်ပုံလောက်ကို အကြမ်းဖျင်းရေးလို့ပြီးသွားတော့သည်။မျက်လုံးကိုဆက်တိုက် အလုပ်ပေးထားရသည့်အတွက် မျက်လုံးကိုအနားပေးရန် laptop ကို ပိတ်ချလိုက်သည်။

ထို့နောက် ခွက်ထဲမှာရှိသော လက်ကျန်ကော်ဖီကို မော့သောက်ပစ်လိုက်သည်။Laptopနှင့်စာအုပ်ကို သူ့လွယ်အိတ်အနက်ရောင်ထဲကိုထည့်နေရင်း အချိန်ကိုကြည့်လိုက်တော့ ငါးနာရီကျော်နေပြီဖြစ်သောကြောင့် ထက်ဘုန်းကိုဖုန်းဆက်လိုက်သည်။

My Nerdy BoyWhere stories live. Discover now