သိသိသာသာစူပုပ်သွားသော chanyeol က မျက်ဝန်းစိမ်းများတွင် အာခံနေဟန်အပြည့်။ အဖေကလည်း သူ့ထက်မလျော့သည့် စိမ်းရင့်ရောင်သန်းနေသော မျက်ဝန်းများဖြင့် ဖိနှိပ်လာ၏။

"အခုလိုက်ခဲ့လို့ငါပြောနေတယ်"

chanyeol သက်ပြင်းတစ်ချက်ဆောင့်ချကာ တောအုပ်ထံ မြင်ရသလောက် အကွာအဝေးချုံ့ကြည့်လိုက်သည်။ အထဲတောနက်တွေထိ မမြင်ရတော့သော်ငြား ပြေးလွှားနေသည့် ခြေသံများကိုတော့ နားထဲတိုက်ရိုက် ကြားလိုက်ရသည်မို့ အံတင်းတင်းကြိတ်လိုက်မိသည်။ နေနှင့်ဦးပေါ့။ တွေ့လို့ကတော့ အရေခွံစုတ်ပစ်မည်။

တွေးပြီးသည်နှင့် ချက်ချင်းပင် အဖေ့နားလျှောက်သွားလိုက်သည်။

"သခင်လေးလည်းလေ့ကျင့်ရပါမယ်၊ လိုက်ခဲ့ပေးပါ"

"ဟုတ်"

ချက်ချင်းပင် လက်ထဲကစာအုပ်လေးချကာ မပြေးရုံတမယ် အမြန်လျှောက်လာသော sehun ။

လေ့ကျင့်ရေးဆင်းသည်ဟူသည်ကား သူတို့တစ်ယောက်ချင်းဆီအလိုက် ရရှိထားသော စွမ်းအားများကို ထိန်းချုပ်နိုင်ရန်နှင့် လုပ်နိုင်စွမ်းတို့ကိုမြှင့်တင်ရန် သင်ကြားပေးခြင်းသာ ဖြစ်သည်။ စာတွေ့နှင့်မဟုတ်ဘဲ လက်တွေ့ဖြစ်သည်ကတော့ တစ်ချက်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း စွမ်းအားတက်သွားတိုင်း အဆင့်တူများနှင့် တစ်လတစ်ကြိမ် တိုက်ခိုက်ခိုင်းသည်။ အသေမသတ်ရုံကလွဲ၍ စည်းမျဥ်းမရှိ။

chanyeol နှင့် sehun ကတော့ တခြားကလေးများနှင့်မတူ၊ သီးသန့်အတန်းဖြင့်သာ လေ့ကျင့်သင်ကြားပေးသည်။ အဆင့်များက သာမန်ကလေးများထက် ကျော်လွန်နေသည့်အပြင် တိုးတက်နှုန်းမြန်သည်မို့။ သူတို့နှစ်ယောက်အပြင် တခြားတစ်ယောက်ဖြစ်သော ချန်းဝူးဟူသည့် ဆယ်ဟွန်း၏ တစ်ဝမ်းကွဲအစ်ကိုလည်း ရှိပါသေးသည်။ သူကတော့ တိုးတက်နှုန်းမြန်သည်ဆိုသည်ထက် မွေးရာပါ ရရှိလာသည့် စွမ်းအားကိုက အဆင့်မြင့်နေခြင်းဖြစ်သည်။

အဆိပ် တဲ့။

အဆိပ်ဆိုသည်ကလွဲ၍ အဖေက chanyeol တို့ကို သေချာရှင်းပြခြင်းမရှိပါ။ သူတို့ထံတွင်လည်း သိခွင့်မရှိသလို မေးခွင့်လည်းမရှိ။ အချင်းချင်း တီးတိုးမေး၍ သိရလျှင်တော့ တစ်မျိုးပေါ့။ တစ်ယောက်နှင့်တစ်ယောက်၏ စွမ်းအားများကို အချင်းချင်း လက်ရည်ယှဥ်ပြီဆိုတော့မှသာ မြင်ခွင့်ပေးပြီး ကိုယ်တိုင် အတွေးအမြင်နှင့်သာ ဆုံးဖြတ်စေသည်။

The LOEYWhere stories live. Discover now