ကြီးမြကို နှုတ်လည်းဆက်ချင်တယ် ၊ နှုတ်လည်း မဆက်ချင်ဘူး ။
ကြီးမြက အထွန်းကိုမှ သဘောမကျတာ ။ဒီတော့လည်း ကြီးမြ ပြန်တဲ့ အထိ စောင့်ရုံပေါ့ ။
အထွန်းတစ်ယောက် မှန်ရှေ့တွင် ကျုံ့ကျုံ့လေးထိုင်ရင်း သနပ်ခါးကို အားရပါးရသွေးသည် ။
သနပ်ခါးလိမ်းရင် အသားဖြူတယ်တဲ့ ၊ အထွန်းလည်း သနပ်ခါး လိမ်းရမယ် ။အထွန်းက ပါးကွက်ခပ်ကြီးကြီး ကွက်ပြီးသောအခါ ညီအောင် ညှိသည် ။ ထို့နောက် ခြေရော လက်ရော ကိုပါ ဖွေးနေအောင်လိမ်းပြန်သည်။
သနပ်ခါးလိမ်းပြီးသော အခါတွင်တော့ အထွန်း အပြင်ဘက်သို့ နားစွင့်လိုက်သည်။
"ဒါဆို မနက်ဖြန်စောစော လာခဲ့လေ "
ကြီးမြ ပြန်တော့မလားမသိဘူး ။
"ဒါနဲ့ နင့်သားရော ၊ ခုနက တွေ့လိုက်ပါတယ် "
သွားပြီ ၊ ဘယ်တတ်နိုင်မလဲ ၊ အထွန်းကို မေးနေတော့လည်း နှုတ်ဆက်ရတော့မှာပေါ့။
"အထွန်းရေ "
"လာပြီ"
အမေ့ ခေါ်သံကြောင့် အထွန်း ချက်ချင်းပင် အသံပြုရင်း ထွက်လာလိုက်သည် ။
" ကြီးမြ နေကောင်းလား"
သနပ်ခါးကို ခြေရော လက်ရော လိမ်းကာ ပါးကွက် နှစ်ဖက် ကွက်ထားသော အထွန်းကို ကြီးမြက ခြေဆုံးခေါင်းဆုံး ကြည့်သည်။
"ရင်မေ နင့်သားက ဒီလိုပဲနေတော့မှာလား"
အထွန်းသိသားပဲ ၊ တွေ့တာနဲ့ ဒီလိုပြောတော့မယ်ဆိုတာ အထွန်းသိတယ် ၊ ဒါကြောင့် အထဲမှာ ထိုင်နေတာ ။
"အစ်မရယ် သူ နေတတ်သလိုနေပါစေ"
"ငါက အားမရလို့ပြောနေတာ ၊ နင့်သား ပုံစံကိုလည်း ကြည့်ဦး ဘယ်နေရာ အားကိုးရမှာလဲ ၊ ငါတို့ရပ်ကွက်က ဖိုးအေး နဲ့များ တခြားစီ "
အဲဒါတွေကို အထွန်းစိတ်ညစ်တာ ၊ အထွန်းကိုဆိုရင် ကြည့်ပြီး ပြောမယ်ဆိုတာ ချည်းပဲ။ ဖိုးအေး က အလုပ်ကြမ်းသာ လုပ်နိုင်တာပါ ၊ အရက်လည်းသောက်သေး ၊ ကြက်လည်း တိုက်သေး ။ ပြီးတော့ မူးလာရင် သူ့အမေကိုတောင် ရိုက်လား နှက်လားနဲ့ ။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 11 ( Unicode )
Start from the beginning