ဒါပေမယ့် ဘာလုပ်ရမှာလဲ ၊ အထွန်းက ရုပ်မှ မချောတာ။
"အထွန်း"
ကိုမိုးအသံနဲ့ တူလိုက်တာဟု တွေးမိပြီးမှ လှည့်ကြည့်လိုက်တော့ ကိုမိုးက လက်ယမ်းပြရင်း လမ်းလျှောက်လာသည်။
"ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
ဘာထိုင်လုပ်လုပ်ပေါ့ ဟု ပြောလိုက်ချင်သော်လည်း တကယ်တမ်းတွင်တော့ ပြုံးသာ ပြလိုက်မိပါသည်။
"နေပူလို့ ခဏနားနေတာပါ "
နေပူလို့ ဟူသော စကားကြောင့် ကိုမိုးက ကောင်းကင်ကို မော့ကြည့်သည်။
"နေကျနေပါပြီ အထွန်းရဲ့ "
နေကျမှန်းတော့ သိတာပေါ့ ပူနေတဲ့ ရင်က အထွန်းရင်ထဲမှာလေ ။ ဘာလို့ ပူမှန်းတော့ အထွန်းလည်း မသိဘူး ကိုမိုးရဲ့။
ကိုမိုးက ရုတ်တရက် အထွန်းဘေးတွင် လာထိုင်တော့ လန့်ပင်သွားမိသည်။
အထွန်းတို့က ဒီအတိုင်းသာ ရင်းနှီးနေတာ ဘေးချင်းကပ်ဆိုလို့ ထိုင်ဖူးတာမှမဟုတ်ဘဲ။
"လေက အေးနေတာပဲကွာ"
ခြေနှစ်ချောင်းကို ဆန့်ရင်း တိုးတိုးဆိုတော့ အထွန်း ရယ်သာ ပြလိုက်သည်။
လေကပဲ အေးတာပါ ၊ အထွန်းရင်ကတော့ မအေးဘူး ။
"ကိုမိုးတို့အိမ်မှာ ပွဲရှိတယ်ဆို"
"အင်း ဟုတ်တယ် ၊ စာမေးပွဲအောင်လို့ လုပ်တာလေ "
ဟုတ်သားပဲ ကိုမိုးက တက္ကသိုလ်ကျောင်းသားပဲကို ။
" အထွန်း လာခဲ့မလား "
"ဟင့်အင်း ၊ မလာတော့ပါဘူး "
အထွန်း နဲ့ ဆိုင်တဲ့ ပွဲမှ မဟုတ်တာ ၊ ပြီးတော့ အထွန်းသွားသင့်တဲ့ နေရာလည်း မဟုတ်ဘူးလေ။
ကိုမိုးတို့က ပညာတတ်တဲ့ သူတွေ ၊ အထွန်းက ကျောင်းတောင် သေချာတက်ခဲ့ရတာမဟုတ်ဘူး ။ တွေးရင်းကပင် သိမ်ငယ်သလို ခံစားလာရသည်။ အထွန်းလည်း ကျောင်းတက်ချင်လိုက်တာ။
"အထွန်း ပြန်တော့မယ်နော် "
အထွန်းက မတ်တပ်ထရပ်တော့ ကိုမိုးကပါ ထလာသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 5 ( Unicode )
Start from the beginning