14

4.2K 761 59
                                    

"ခင်ဗျား အခု ကျွန်တော့်ကို အလုပ်ဖြုတ်လိုက်တာလား"

သူ့ကိုယ်သူ လက်ညိုးပြန်ထိုး၍ မယုံနိုင်စွာ မေးလာသည့် ကောင်လေးကို ယပိုင် အေးဆေးစွာပင် ခေါင်းညိတ်ပြလိုက်သည်။ ကော်ဖီဆိုင်တွင်း အဆိုတော် ဝိုင်ဝိုင်း၏ "ဝဋ်ကြွေး" သီချင်းသံက ခပ်တိုးတိုး ပျံလွှင့်နေသည်။ ဆိုင်ထဲတွင် လူသိပ်မရှိ။

"ခင်ဗျား လာနောက်နေတာလား"

ခန့်ငြိမ်းသာ သွားကြားထဲမှ လေတိုးသံဖြင့် အံကြိတ်ကာ စကားဆိုသည်။

"ဒါက ဒီရက်တွေအတွက် လစာ။ တစ်လ မပြည့်သေးပေမဲ့ အစ်ကို တစ်လစာအပြည့်ထည့်ထားပေးတယ်"

မျက်စိရှေ့ ထိုးပေးလာတဲ့ စာအိတ်အဖြူလေးကြောင့် ခန့်ငြိမ်းသာ အသားတွေတုန်လာသည်။ ဒီအရွယ်ထိ လူတိုင်းအပေါ် ခပ်ချေချေနေခဲ့သော်လည်း ထိုသို့ မစော်ကားဖူးခဲ့ပါ။

"ခင်ဗျား!"

သူ့အား လက်ညိုးထိုးကာ မျက်လုံးတွေ နီရဲ၍ မျက်ရည်တွေ ဝိုင်းလာသည့် ကောင်လေးကြောင့် ယပိုင် လန့်သွားသည်။ ကြောက်လည်းကြောက်ပါသည်။ နည်းလမ်း မှန်ကန်ရဲ့လား မသိပေမဲ့ သူ ခန့်နဲ့ ဝေးမှဖြစ်မည်။ နီးစပ်ဖို့က မဖြစ်နိုင်။ နီးစပ်လာဖို့က ပို၍ပင် မဖြစ်နိုင်ပါ။

"ခင်ဗျား ကျွန်တော့်ကို ဒီပိုက်ဆံလောက်နဲ့ လာစော်ကားနေတာလား"

ယပိုင် လည်ချောင်းတွေ ခြောက်ကပ်လာသည်။ အသံထွက်သည်နှင့် သူ ခန့်ရှေ့ ဒူးထောက်ချမိတော့မှာ။ လည်ပင်းထဲ စူးတစ်ချောင်း ထိုးစိုက်လိုက်သလို သူနာကျင်လာသည်။

ခေါင်းငုံ့ကာ ငြိမ်နေသည့် ဘဲကြီးကြောင့် ကိုခန့် အရမ်း ဝမ်းနည်းလာသည်။ မခံချင်စိတ်ကလည်း ကြီးစိုးလာ၏။ သူ့လိုကောင်မျိုးက ဒီလောက် စေတနာတွေ ထားခဲ့ပေးတာကိုတောင်။ တစ်သက်တစ်ကိုယ် ဘယ်သူစိမ်းအပေါ်ကိုမှ သူ ဒီလို သဘောမကောင်းခဲ့ဖူးပါ။

"ကျွန်တော် Gay ဖြစ်နေလို့မလား"

အေးစက်စက် စကားလုံးကြောင့် ယပိုင့် နှလုံးသား ဟုန်းခနဲ ဖြစ်သွားသည်။မဟုတ်တာ။ ခပ်စိမ်းစိမ်းအကြည့်တွေက ရင်ထဲထိ ထိုးဖောက်တော့ ဒဏ်ရာက အတွင်းနက်နက်ထိ ဝင်သည်။ ကိုယ် Gayဖြစ်နေလို့ပါကွာ။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now