11

4.8K 812 111
                                    

တွေးလေ မကျေနပ်လေ ဖြစ်တာကြောင့် ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ထားလိုက်သည်။ ညောင်းလာမှ ပြန်ချမယ်။

ကျစ်..အဲ့ဘဲက အာလူးပဲ။ တကယ်ဆို သူလာတွေ့ပေးတာကိုပဲ ကျေးဇူးပြန်တင်ဦးလေ။ အခုက ဘာအချိုးလဲ။ တစ်ယောက်တည်း ထားခဲ့ပြီး ပြန်သွားရက်တယ်ပေါ့။ ခင်ဗျား နောက်တစ်ခေါက်တွေ့ရင် သေပြီမှတ်။

လူတွေကလေ အရောဝင်ရင် သိပ်ရောင့်တက်တာပဲ။ အူကြောင်ကြောင် ဒီဇိုင်းနဲ့ လူကို အနိုင်ယူသွားတာ။ မကျေနပ်စိတ်ကြောင့် မြှောက်ထောင်ထားသည့် ခြေထောက်နှစ်ချောင်းကို လေထဲမှာပဲ လှုပ်ခါလိုက်သည်။

မုန်းလိုက်တာ တောသားကြီး။

/ဒေါက်..ဒေါက်../

"သားငယ်..အပြင် ခဏထွက်ခဲ့"

အခန်းပြင်က ဖေ့ခေါ်သံကြောင့် အိပ်ယာထဲမှ လူးလွန့်ကာ ထလိုက်သည်။ အိပ်ယာထက်မှ မြင်ရသည် မှန်ပြင်အား အကြည့်ပို့မိတော့ ဆံပင်တွေက ငှက်သိုက်အလား။ ဖေ့ ရှေ့ကို ဒီပုံအတိုင်းတော့ ထွက်သွား၍ မရ။ ဖေ က မေ့ထက်စာရင် နည်းနည်း ဇီဇာကြောင်တယ်။ ဒါတောင် မေ က ဆရာဝန်။ ဖေ က စီးပွားရေးသမား။

"ဖေ။"

ဧည့်ခန်းထဲတွင် သတင်းကြည့်နေသော ဖေ က ကိုခန့်ကို ပြုံးကာ လှည့်ကြည့်သည်။ တကယ်ဆို ဖေ ပြုံးတာ သိပ်ရှားပါတယ်။ မျက်မှန်အောက်က ဖေ့မျက်ဝန်းတွေက အနည်းငယ် ပင်ပန်းနေပုံရ၏။

"သားငယ် ဘာလုပ်ဖို့စဉ်းစားထားလဲ"

"ဗျာ။ ဘာလုပ်ရမှာလဲ ဖေ"

ဟုတ်သည်လေ။ သူက ဘာကိုလုပ်ရမည်လဲ။

"တက္ကသိုလ် လေးနှစ်လဲ တက်ပြီးပြီ။ ပိုက်ဆံရှာခိုင်းတာ မဟုတ်ဘူး အလုပ်လုပ်ခိုင်းတာ"

ဖေ က စကားကို လူကြားကောင်းအောင် ပြောပြန်ပြီ။ တကယ်ဆို ပိုက်ဆံရှာခိုင်းတာပဲမလား။ မေ တောင် သူ့ကို အလုပ်မခိုင်းတာ။

"အေးဆေးပေါ့ ဖေ ရာ။ အောင်စာရင်းတောင် မထွက်သေးတာ"

"မရဘူး။ အလေလိုက်မနေနဲ့ အလုပ်တစ်ခု ရှာ။ မဟုတ်ရင် ဖေ့စီးပွားကို ဝိုင်းကူရမယ်"

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now