1

14.7K 1.6K 286
                                    

ညောင်ဦးမြို့က ရွာတစ်ရွာ။
နေဝန်းနီနီအောက် ဧရာဝတီရေစီးသံ၊ လှည်းဝင်ရိုးသံ တညံညံ နဲ့အတူ ယပိုင့်ရဲ့ သီချင်းညည်းသံက မြူးကြွလို့နေသည်။

🎶အိုးလေးလှုပ်ကာ လမ်းလျှောက်သွားရင် ကောင်လေးတွေ ကြည့်မယ်🎶

"ဟေ့ရောင် ယပိုင်၊ ခါးလေး လှုပ်တာပါကွ"

"အော် အေး..အိုးတွေပဲ မြင်နေရတော့ လွဲသွားတာ.."

🎶အိုးလေးတစ်ဖက်ကို ပင့်ပြလိုက်ရင် တစ်ပုံကြီး ပါလာမယ်🎶

ယပိုင် က နွားလှည်းမောင်းရင်း ရှေ့မှ ပေါက်ကရဆိုနေသည်များကို နောက်တွင်ထိုင်နေသည့် သာထူးတို့ အုပ်စုက စပ်ဖြီးဖြီး မျက်နှာများဖြင့် ခေါင်းညိတ်ကာ သံယောင်လိုက်ကြသည်။

🎶အိုးလေးလှုပ်ကာ လမ်းလျှောက်သွားရင် ကောင်လေးတွေ ကြည့်မယ်🎶

🎶အိုးလေးတစ်ဖက်ကို ပင့်ပြလိုက်ရင် တစ်ပုံကြီး ပါလာမယ်🎶

"ဟဲ့ ရွာဇော်..နင်လွန်လာပြီနော်။ ငါ သူကြီးကို သွားတိုင်တော့မှာ"

ပျိုပျိုမေက ရေအိုးလေးကို ရွက်ကာ နွားလှည်းဖြင့် ဘေးမှ လိုက်စနေသည့် ယပိုင့်အား မျက်စောင်းထိုးသည်။

"အမယ်။ ပျိုမေ၊ နင့်က ယောက္ခမကြီးကိုပါ တွေ့ချင်နေပြီပေါ့လေ"

ယပိုင်က နွားကို ကြိမ်ဖြင့် လှမ်းတို့ရင်း ပျိုပျိုမေကို မျက်စပစ်ကာ စပြန်သည်။

"နင်နော် ပြောလေကဲလေပါလား"

"ပျိုမေရယ်၊ ညည်းက ကြိတ်သဘောခွေ့နေပြီးတော့မှ ခွေးပေါက်လေးလို ရန်မူမနေပါနဲ့အေ"

ရေခပ်ဆင်းသည့် အပေါင်းအဖော်များကပါ ဝင်ရောက် စနောက်လာသဖြင့် ပျိုပျိုမေက ရှက်သွေးဖြာလာတော့သည်။

သနပ်ခါး ပါးကွက်ကြားကို လှပသေသပ်စွာ လိမ်းခြယ်ပြီး ညနေခင်းတိုင်း ရေခပ်ဆင်းကြသည့် ပျိုပျိုမေတို့ မိန်းမပျို အုပ်စုအား ရွာသူကြီး၏သားဖြစ်သူ နေယပိုင်က ထိုကဲ့သို့ လိုက်လံစနောက်လေ့ ရှိသည်။

ပျိပျိုမေက သဘောမကျလှသည်တော့ မဟုတ်ပေ။ ယပိုင်က ရွာတွင်တစ်ဦးတည်းသော တက္ကသိုလ်တက်ဖူးသည့် ကာလသားလူပျိုဖြစ်သည့်အပြင် ရုပ်ရည်ကလည်း ချောသည်။ ခန္ဓာကိုယ် ဝံ့ဝံ့ထွားထွားဖြင့် ရွာရှိ မိန်းမပျိုတို့၏ အမွှေစိန်မင်းသား တစ်ပါးဆိုလည်း မမှားပေ။ ထို့ကြောင့် ယပိုင် စနောက်သည့် အခါတိုင်း ပျိုပျိုမေမှာ ရှက်သွေးဖြာကာ ခြေလှမ်းတို့ မှားရပါသည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now