The End

36.6K 1.2K 12
                                    

“ ဆရာ ”

စိုင်းလေး ပြန်ပေးသွားခဲ့သော လက်စွပ်ကလေးကို ငေးစိုက်ကြည့်ရင်း စဉ်းစားတွေဝေ၍
တမှိုင်မှိုင် တထွေထွေဖြစ်နေသော ထွန်းကိုကို ဘေးမှာ နေလင်းက ဝင်ထိုင်လိုက်သည်။ ထွန်းကိုကိုက လက်စွပ်ကလေးကို ဘောင်းဘီအိတ်ကပ်ထဲ လျှင်မြန်စွာထည့်လိုက်၏။

“ မနေ့က ဧည့်သည်အတွက် မုန့်လာပို့ရင်းနဲ့
ဆရာတို့ပြောတာတွေကို ကျတော်
အကုန်ကြားပါတယ် ဆရာ ”

ထွန်းကိုကို အံ့ဩဟန်မပြဘဲ သူ ပြောလာမည့်စကားကို ငြိမ်သက်စွာ နားထောင်နေ၏။

“ ဆရာ ခွင့်ပြုမယ်ဆိုရင် ကျနော် တစ်ခုဝင်ပြောချင်လို့ပါ။ ဆရာ့ကို ကိုယ့်အကိုတစ်ယောက်လို သဘောထားလို့ စေတနာသပ်သပ်ပါ ”

“ ဟုတ် ပြောပါ ဆရာ ”

“ ဆရာထွန်းကိုကို ဘာလို့ ဒီစခန်းကိုရောက်လာခဲ့လဲဆိုတာ သေချာမသိပေမယ့် ဆရာ့မှာ ဆရာဝန်ကောင်းတစ်ယောက်ရဲ့ နှလုံးသားမျိုးရှိတယ်လို့ ကျ‌နော်တို့ သိပါတယ် ”

နေလင်းက စကားကို ဤနေရာတွင်ခဏရပ်လိုက်ပြီးတော့မှ နောက်ဆက်တွဲစကားကို အားနာနာဖြင့် ဆက်ပြောရသည်။

“  ဒါပေမယ့် ဆရာက ချစ်သူကောင်းတစ်ယောက်တော့မဟုတ်နေဘူး  ဆရာ။ လူတစ်ယောက်ကို တစ်သက်လုံး
စိတ်ဒဏ်ရာရအောင်လုပ်ပြီး ဒီမှာ လာကူညီပေးနေတာ
ဆရာ နောင်တမရဘူးလို့ လိပ်ပြာလုံလုံ ပြောရဲရဲ့လား ”

အရှိုက်ကိုထိသွားသဖြင့် ထွန်းကိုကို အောင့်သက်သက်ဖြစ်သွားပါသည်။

“ ကျတော့် စကားရင့်သွားရင် Sorry ပါဆရာ။ ဆရာ တစ်သက်လုံး နောင်တကြီးနဲ့ နေသွားရမှာမျိုးတော့ မဖြစ်စေချင်လို့ပါ။ နောက်ပြီး ဒီစခန်းကို နောက်သုံးလေးရက်နေရင် ကျနော့်မိတ်ဆွေ ဆရာဝန်နှစ်ယောက်လဲ ရောက်လာဦးမှာပဲဟာ ”

နေလင်းက တွေးတွေးဆဆဖြင့် ပြောပြီးနောက်
အနားက ထွက်သွားသောအခါ ထွန်းကိုကို
တစ်ယောက်တည်း တွေးကျန်ရစ်ခဲ့သည်။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်၏။ စိုင်းကို စာတစ်စောင်ဖြင့် ပစ်စလက်ခတ် ထားရက်နိုင်ခဲ့သည့် သူ့လုပ်ရပ်သည်
တစ်ချိန်က သူရွံရှာစက်ဆုပ်ခဲ့ရသည့် သက်သက်ဝေ၏ ခြေရာကိုလိုက်နင်းသလိုဖြစ်နေသည်မှာ အမှန်ပင်ဖြစ်၏။ သက်သက်ဝေ၏ စွန့်ပစ်ခြင်းကိုခံရစဉ် သူ ကြုံတွေ့ရင်ဆိုင်ရသည့် ပူလောင်စွာ ခါးသီးနာကျင်ရသည့် ဝေဒနာမျိုး စိုင်းကို တကယ်ပဲ ခံစားရက်စေနိုင်လား။
သူ သက်သက်ဝေအပေါ် ထားရှိခဲ့သည့် ကမ္ဘာမကြေမုန်းတီးမှုမျိုး စိုင်း သူ့အပေါ်ထားရှိထားရှိသွားမည်ကို
စိတ်ကူးကြည့်ရုံနှင့်ပင်လျှင် သူ အင်မတန် ကြောက်ရွံ့စွာ ချောက်ခြားသွားသလိုခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ ထွန်းကိုကို ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချနိုင်သွားခဲ့သည်။ သူ စိုင်းအနောက်သို့
လိုက်သွားပါတော့မည်။ သို့သော် စိုင်း ဤပြည်နယ်ကနေ ထွက်ခွာသွားတော့မည့် မနက်မှာပဲ သူတို့စခန်း၌ မမျှော်လင့်ထားသော ပြဿနာတစ်ခုပေါ်ပေါက်လာခဲ့၏။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now