Part 24

3.4K 271 20
                                    

Unicode

"တစ်ယောက်တည်း နေခဲ့လို့ ဖြစ်ပါ့မလား"

မမက ထမင်းချိုင့် ပြင်ဆင်နေရင်းက လှမ်းမေးသည်မို့ ခေါင်းညိတ်ပြလိုက်ရင်း -

"ဖြစ်ပါတယ် မမရဲ့၊ ပိုင်ခန့်ကလည်း နေ့လည်လောက် ပြန်ရောက်မယ်ပြောတယ်၊ ပြီးတော့ ကျွန်တော်လည်း သက်သာနေပါပြီ"

ပိုင်ခန့်က မနက်အစောကြီး အလုပ်ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားသည်။ ညကတည်းက မနက်ကျရင် ဆေးသောက်ဖို့ မေ့မနေနဲ့ဦး ဆိုတာရယ်၊ သူ နေ့လည်လောက် ပြန်ရောက်မယ် ဆိုတာရယ်ကို မှာထား၏။ ပိုင်ခန့်က ဗညားထွဋ်ခေါင်ထက် နှစ်နှစ်သာ ကြီးပေမယ့်၊ လူကြီးတစ်ယောက်လိုပင်။ သူ့ကိုယ်သူက လွဲပြီး မမနဲ့ ဗညားကိုဆို အရမ်းစိတ်ပူတတ်သည်။ အခုလည်း ဒဏ်ရာက ‌လုံး၀သက်သာသလောက် ဖြစ်နေပေမယ့်၊ ဆေးကို ရက်ပြည့်တဲ့အထိ အတင်းသောက်ခိုင်းနေတုန်း ဖြစ်သည်။ သူကိုယ်တိုင်ကတော့ နေ့ညမရွေး အလုပ်ရှိရင် အကုန်လုပ်ပြီး ကိုယ့်ကိုယ်ကို ဘယ်တော့မှ မညှာသော သူမျိုး။

"ကိုခန့်က မမကို သေချာမှာသွားတာ၊ ဗညား ဆေးသောက်ဖို့ မေ့နေမှာရော၊ တစ်ယောက်တည်းကျန်ခဲ့တုန်း ခေါင်းတွေဘာတွေ ပြန်မူးနေမှာရော စိုးလို့တဲ့"

"မမူးတော့ပါဘူး၊ အခု တော်တော်ကို သက်သာနေပြီ၊ ဆေးသောက်ဖို့လည်း မမေ့ပါဘူး"

"နေ့လည်စာ စားဖို့ လုပ်ပေးထားခဲ့တယ်၊ အစာလည်း ၀င်အောင်စားပြီးမှ ဆေးသောက်နော်၊ ပြီးတော့ တစ်ခုခုဖြစ်ရင် မမကို ဖုန်းဆက် ကြားလား"

"ဟုတ်ကဲ့ပါ မမရဲ့၊ စိတ်ချပါ"

မမက ထမင်းချိုင့်အိတ်ကို ယူကာ သွားဖို့ပြင်တော့မှ၊ လက်စွပ်ကိစ္စကို သတိရလိုက်ရင်း -

"မမ ... ကျွန်တော် တစ်ခုလောက် အကူညီတောင်းမလို့"

"ပြောလေ .. ဗညား"

ဗညားထွဋ်ခေါင် လက်မှာ၀တ်ထားသော လက်စွပ်အား ချွတ်လိုက်ရင်း -

"ကျွန်တော့်ကို ဒါလေး ရောင်းပေးပါလား"

မမက လက်စွပ်ကို လှမ်းကြည့်ပြီး ယူတော့ မယူချေ။

Magic Hides My ManWhere stories live. Discover now