စိုင်းစောအယ် သေဆုံးမှုသည် ပဒေသရာဇ်တော်လှန်ရေးသမားများအတွက်တော့ သိပ်ကိုခံပြင်းစရာဖြစ်ရ၏။ သို့ရာတွင်မူ လက်ရှိအချိန်တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများကသာ အာဏာရနေသည်မို့ ရှမ်းတော်လှန်ရေးသမားများသည် အဘယ်သောအင်အားဖြင့် စော်ဘွားတို့အား ရင်ဆိုင်ရပါမည်နည်း။
ဖြစ်ပုံမှာ ဤသို့ဖြစ်၏။
စိုင်းမောက်မှာ မိမိတို့စော်ဘွားမျိုးနွယ်များ အာဏာစက်မြဲမြံရေးအတွက် စိုင်းစောအယ်ကဲ့သို့ အရည်အချင်းပြည့်ဝသော ရှမ်းအမျိုးသားများကို ရှင်းထုတ်ပစ်ချင်ခဲ့သည်။ အကယ်၍ စိုင်းမောက်မှာ စိုင်းစောအယ်၏ နယ်မြေအတွင်းသို့ သွားရောက်ကာ စိုင်းစောအယ်အား သုတ်သင်ပစ်လျှင်မူ ရှမ်းလူထုတို့၏ ပုန်ကန်မှုသည် ပိုမိုအားကောင်းလာမည်သာ ဖြစ်သည်။
သို့ဖြစ်၍ စိုင်းစောအယ် ရှမ်းပြည်၌ မရှိချိန်တွင် တစ်ယောက်တည်းကျန်ခဲ့လေသော အမယ်အိုကြီးအား ညှင်းပန်းနှိပ်စက်ကာ စိုင်းစောအယ် မိမိတို့ပိုင်နက်အတွင်းသို့ အလိုလိုရောက်လာစေရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။
စိုင်းစောအယ်မှာ စိုင်းမောက်၏ ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ အော်ဟစ်သောင်းကျန်းခဲ့သည်ဖြစ်ရာ အဘယ်သူကများ စိုင်းစောအယ်၏ သေဆုံးမှုအတွက် ရင်ဆိုင်ရဲပါမည်နည်း။
အမှန်တကယ်ပင် စိုင်းစောအယ်မှာ စိုင်းမောက်၏ ပိုင်နက်အတွင်းသို့ ကျူးကျော်ခဲ့သည်ဖြစ်ရာ စိုင်းမောက်၏ လုပ်ရပ်သည် ရက်စက်ကာ အောက်တန်းကျသော်လည်း မှန်ကန်နေခဲ့သည်။
ကနဦးကပင် စိုင်းစောအယ်သည် စော်ဘွားတို့အား ဖီဆန်သူဟု လူသိများပြီးဖြစ်၍ ပို၍ပင် ဆိုးတော့သည်။
စိုင်းမောက်နှင့်ပတ်သက်၍ မြတင့် တစ်ခုကို ထပ်သိလိုက်ရသည်။
စိုင်းမောက်သည် မြတင့်နှင့် မည်သို့မျှ သွေးသားမတော်စပ်ပါချေ။ အကြောင်းမှာ စိုင်းမောက်သည် နန်းမြိုင်၏ နောက်အိမ်ထောင်မှ ပါလာသော ကလေးဖြစ်သည်။
သို့ဖြစ်၍ စိုင်းမောက်နှင့် မြတင့်သည် အသက်သိပ်မကွာလှပါချေ။
မြတင့်မှာ စိုင်းစောအယ်၏ မတရားသဖြင့် သေဆုံးမှုအတွက် အနည်းငယ် ဝမ်းနည်းမိသော်လည်း ဤကိစ္စအဟူဟူတို့သည် မြတင့်နှင့် လုံးဝမသက်ဆိုင်ပေ။ မြတင့်မှာ အပြင်လူသက်သက်သာဖြစ်၏။
ပြီးနောက် တစ်ပြိုင်နက် မြတင့်သည် ထားမေအား သတိရလိုက်မိပါ၏။ မြတင့်သည် ထားမေအား သနားရမည်လော။ မြတင့် မသနားမိပါချေ။
သို့ဖြစ်၍ အားနာရမည်လော။ အားနာဖို့ဆိုလျှင် ဝေးစွ။ တစ်သက်လုံး အဆက်အသွယ်ပင် မရှိခဲ့လေသော၊ တစ်ကြိမ်တစ်ခါမျှပင် မတွေ့ဖူးခဲ့လေသော မြတင့်၏ သွေးမတော် သားမစပ် ညီဖြစ်သူက ထားမေ၏ ချစ်သူအား သတ်ပစ်လိုက်ပါသည်ဟူသော ယိုင်နဲ့နဲ့ အကြောင်းပြချက်လေးတစ်ခုနှင့် မြတင့်သည် ထားမေအပေါ် အားနာရမည်လား။
အစကနဦးကပင် မြတင့်သည် ဟော်နန်းက ကိစ္စအဝဝတို့မှာ သူနှင့်မသက်ဆိုင်ပါဟူ၍ သတ်မှတ်ပြီးသားဖြစ်လေသည်။
ဤဟော်နန်း၌ ဘာဖြစ်ဖြစ် မြတင့်နှင့် လုံးဝမသက်ဆိုင်ပါချေ။
သို့ဖြစ်ပါ၍ မြတင့်သည် နန်းမြိုင်၏ အသုဘအတွက်သာ စီစဥ်နေခဲ့သည်။
စိုင်းစောအယ်၏ ရုပ်အလောင်းအား စိုင်းမောက်တို့ မည်သို့မည်ပုံ ဖြေရှင်းလိုက်သည်ကိုတော့ မြတင့်လည်း မသိ၊ ထို့အပြင် စိတ်လည်း မဝင်စားပါချေ။
မြတင့်သည် မြင့်မားလှသော နန်းဆောင်ကြီး၏ အပေါ်ထပ် လသာဆောင်တွင် မတ်တပ်ရပ်ကာ စီးကရက်တစ်လိပ်ကို ဖွာနေလေ၏။
မြတင့်သည် ဝေဝါးပြယ်လွင့်နေသော ဆေးလိပ်ငွေ့များကို ငေးမောကြည့်နေမိသည်။
ထို့နောက် တွေးမိသေးသည်။
"အမေ အခုနေ မြဘေးမှာများ ရောက်နေလေမလား"
တွေးလိုက်မိသည်နှင့် မြတင့်၏ ကျောပြင်လေးသည် ကျုံ့သွားခဲ့သည်။ မြတင့် သရဲကြောက်၍ မဟုတ်။ ချမ်းလွန်း၍သာ။
"မနေ့က တော်တော်လန့်သွားမှာပဲနော့"
မြတင့်အား ခရီးဦးကြိုပြုလေသော ကောင်လေးက မြတင့်အနားသို့ ရောက်လာလေသည်။
"မြ သတ်လိုက်တာမှ မဟုတ်ဘဲ၊ ဘာကိစ္စ လန့်ရမတဲ့လဲ"
မြတင့်သည် စီးကရက်ကိုသာ ဆက်သောက်နေမိသည်။
ထိုကောင်လေးသည် မြတင့်အား ထူးဆန်းလွန်းသည်ဟု ထင်နေပုံရသည်။
"သခင်လေးက အမြဲတမ်း အဲ့ဒီလိုပဲ၊ သိပ်ရက်စက်တာ"
ထိုကောင်လေးသည် သူ၏ သခင်လေးဖြစ်သူအား လွန်စွာ စိတ်ပျက်နေဟန်ရှိသည်။
"ဘာလို့ သူ့ကို ရက်စက်တယ်လို့ ပြောရတာလဲ"
ထိုကောင်လေးသည် မြတင့်အား ခက်ပါရောလားဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
"သခင်လေးက လူတွေသတ်တယ်လေ၊ အဲ့ဒီတော့ ရက်စက်တာပေါ့"
မြတင့်သည် တွေးဆဆဖြင့် ငေးနေ၏။ မည်သည်ကို ငေးမိနေမှန်း မြတင့်လည်း မသိ။ ရောက်တတ်ရာရာငေးနေမိခြင်းဖြစ်သည်။ မြတင့်၏ ရင်ထဲတွင်လည်း တင်းကျပ်လျက်ရှိသည်။ တော်တော်နှင့် စကားမပြောနိုင်သေးပေ။
"မြလည်း လူသတ်ဖူးတယ်"
မြတင့်သည် ကြီးမေသောင်းအား သူ သတ်လိုက်သည်ဟု ယခုအချိန်အထိ မှတ်ယူထားဆဲဖြစ်သည်။
ထိုစကားပြောပြီးနောက် မြတင့်၏ စိတ်အစဥ်တို့သည် ချောက်နက်ကြီးထဲသို့ တစ်ဟုန်ထိုးပြုတ်ကျသွားသည့်နှယ် ဟာသွားသည်။ ဟာနေသည့်နောက်တွင် ချောက်ချားလာသည်။
မြတင့် ကြောက်လန့်နေခဲ့သည်။ သူ ဘာကို လန့်နေမိမှန်းလည်း မသိ။ မြတင့်သည် သူ့မျက်စိရှေ့တွင် လူသုံးယောက်သေဆုံးသွားသည်ကို မြင်လိုက်ရ၍ သေခြင်းတရားကို ကြောက်ရွံနေခြင်းလား၊ သူ လူသတ်ဖူးပါသည်ဟူသော အသိကြောင့် ကြောက်ရွံ့နေခြင်းလား မြတင့် မခွဲခြားနိုင်တော့ပါချေ။
မြတင့်၏ စိတ်တို့သည် တုန်ရီလာသည်။ ထို့နောက် မောဟိုက်လာသည်။ အရှိန်ပြင်းပြင်း ခုန်နေသော နှလုံးကြောင့် မြတင့် မိုက်ခနဲဖြစ်သွားသည်။ မြတင့် ပင်ပန်းနေချေပြီ။
ထိုအချိန်ဝယ် အနားရှိကောင်ငယ်လေးသည် မြတင့်အား ထိန်းပေးထားလိုက်လေသည်။ စင်စစ်တွင်မူ ထိုကောင်လေးသည် မြတင့်၏ ပုခုံးစွန်းနှစ်ဖက်အား ကိုင်သည်ဟုဆိုနိုင်ရုံလောက်သာ ထိကိုင်လိုက်ခြင်းဖြစ်သည်။
"စိုင်းလုံ"
နောက်ကျောဘက်မှ စိုင်းမောက်၏ အသံကြောင့် စိုင်းလုံသည် လှည့်ကြည့်လိုက်လေသည်။
မြတင့်သည် ဤကောင်လေး၏ နာမည်မှာ စိုင်းလုံဖြစ်ကြောင်း ယခုမှ သိလိုက်ရသည်။
စိုင်းမောက်သည် ငိုကြွေးထားသည် ဖြစ်သောကြောင့် မျက်လုံးထောင့်များက နီဆွေးနေသည်။ စိုင်းမောက်သည် ဒေါသတကြီးဖြင့် စိုင်းလုံထံ လျှောက်လာလိုက်သည်။
ထို့နောက် မြတင့်၏ ပုခုံးစွန်းအား ထိကိုင်ထားသော စိုင်းလုံ၏ လက်အား ဆောင့်ဆွဲ၍ သူ၏ နောက်ကျောဘက်သို့ ပို့ထားလိုက်သည်။ ထို့နောက် ဘာအပြစ်မှ မရှိလေရှာသော မြတင့်အား စူးစူးဝါးဝါးကြည့်လိုက်သည်။
မြတင့်သည် မဲ့ပြုံး ပြုံးကာ တစ်ဖက်သို့လှည့်ပြီး ဆေးလိပ်ဆက်သောက်နေသည်။
ထို့နောက်တွင် စိုင်းမောက်သည် စိုင်းလုံအား ဆောင့်ဆွဲကာ နေရာမှ ထွက်သွားတော့သည်။
မြတင့်သည် ဤသို့တွေးမိပါ၏။
စိုင်းမောက်သည် စိုင်းလုံအား အတော် ချစ်သည်ဟူ၍။
ဤသို့ဆိုလျှင် မောင်ကရော...သူ့ကို ချစ်သေးပါရဲ့လား။
"မောင်က မြကို လွှတ်ထားလိုက်တာပဲ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့"
မြတင့်သည် လွန်းမောင်ကြောင့် တမြေ့မြေ့ခံစားနေရသည်။ မြတင့်သည် လွန်းမောင်ထံမှ ထွက်ပြေးရန် ကြံရွယ်ဖူးသည်။
ထွက်လည်း ထွက်ပြေးခဲ့သည်။
မြတင့်သည် စကားများဖြင့် လွန်းမောင်အား နာကျင်စေခဲ့သည်။
သို့ရာတွင် မြတင့်ကသာ နှစ်ဆပြန်ခံစားခဲ့ရသည်။
မြတင့်က လွန်းမောင်ထံမှ ပြေးလို့ လွတ်မတဲ့လား။
မြတင့် မောင့်ကို မုန်းပစ်လိုက်နိုင်မှ မောင့်ထံမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် မြတင့်သည် လွန်းမောင်အား သိပ်ချစ်သည်လေ။
နောက်ဆုံး..မြတင့် သေသွားပါမှ လွန်းမောင်ထံမှ လွတ်မြောက်နိုင်မည်။ မြတင့် အသက်ရှူနိုင်နေသရွေ့တော့ လွန်းမောင်ထံတွင်သာ ငြိတွယ်နေဦးမည်သာ။
"မောင်ဟာ မြအတွက်တော့ သိပ်ဒုက္ခပေးတဲ့ ဒဏ်ရာလေးပဲ"
ဤစကားများကို မြတင့်ကလွဲ၍ မည်သူကမှ မကြားနိုင်ပါချေ။ ကြားဖို့လည်း မလိုအပ်။ ကြားလည်း မကြားစေချင်။
မြတင့်သည် နန်းမြိုင်၏ အသုဘပြီးသည်နှင့် မန္တလေးသို့ ပြန်လာခဲ့သည်။
ရက်လည်သည်အထိပင် မနေတော့။ မြတင့်သည် သူ၏ နှင်းဆီနီနီတို့အား လွမ်းလှပြီ။ ထို့အပြင် သူ၏ ဒုက္ခအိုးလေးကိုလည်း လွမ်းလှပြီ။
အမေလား...။ အမေ့ကိုတော့ မြ မလွမ်းတော့ပါဘူး။ မြ အမေ့အတွက် ငိုခဲ့ပြီးပြီလေ။ လုံလောက်ပါပြီ။
မြတင့် မန္တလေးသို့ ပြန်ရောက်လာသည့်အခါ မြတ်သိန်းမှာ အလွန်အမင်း ဝမ်းသာလျက်ရှိသည်။
"မြ...ဒီနေ့ ဘာဟင်းနဲ့ စားချင်လဲ"
မြတ်သိန်းသည် မြတင့်၏ အထုတ်အပိုးများကို ကူသယ်ပေးရင်း မေးလာ၏။
"ကြက်ပေါင်"
"အဲ့တာပဲလား အခြားဘာစားချင်သေးလဲ"
မြတ်သိန်းမှာ မြတင့် စားချင်တာမှန်သမျှကို အကုန်ချက်ကျွေးမည့်ပုံပင်။
"ဘိန်းမုန့်...၊ စျေးချိုထဲက ဘိန်းမုန့်"
"ဝယ်ကျွေးမယ် ပြီးတော့ကော ဘာစားချင်သေးလဲ"
မြတင့်သည် သဘောကျစွာ ခပ်ဖွဖွရယ်သည်။ သိပ်အသက်ဝင်သည်တော့မဟုတ်။ မဲ့ပြုံးလည်းမဟုတ်။ ဝတ္တရားအရ ရယ်လိုက်ခြင်းလည်းမဟုတ်။ မြတ်သိန်း ငေးမိသွားသည်။
ထို့နောက် တစ်ဆက်တည်း တွေးမိသည်။
မြဟာ ရယ်လိုက်ရင် သိပ်လှတာပဲ ဟူ၍။
"မြတ်သိန်းက မြကို ပုတ်လောက်ကြီး ဝသွားစေချင်တယ်ထင်တယ်"
"ဟာဗျာ...မဟုတ်တာပဲ မြရယ်"
မြတ်သိန်းသည် ရိုးအအပုံစံနှင့် ခေါင်းကုတ်ကာ ရှက်ရယ်, ရယ်လေသည်။
မြတင့်သည် တစ်ချိန်တစ်ခါက လွန်းမောင် ဝယ်ကျွေးဖူးလေသော ဘိန်းမုန့်အား စားချင်လာမိသည်။ ထိုနေ့က မောင်ဟာ သိပ်ချစ်ဖို့ကောင်းခဲ့သည်။
မြတင့်သည် စိတ်ထဲတွင် မောင်ဟု တွေးလိုက်မိသည်နှင့်...
"ဒီရက်ပိုင်း မောင် မြကို မမေးဘူးလားဟင်"
မြတ်သိန်း၏ ရယ်နေသောမျက်နှာသည် တစ်မဟုတ်ချင်း ညှိုးကျသွားလေသည်။ မြတင့်ကတော့ မမြင်ခဲ့ပါချေ။
"မေးပါတယ် လွန်းမောင်က နေ့တိုင်း အိမ်ရှေ့ကို လာလာပြီး မြကို မေးတယ်"
မြတင့်သည် လွန်းမောင်မှာ သူ့အား သတိရဆဲ၊ လွမ်းနေဆဲဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကျေနပ်သွားမိသည်။
သို့ရာတွင် မြတင့်သည် မြတ်သိန်း၏ အသံတို့ ဖျော့တော့နေခဲ့သည်ကိုတော့ သတိမထားမိခဲ့ပါချေ။ ယုတ်စွအဆုံး မြတ်သိန်း၏ မျက်နှာကိုပင်မကြည့်။ တစ်ဖက်ခြံသို့သာ အကြည့်ရောက်နေခဲ့သည်။
မြတ်သိန်းကမူ မြတင့်ကိုသာ ငေးနေခဲ့သည်။
မြက ကျွန်တော့်ကို မမြင်ဘူးပဲ။ မဟုတ်သေး။ ကျွန်တော်က မြင်အောင် မပြနိုင်ခဲ့တာနေမှာပါ။
ကျွန်တော်က ပညာမတတ်တော့ မြကို သိသာအောင် မချစ်ပြနိုင်ခဲ့ဘူး ထင်ပါရဲ့။
ကျွန်တော်က ဉာဏ်တိမ်လွန်းတော့၊ အတွေးခေါင်လွန်းတော့ မြကို ချစ်တယ်ဆိုတာက လွဲရင် အခြားထပ်မတွေးတတ်တော့ဘူး။
ကျွန်တော့်အချစ်တွေကို မြ မြင်နိုင်လောက်တဲ့ အရည်အချင်းတွေ ကျွန်တော့်မှာ မရှိခဲ့တာမို့...။
ဒါပေမယ့် မြဘေးနားမှာ အချိန်တိုင်း ရှိနေခဲ့တာ ကျွန်တော်ပါ။
မြဟာ ရှေ့က အနာတရပေးတဲ့ လူကိုပဲ ကြည့်ပြီး လျှောက်တယ်။
ဘေးက ဆေးထည့်ပေးတဲ့လူကိုတော့ တစ်ချက်တောင် စောင်းငဲ့မကြည့်ခဲ့ဘူး။
ဘေးမှာ ပျော်စရာတွေ ရှိတယ် မြရဲ့။ ရှေ့မှာက နာစရာတွေချည်းပါပဲ မြရယ်။
မြဟာ လူကို ယဥ်ယဥ်လေးနဲ့ ရက်စက်တတ်တာပဲ။
မြဟာ ကြောက်ဖို့ကောင်းသလောက် ချစ်ဖို့လည်း ကောင်းလွန်းနေပြန်တယ်။
မြဟာ နာကျင်ရလွန်းလို့ လောကကြီးကို အရွဲ့တိုက်နေတဲ့ ကလေးငယ်လေးပဲ။
မြတ်သိန်းသည် မြတင့်အား ငေးနေရင်းမှ တစ်ခုသော မေးခွန်းအား တိုးလျစွာ မေးလိုက်ပါ၏။
"မြ လွန်းမောင်ကို သိပ်ချစ်တာပဲလား"
မြတင့်သည် ခပ်ယဲ့ယဲ့ ပြုံးရှာသည်။
"ချစ်တာမှ အသက်တမျှပါပဲ"
မြတ်သိန်းသည် မျက်တောင်နှစ်ချက်ကို အမြန်ခတ်လိုက်ပြီးနောက် ဟန်လုပ်ကာ ပြုံးပြလိုက်သည်။
"ကဲ..ဒါဆိုရင် ကျွန်တော် စျေးသွားလိုက်အုန်းမယ်"
မြတ်သိန်းသည် နေရာမှ သုတ်ခနဲလှည့်ထွက်လာကာ စက်ဘီးထားရာ စင်ဝင်အောက်သို့ ဝင်သွားတော့သည်။
မြတင့်ကွယ်ရာတွင် မြတ်သိန်း ငိုလေသည်။
"ကျွန်တော်လည်း မြကို အသက်တမျှ ချစ်ရပါတယ်"
_______