လွန်းမောင်သည် အခန်းထဲတွင် စာထိုင်ဖတ်နေသော်လည်း သူ့စိတ်တို့သည် မရိုးမယွဖြစ်လွန်းလှသည်။ လွန်းမောင်သည် ဤ၃ရက်လုံးလုံး သူ့အခန်းမှတစ်ဆင့် မြတင့်တို့ခြံဘက်သို့ ချောင်းကြည့်နေခဲ့သည်။
ခြံရှေ့က "ပန်းမခူးရ"ဟူသည့် ဆိုင်းဘုတ်လေးဟာလည်း နဂိုအတိုင်း၊ ခြံထဲက နှင်းဆီနီနီတွေမှာလည်း ဝေဝေဆာဆာဖူးပွင့်နေဆဲ၊ မြတ်သိန်းဟူသည့် ခြံစောင့်ကောင်လေးဟာလည်း မနက်တစ်ခါ၊ ညနေတစ်ခါ ပန်းပင်များကို ရေလောင်းနေမြဲ၊ တစ်ခုပဲ လစ်ဟာနေခဲ့သည်။
ယင်းမှာ ပန်းကလေးများကို ပြုစုပေးနေမည့် မြတင့်၊ ရံဖန်ရံခါ ပန်းကလေးများကို နမ်းရှိုက်နေတတ်သည့် မြတင့်၊ လွန်းမောင်၏ လစ်ဟာနေသော စိတ် ကွက်လပ်ကို ဖြည့်ပေးမည့် မြတင့်သာ ဖြစ်နေချေ၏။
လိုနေသည့် မြင်ချင်နေသည့် တွေ့ချင်နေသည့်သူမှာ နီနီရဲရဲ မြတင့်သာ ဖြစ်ပါ၏။
လွန်းမောင်သည် မြတင့်ကို မြင်ချင်လှပြီဖြစ်၏။ လွန်းမောင် မြတင့်နှင့်တွေ့ဆုံဖို့အထိ မမျှော်လင့်ပါချေ။ အဝေးမှ မြင်ခွင့်ရရုံလေးနဲ့တင် ကျေနပ်ပါသည်။ သို့ပါသော်ငြား မြတင့်မှာ ခြံရှေ့ကိုပင် မထွက်ခဲ့ပါချေ။
ထို့အပြင် လွန်းမောင်သည် မြတင့်အား မည်သို့မျှ နားမလည်ပေးနိုင်ပါချေ။ မြတင့်သည် ရုတ်တရက်ကြီး သူ့ကို ပစ်ခါသွားခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း။ လွန်းမောင်မှာ မြတင့်အား နားလည်ပေးလိုက်ပါရန် ဉာဏ်ရည်မမြင့်မားခဲ့ပါချေ။
"ကိုကို ထားမေ ဝင်လာမယ်နော်"
မထားမေက တံခါးအပြင်မှာ အော်ပြော၏။
"ဝင်ခဲ့လေ ထားမေ"
မထားမေသည် အခန်းထဲရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ကိုကို အခုရက်ပိုင်း တမှိုင်မှိုင်ဖြစ်နေတာ ထားမေ သတိထားမိတယ် ဘာများဖြစ်နေတာလဲ"
လွန်းမောင်က ဖတ်လက်စ စာအုပ်ကို ချလိုက်ပြီး ကုတင်ပေါ် တက်ထိုင်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်လေသည်။
"မြက ကိုကို့အနားမှာ နေရတာ မအေးချမ်းလိုက်တာတဲ့ ထားမေရယ်"
ထားမေက လွန်းမောင်ကို ကြည့်ပြီး ပြုံးသည်။
"မြက အပြောကြမ်းပေမယ့် စိတ်နုပါတယ်၊ နှင်းဆီတွေလိုပဲပေါ့ သူတို့အနားမလာရဲအောင် ဆူးတွေနဲ့ ကာရံထားပေမယ့် ရနံ့ကတော့ မွှေးတယ်မဟုတ်လား၊ မြက နှင်းဆီတစ်ပွင့်လိုပါပဲ ကိုကိုရယ်"
လွန်းမောင်သည် ထားမေ ပြောသည်ကို သေချာနားထောင်ကြည့်လိုက်သည့်အခါ သဘာဝကျနေသည်ဖြစ်၍ လက်ခံလိုက်ရသည်။
"မြရဲ့ဆူးတွေကိုက ထက်လွန်းနေတာပါ ထားမေရယ်"
မထားမေသည် လွန်းမောင်ကို မခို့တရို့ကြည့်လိုက်သည်။
"ကိုကိုတောင် ကဗျာဆန်လာပြီပဲ"
အဆန်းသာ ဤစကားကို ကြားလျှင် အချစ်ကြောင့်ပေါ့ကွယ် ဟု သေချာပေါက်ပြန်ပြောလိမ့်မည်သာ။ သို့ရာတွင် လွန်းမောင်မှာ အချစ်မှ မရှိသေးပါဘဲကို။
လွန်းမောင်သည် ပြတင်းပေါက်အနားသို့ သွားလိုက်ပြီး မြတင့်မရှိလေရှာသော ဟာလာဟင်းလင်းဖြစ်နေသော ခြံဝန်းကြီးထဲသို့ ငေးကြည့်လိုက်သည်။ အမှန်စင်စစ်တွင်မူ ခြံဝန်းကျယ်ကြီးသည် ဟာလာဟင်းလင်းဖြစ်နေခဲ့သည်မဟုတ်။ နှင်းဆီတွေရှိသည်။ ရေလောင်းနေသော မြတ်သိန်းရှိသည်။ လွန်းမောင်၏ မျက်စိကိုက ဗလာကိုသာ မြင်နေခဲ့ခြင်း ဖြစ်၏။
"မြ အပြင်မထွက်တာ သုံးရက်ရှိပြီ၊ ကိုကိုတော့လေ မြကို မြင်ချင်လှပြီ ထားမေရယ်"
မထားမေသည် လွန်းမောင် ရပ်နေသည့် ပြတင်းပေါက်နားသို့ သွားလိုက်ပြီး နှင်းဆီများဝေဆာနေသော ခြံဝန်းကြီးထဲသို့ ငေးကြည့်လိုက်သည်။ ရေလောင်းနေသည့် မြတ်သိန်းအား ထင်ထင်ရှားရှားကြီး မြင်နေရသော မထားမေအတွက်မူ အလွန်ပင် စိတ်မသက်မသာ ဖြစ်ရလွန်း၏။
"ဘာလို့များ မြကို မြင်ချင်နေရသလဲ ကိုကို"
လွန်းမောင်သည် မထားမေအား ဘာပြန်ပြောရမှန်းမသိနိုင်တော့ပေ။ လွန်းမောင်လည်း သူ့ကိုယ်သူ နားမလည်နိုင်တော့ပါ။ သူ့စိတ်ထဲတွင် တစ်ခုသာ ရှိသည်။ ဤသည်မှာ မြတင့်အား မြင်ချင်လှခြင်းပင် ဖြစ်ချေ၏။
"ဘာလို့လဲတဲ့လား၊ ဒီအတိုင်းပဲ မြင်ချင်မိရုံပါ၊ တစ်ခုခုပဲ ထားမေ မြဟာ တစ်ခုခုပဲ"
လွန်းမောင်သည် အလေးအနက်တွေးတောနေမိသည်။ သို့ပေသိ ကျေနပ်သည့် အဖြေကို မရ။ သူသည် ဘာကြောင့်များ မြတင့်အား စူးစူးနစ်နစ်တွေ့ချင်နေရပါသနည်း။ သူ ရူးများသွားပါပြီလား။
ထားမေသည် လက်ပိုက်ကာ လွန်းမောင်ဘက်သို့ လှည့်လိုက်၏။ ထို့နောက် လွန်းမောင် ဘယ်လိုမှ မထင်ထားခဲ့လေသော စကားကြီးကို ပြောချသွားပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။
"ချစ်နေရင် ဝန်ခံလိုက်ပေါ့ ကိုကိုရယ်" တဲ့။
ထိုစကားကို ကြားလိုက်ရသည့်အခါ လွန်းမောင်၏ ရင်ခုန်သံတို့သည် တငြိမ့်ငြိမ့်မြန်ဆန်လာတော့သည်။ လွန်းမောင်၏ စိတ်တို့သည် အမှောင်ထဲမှ ရုတ်တရက် အလင်းထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားရ၏။
သူရှာနေသည့် အဖြေမှာ ဤအရာပင် ဖြစ်ရမည်။ ဟုတ်သည်။ အချစ်..အချစ်..အချစ်သာဖြစ်သည်။ အဖြေကား အချစ်ပင်ဖြစ်၏။
လွန်းမောင်သည် ခြံထဲသို့ အမြန်ပြေးဆင်းသွားပြီးနောက် ကားထုတ်ကာ ဒုန်းစိုင်းမောင်းထွက်သွားတော့သည်။
တစ်ခဏအကြာတွင် လွန်းမောင်ပြန်ရောက်လာသည်။ ကားကို မြတင့်ခြံရှေ့တွင် ထိုးရပ်လိုက်သည်။
"မြရေ...မြ မောင့်ကို ခဏလောက် ထွက်ကြည့်ပေးပါဦး"
ခြံရှေ့မှ ခေါ်သံကြောင့် မြတင့် စိတ်ညစ်သွားရသည်။ လွန်းမောင်သည် အမှန်တကယ်ကို အမှတ်မရှိပါချေ။ မြတင့်အတွက်မူ လွန်းမောင်သည် ပရုတ်လုံးပမာ မျက်နှာပြောင်လွန်းလှသည်။
"မြ ခြံရှေ့မှာ လွန်းမောင်ဆိုတဲ့ကောင် လာအော်နေတယ်၊ ကျွန်တော် သွားပြီး ဆွဲထိုးပစ်ရမလား "
မြတ်သိန်းသည် ရှူးရှူးရှဲရှဲဖြင့် ပြောလေသည်။ မြတင့်သည် သိုးမွေးထိုးနေရင်းမှ လှမ်းတားလိုက်ရသည်။
"ဒေါသကို ရှေ့တန်းမတင်စမ်းနဲ့၊ မြပဲ သွားလိုက်မယ်"
လွန်းမောင်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မြတင့်ကို မြင်လိုက်ရသည့်အခါမှသာ လစ်ဟာနေသော ရင်ဘတ်ထဲမှ ကွက်လပ်လေး ပြည့်သွားသယောင်ဟု ထင်မိသည်။
"ဘာလို့များ အော်ကြီးဟစ်ကျယ်လုပ်နေရသလဲ မောင်"
လွန်းမောင်သည် ခြံတံခါးလေးကို ကိုင်ထားပြီး မြတင့်ကို သွား၃၂ချောင်းပေါ်သည်အထိ ပြုံးပြလိုက်သည်။
"မောင်တို့ ကျုံးဘေးမှာ ဘိန်းမုန့်သွားစားရအောင်"
လွန်းမောင်သည် လက်ထဲတွင် ကိုင်ထားသည့် ၁၀ချပ်မကသော ဘိန်းမုန့်အိတ်ကြီးကို မြှောက်ပြလိုက်သည်။ လွန်းမောင်၏ အပြုအမူသည် အင်မတန်သိမ်မွေ့တည်ကြည်လှသော မြတင့်ကိုပါ မျက်လုံးပြူးသွားစေသည်။
လွန်းမောင်သည် မြတင့်အား ဘိန်းမုန့်နင်ပြီးသေအောင် ကြံရွယ်ထားပုံပင်။
"မြ ဘိန်းမုန့်မှ မကြိုက်တာ မောင်ရယ်"
"ဟင်..ဟိုတစ်နေ့ကတော့ မြပဲ ကြိုက်တယ်လို့ပြောခဲ့တာလေ"
မြတင့်သည် ကြမ်းတမ်းခက်ထန်ဟန်ရှိသော်လည်း မလိမ်ညာတတ်သူမို့ လွန်းမောင်သည် မြတင့် လိမ်ညာနေမှန်း အတပ်သိလေ၏။ သေချာပေါက်ကို ဘိန်းမုန့်ကြိုက်သည်ဟု လွန်းမောင် ရိပ်စားမိပါ၏။
သို့နှင့် မြတင့်သည် လွန်းမောင်ခေါ်ရာသို့ လိုက်ခဲ့ရတော့သည်။
အခုမှ လွန်းမောင်၏ မျက်လုံးထဲတွင် ဘာမှမရှိလေသော ရေပြင်ကြီးကပင် အရောင်အသွေးစုံလင်ကာ လှပနေသယောင် ခံစားမိသည်။
"မြ"
"..."
"မြလို့"
"မောင်က ယဥ်ကျေးမှုမရှိဘူးပဲ၊ ဒီမှာ မြ အစားစားနေတယ်လေ"
လွန်းမောင် မြတင့်အား ကြည့်လိုက်မိသည့်အခါ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။
မြတင့်သည် သူ၏ လက်တစ်ဖက်စီတွင် ဘိန်းမုန့်တစ်ချပ်စီကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း ဝါးနေလျက်ရှိသေးသည်။ လွန်းမောင် သိထားသော၊ လွန်းမောင် နားလည်ထားသော ရင့်ကျက်တည်ငြိမ်လှသည့် မြတင့်ထံတွင် ဤသို့သော ကလေးဆန်သည့် အပြုအမူမျိုး ရှိနေပါသေးသည်တဲ့လား။
"ဆက်စားပါ မြရယ်၊ မောင် စကားမပြောတော့ပါဘူး"
လွန်းမောင်သည် အင်မတန်အံ့သြသွားရချေ၏။ မြတင့်သည် သူဝယ်လာသော ဘိန်းမုန့်ဆယ်ချပ်လုံး ကုန်အောင်စားပစ်လိုက်ခဲ့ခြင်းဖြစ်၏။ သူ့အား တစ်ချပ်ကလေးတောင် မကျွေးပါပဲနှင့် သူတစ်ယောက်တည်း ဆယ်ချပ်လုံး ကုန်အောင်စားပစ်လိုက်ခြင်းဖြစ်ချေ၏။
ထို့နောက် လွန်းမောင်သည် ဆီပေကျံနေသော မြတင့်၏လက်ကလေးများအတွက် ဆေးကြောပစ်ပါရန် ရေဘူးနှင့် ဆပ်ပြာအဆင်သင့်ယူလာခဲ့ပြီးဖြစ်၏။
"မြက ဘိန်းမုန့်အရမ်းကြိုက်တာပဲလား"
မြတင့်က ချောင်းတစ်ဟန့် ဟန့်လိုက်သည်။
"နည်းနည်းပဲ ကြိုက်တာပါ"
လွန်းမောင်သည် သဘောကျစွာ ရယ်လိုက်ပါ၏။ မြတင့်သည် ဘိန်းမုန့်ကို နည်းနည်းပဲကြိုက်ပါသည်တဲ့။
"တကယ်တော့ မောင် မြကို ပြောစရာရှိတယ်"
မြတင့်သည် လွန်းမောင်ကို မော့ကြည့်လိုက်သည်။
"ဘာများလဲ မောင်"
လွန်းမောင်သည် မြတင့်၏ မျက်လုံးများကို ကြည့်မနေခဲ့ပါချေ။ နေဝင်ရာ အနောက်ဘက်အရပ်သို့သာ ကြည့်နေခဲ့ပါ၏။
"မောင်တော့ မြကို ချစ်နေရပြီထင်ပါရဲ့ မြရယ်"
မြတင့်သည် ကနဦးတွင် အံ့သြသွားရသော်လည်း ချက်ချင်းပင် မဲ့ပြုံး ပြုံးပစ်လိုက်သည်။ လွန်းမောင်သည် မြတင့်ကို ကြည့်မနေခဲ့သော်ငြား မြတင့်ကမူ လွန်းမောင်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။
"မြကို ယောကျ်ားပုံစံမျိုးနဲ့ မြင်ချင်သလား မိန်းမပုံစံမျိုးနဲ့ မြင်ချင်သလား မောင်"
လွန်းမောင်က မြတင့်ကို တစ်ချက်ကြည့်လိုက်သည်။
"မောင် ချစ်တာ မြကိုပါ"
လွန်းမောင်သည် မြတင့်၏ အမေးကို ပြန်ဖြေစရာမလိုသော စကားကိုသာ ပြောခဲ့သည်။
သူချစ်တာ မြတင့်ဆိုသော ဖြစ်တည်မှုလေးကိုပင်ဖြစ်၏။ မြတင့်သည် မြတင့်သာဖြစ်တာမို့။
မြတင့်၏ စိတ်ထဲတွင် ကြည်နူးရိပ်ကလေးတစ်ခုဖြစ်တည်သွားရ၏။ မြတင့်၏ ဘဝတွင် မိမိအား ချစ်တယ်ဟု အပြောခံခဲ့ရသည်မှာ ဘယ်အချိန်က နောက်ဆုံးဖြစ်ခဲ့မှန်း မသိနိုင်တော့ပါချေ။ မြတင့် သည် အချစ်မခံရဘဲ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရသည်။
မြတင့်၏ ဦးနှောက်က ဝေခွဲမရသေးခင်မှာပင် မြတင့်၏ ရိုးအလှသော နှလုံးသားငယ်သည် လှုပ်ခါသွားရတော့၏။
မြတင့်၏ ဦးနှောက်က အဆင်သင့်မဖြစ်သေးခင်မှာပင် နှလုံးသားက လွန်းမောင်အား ချစ်မိသွားခဲ့ချေပြီ။
မြတင့် လွှတ်ချပစ်လိုက်တော့သည်။ မြတင့်သည် သူ၏ ချစ်ခြင်းတရားများကို လွန်းမောင်ထံ အကုန်ပုံအောပစ်လိုက်တော့သည်။ ဤတစ်ကြိမ်တွင်တော့ မြတင့်သည် မီးကို မကြောက်သော ဖိုးဖလံတစ်ကောင်နှယ် ရူးမိုက်ပစ်လိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မြတင့်သည်လည်း အချစ်ခံချင်သည်။ ချစ်ပေးချင်သည်။
မြတင့် အချစ်ထံတွင် ယစ်မူးချင်သည်။ အချစ်ထံတွင် ပျော်မွေ့ကြည့်ချင်သည်။
မြတင့် မဲ့ပြုံးတွေအစား၊ အသက်မပါသော အပြုံးတုတွေအစား စိတ်လိုလက်ရ ပြုံးပျော်ချင်သည်။ ရယ်မောပစ်ချင်သည်။
"မောင့်ဆီမှာသာ မြ ပျော်ရမယ်ဆိုရင် အချစ်မှာ မြ ပျော်ကြည့်ချင်စမ်းပါရဲ့ မောင်ရယ်"
လွန်းမောင်သည် မြတင့်ထံမှ ထိုစကားကြားရသည့်အခါ အပျော်လွန်၍ ခုန်ပေါက်နေခဲ့ခြင်း မရှိပါချေ။ ပကတိတည်ငြိမ်နေခဲ့သည်။ လွန်းမောင်သည် မြတင့်၏ မျက်နှာကိုကြည့်နေရ၍ ခုန်ပေါက်ဖို့ မေ့လျာ့သွားခဲ့ခြင်း ဖြစ်၏။
လွန်းမောင်သည် မြတင့်၏ ပါးပြင်မို့မို့ကို နမ်းမည်ပြုပြီးကာမှ မနမ်းတော့ဘဲ လက်ကလေးကိုသာ ကိုင်လိုက်ပါ၏။
"မြဂုဏ်သိက္ခာကို မောင် အလေးထားတာမို့ မနမ်းတော့တာပါ၊ ဒါပေမယ့် လက်ကလေးတော့ ကိုင်ခွင့်ပြုပါနော်"
မြတင့်က ပြုံးရုံသာပြုံး၏။
"မောင် ကိုင်ပြီးနေပါပြီ"
လွန်းမောင်က ရှက်ရယ်, ရယ်ပါ၏။