"ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူမှာ ဘယ်သူကပိုနာကျင်ခံစားရမလဲ"
စစ်မင်းထက်ပြောလာတဲ့စကားကြောင့် သီဟအလန့်တကြားဖြစ်မိသည်။ထူးထူးဆန်းဆန်း ဘာတွေလာပြောနေမှန်းကိုမသိဘူး!!
"ဘာတွေပြောနေတာလဲ ကိုစစ်"
"ငါမေးတာကိုသာ ဖြေစမ်းပါ"
သူ့ရှေ့မှာချထားတဲ့ရေခဲရေခွက်ထဲက ရေတွေအကုန်လုံးကိုသောက်ရုံသာမက ရေခဲတုံးတွေကိုပါ တကျွတ်ကျွတ်နဲ့ဝါးစားနေသေးသည်။တစ်ခါမှ အချစ်နဲ့ပတ်သတ်ရင် မခံစားဘူးတဲ့သူက အခုသူ့ကိုထူးထူးဆန်းဆန်းစကားတွေပြောပြီး လာရစ်နေသည်။
"ငါမှမခံစားဘူးတာ အဲ့တော့ဘယ်လိုသိမလဲကွ!!"
"ပြောပြပါကွာ ငါသိချင်လို့ဆို"
သူငယ်ချင်းဖြစ်သူရဲ့နဖူးကို လက်ဖျားနဲ့စမ်းပြီး သီဟကိုယ်ပူတိုင်းနေမိသည်။ဖျားနေလို့ ကယောင်ကတမ်းစကားတွေပြောရအောင်လည်း သူ့ဆိုင်ထိ လာနိုင်တယ်ဆိုကတည်းက ဒီကောင်အကောင်းကြီးရှိတုန်းပဲဆိုတာ သူခန့်မှန်းမိသည်။ဘယ်အတွေးတွေကများ စစ်မင်းထက်ကို အခုလိုအခြေအနေရောက်သွားတဲ့အထိ ပြုစားသွားတာလဲမသိ!!!
"မင်းအရမ်းသိချင်နေတယ်ဆိုလို့ ငါသိသလောက်ပြောပြမယ်ကွာ တကယ်တော့ အဲ့လိုအခြေအနေမျိုးမှာဆို နှစ်ယောက်လုံးခံစားရတာပဲ"
"ဘာဖြစ်လို့ နှစ်ယောက်လုံးကခံစားရတာလဲ"
"မင်းပဲစဉ်းစားကြည့်ကွာ ထားခဲ့ပစ်တယ်ဆိုတဲ့သူကလည်း သူအရမ်းချစ်ရတဲ့သူတစ်ယောက်ကိုထားခဲ့ချင်ပါ့မလား နောက်ပြီးကျန်ခဲ့တဲ့သူကြတော့လည်း သူ့အမှားတွေကြောင့် ကျန်ခဲ့ရရင်တစ်မျိုးကွာ သူ့အမှားမဟုတ်ပဲကျန်ခဲ့ရရင်တော့ သူလည်းနာကျင်ခံစားရတာပဲလေ"
"အဲ့တာဆို နှစ်ယောက်လုံးက သနားဖို့ကောင်းတာပေါ့"
သီဟပြောသမျှကို သေချာအာရုံစိုက်ပြီးနားထောင်နေတဲ့ စစ်မင်းထက်သည် နောက်ဆုံးတော့ သူလိုချင်တဲ့အဖြေရသွားတာကြောင့် ခေါင်းတငြိမ့်ငြိမ့်နဲ့ အတွေးကမ္ဘာထဲ ပြန်လည်ရောက်ရှိသွားပြန်သည်။
"ဘာဖြစ်လို့ စောစောစီးစီး ငါ့ဆိုင်ရောက်လာပြီး ဒါတွေလာမေးနေရတာလဲ"
အတွေးထဲနစ်မျောနေတဲ့စစ်မင်းထက်ရဲ့ပုခုံးကို သီဟဖျတ်ကနဲ လှမ်းရိုက်လိုက်သည်။ဒါတောင်သူ့ကို စစ်မင်းထက်က အဖက်မလုပ်သေး...
"သိချင်လို့မေးကြည့်တာပါ ဘာဖြစ်လို့လဲ"
"Nothing~~~"
သိချင်လို့မေးကြည့်တာဆိုတော့လည်း သီဟအနေနဲ့ဘာမှကိုပြောစရာမရှိတော့....
"ပြန်တော့မယ် နောက်နေ့မှဆုံကြမယ် ဘိုင့်!!"
မနက်၈နာရီလောက်ကတည်းက ရောက်လာပြီး တဂျီဂျီနဲ့ရစ်နေတဲ့ စစ်မင်းထက်သည် ၈နာရီခွဲလောက်ကြ ပြန်မယ်ဆိုပြီး ချက်ချင်းထပြန်သွားပြန်သည်။တစ်ခါတစ်လေကြ စစ်မင်းထက်အခြေအနေကိုလည်း နားမလည်နိုင်တော့....
"အကိုလေး စောစောစီးစီး ဘယ်ကပြန်လာတာလဲ"
"သူငယ်ချင်းဆီမှာကိစ္စရှိလို့ သွားတာပါ ဒါနဲ့အလုပ်သွားတော့မှာလား"
အလုပ်သွားဖို့ပြင်ဆင်ပြီး ဆင်းလာတဲ့ဉီးသန့်သည် သူပြောတာကို ခေါင်းငြိမ့်ပြသည်။
"အင်း!! နေ့လည်စာမပြင်ထားနဲ့တော့ ကိုယ်တို့ညနေလောက်မှ ပြန်ရောက်ဖြစ်မှာ"
အစ်ကိုစွမ်းဆောင်လက်ထဲတွင်ရှိတဲ့ စာရွက်စာတမ်းအထပ်လိုက်ကို ကြည့်ရုံနဲ့ အလုပ်များနေမှန်း သူခန့်မှန်းနိုင်သည်။
"ဒီနေ့သွားစရာတွေဘာတွေရောရှိလား ကုမ္ပဏီမှာပဲရှိနေမှာလား"
"ဘာလို့လဲ အကိုလေး"
"အမ်!! ဒီအတိုင်းမေးကြည့်တာပါဗျာ "
"ဘယ်မှမသွားဘူး ကိုယ်တို့တစ်နေလုံး ကုမ္ပဏီမှာပဲရှိနေမှာ သွားတော့မယ် "
တစ်နေလုံးအလုပ်မှာရှိမှာကို ရိုးရိုးပြောလည်းရရဲ့သားနဲ့ ဉီးသန့်က သူ့ဆံပင်တွေကို ခပ်ဖွဖွလေးဖွပြီး ထွက်သွားလေသည်။သူ့မှာသာ ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့ရတာ..တစ်ခါတစ်လေကြ ဉီးသန့်ရဲ့အတွေးကိုလည်း လိုက်တွေးလို့ကိုမမှီဘူး...
"နေ့လည်ကြ အစာပြေမုန့်သွားပို့ရမယ်"
နာရီကိုကြည့်တော့ ၉နာရီကျော်နေပြီမို့ အခုလောက်ကတည်းက မုန့်အတွက်ပြင်ဆင်မှာသာ အချိန်မှီပြီးမည်ဖြစ်သည်။
ကီဝီရေခဲခြစ်နဲ့ကီဝီcupcakeလေးဆို အာဟာရလည်းပြည့် ကျန်းမာရေးနဲ့လည်းညီညွှတ်တာကြောင့် လုပ်ဖို့အတွက်သူတွေးလိုက်မိသည်။
ပထမဉီးဆုံး ကီဝီရေခဲခြစ်ကိုအရင်စလုပ်ဖို့အတွက် ပြင်ဆင်လိုက်သည်။မနေ့ကမှဝယ်ထားတဲ့ကီဝီသီးတွေကို သန့်စင်အောင်ရေဆေးထားလိုက်သည်။
ကီဝီသီး ၁၀လုံး၊သကြား စားပွဲတင်ဇွန်း ၈ ဇွန်း၊ပျားရညည်စားပွဲတင်ဇွန်း ၄ဇွန်း၊သံပုယိုရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ရေဖန်ခွက် တစ်ခွက်စာ (ဖန်ခွက်က အိမ်မှာရှိတဲ့ အကြည်ရောင်ဖန်ခွက်အရှည်တစ်ခွက်ကိုပြောတာပါ)
ပထမဉီးဆုံး ကီဝီသီးများကို ထက်ခြမ်း ခြမ်းပြီးနောက် ကီဝီသီး အသားကို ဇွန်းဖြင့် ခပ်ထုတ်လိုက်သည်။ပြီးတာနဲ့ ခပ်ထုတ်ထားတဲ့ ကီဝီသီးများကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်သည်။
ကြိုတင်ပြင်ဆင်ထားပြီးသား ပါဝင်ပစ္စည်းများဖြစ်တဲ့ သကြား၊ ပျားရည်၊ သံပုယိုရည်နှင့် ရေတို့ကို သစ်သီးဖျော်စက်ထဲ တစ်ပါတည်းထည့်ပြီး အရည် မကျဲ မပျစ်လေးဖြစ်သွားသည်အထိ မွှေပေးလိုက်သည်။
ရရှိလာတဲ့ ကီဝီသီးဖျော်ရည်များကို ဇောက်နက်သော လင်ဗန်းထဲ လောင်းထည့်ကာ ရေခဲသေတ္တာအအေးခန်းထဲတွင် ၂ နာရီတိတိ အအေးခံထားလိုက်သည်။ အအေးခံနေစဉ်အတောအတွင်း ၁၅ မိနစ်မှ မိနစ် ၃၀ ကြာတိုင်းတွင် ရေခဲများကို ခက်ရင်းဖြင့် ထိုးဆွရသေးသည်။
ကီဝီရေခဲခြစ်ကိုအအေးခံနေတဲ့အတောအတွင်း ကီဝီcupcakeအတွက် သူပြင်ဆင်လိုက်သည်။
ကြက်ဥ ၃လုံး၊ရေ/ဆီမရှိသော ဇလုံ(အသန့်) ၂ခု၊ဆီ 40 g ၊နေကြာဆီအနည်းငယ်၊ဆား 1g၊နွားနို့ 35 g၊cake flour (ကိတ်ဂျုံမှုန့်) - 50 g ၊ သကြားဖြူ - 40 g၊နီကာအဖြူ (White Vinegar) – စားပွဲဇွန်း ၁ ဇွန်း၊ဗနီလာအနံ့ရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ခရင်မ်ချိစ် (Cream Cheese) ၈ အောင်စ၊ကီဝီသီးအချပ် – ၁၂ ချပ် (တစ်ဝက်အညီ ထက်ခြမ်းပိုင်းထားလိုက်သည်)
လိုအပ်တာတွေကိုပြင်ဆင်ပြီးတာနဲ့ cupcakeလုပ်ရန်အတွက် လက်ကိုရေစင်ကြယ်အောင်ဆေးလိုက်သည်။ပြီးတာနဲ့ အိုးတစ်အိုးမှာ ဂျုံမှုန့်ရိုးရိုး၊ ဘေကင်ဆိုဒါပွဆေး၊ ကိုကိုးပေါင်ဒါနှင့် ဆားတို့ကိုရောပြီး သမအောင် မွှေလိုက်သည်။နောက်အိုးတစ်အိုးမှာတော့ သကြားဖြူရိုးရိုး၊ ရေ၊ ဟင်းရွက်ဆီ၊ ကြက်ဥ၊ ဗင်နီကာအဖြူနှင့် ဗနီလာအနံ့ရည်တို့ကို ရောနှောပြီး ဇွန်းတစ်ချောင်းနဲ့ သမအောင် ထပ်မွှေပေးထားလိုက်သည်။
ပထမတစ်အိုးနဲ့လုပ်ထားတဲ့ ဂျုံမှုန့်အရောအနှောကို (ဒုတိယအိုး) သကြားဖြူအရောအနှောထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး သစ်သားမွှေတံလေးနဲ့ သမအောင် ရောနှောပေးရသည်။မွှေပေးပြီးတာနဲ့ မုန့်နှစ်ရည်အရောအနှောကို ကပ်ကိတ်စက္ကူခွက်တွေ ခင်းထားတဲ့ Cupcake Panထဲက ကပ်ကိတ်ခွက်လေးတွေထဲ တစ်ဝက်အနေအထားထိ ပြည့်အောင်ဖြည့်လိုက်သည်။
ဖြည့်ပြီးတာနဲ့ ခရင်မ်ချိစ် စားပွဲဇွန်း ၁ ဇွန်းစီကို ကပ်ကိတ်ခွက်တိုင်းရဲ့ အလယ်ဗဟိုမှာ ထည့်ပေးပြီး ကျန်ရှိတဲ့ မုန့်နှစ်ရည်ကို ကပ်ကိတ်ခွက်တိုင်းရဲ့အပေါ် ကို အညီအမျှ ထည့်ပေးရသည်။နောက်ဆုံးအဆင့်အနေနဲ့ ခြမ်းထားတဲ့ ကီဝီသီး ၁ ခြမ်းစီကို ကပ်ကိတ်ခွက်တိုင်းရဲ့အပေါ်မှာ အလှဆင်ထားလိုက်သည်။ cupcakeမုန့်သားအတွက် ပြင်ဆင်ပြီးတာနဲ့ အပူပေးဖို့အတွက်သာကျန်တော့သည်။
အာဗင်ကို ၃၅၀˚F (၁၈၀˚C) ချိန်ကာ ကြိုအပူပေးပြီးလျှင် Cupcake Pan ကို ၁၆ မိနစ် (သို့) ၁၈ မိနစ်ခန့် ဖုတ်ပေးရသည်။ ၁၆မိနစ်ခန့်စောင့်ပြီးတာနဲ့ မုန့်အသားကိုစစ်ဆေးရန် တုတ်တံချောင်းသေးနဲ့ ကပ်ကိတ်အလယ်ကို ထိုးစိုက်ကြည့်ပြီး တုတ်တံမှာ မုန့်သား ကပ်မပါလာသောကြောင့် မုန့်ဗန်းကို အာဗင်ထဲကထုတ်ကာ အအေးခံပြီးတာနဲ့ စက္ကူဘူးလေးတွေထဲထည့်ထားလိုက်သည်။
ကီဝီရေခဲခြစ်အတွက် ၂နာရီပြည့်ဖို့ နာရီဝက်လောက်လိုသေးတာမို့ အပြင်သွားဖို့အတွက် ရေအမြန်ချိုးရမည်။
ပုံမှန်ဝတ်နေကြ Shirtအဖြူလေးကိုဂျင်းဘောင်းဘီအပြာလေးနဲ့ပဲ တွဲဝတ်လိုက်သည်။ဘယ်သူပဲကြည့်ကြည့် freshဖြစ်နေတဲ့ ခံစားချက်မျိုးကို စစ်မင်းထက်အရမ်းသဘောကျသည်။
ပြင်ဆင်ပြီးမှ ဉီးသန့်ကိုဖုန်းဆက်ဖို့ သူသတိရတော့သည်။ဟိုတစ်ခါက ဉီးသန့်က ကုမ္ပဏီကိုလာချင်ရင် ကြိုဖုန်းဆက်ထားတဲ့ အဲ့တာမှ လာကြိုဖို့လူလွှတ်ပေးနိုင်မှာဆိုပြီး ပြောထားတာကြောင့် သူကြိုတင်ဖုန်းခေါ်လိုက်သည်။
{ဟယ်လို~ ဉီးသန့် }
{အင်း~ ဘာဖြစ်လို့လဲ စစ်မင်းထက် }
ဖုန်းထဲက ကြားရတဲ့ဉီးသန့်ရဲ့အသံသည် အားမရှိသလိုဖျော့တော့နေသည်။ ဉီးသန့်ရဲ့အသံကြောင့် သူ့ရဲ့စိုးရိမ်စိတ်က ချက်ချင်းကို မြင့်တတ်လာတော့သည်။
{နေမကောင်းလို့လား ဉီးသန့် အသံကအားမရှိတဲ့အသံဖြစ်နေတယ်}
{ကိုယ်နေကောင်းပါတယ် ဒီအတိုင်းခေါင်းမကြည်သလိုဖြစ်နေတာပါ ဖုန်းဆက်တာဘာကိစ္စရှိလို့လဲ }
{နောက်နာရီဝက်လောက်နေရင် ဉီးသန့်ဆီလာခဲ့မယ် ရောက်ရင်ဖုန်းဆက်လိုက်မယ်နော် }
{အင်း!! ရောက်ရင်ဖုန်းဆက်လိုက် ကိုယ်လာခေါ်မယ် }
{ဟုတ်ကဲ့!! ဒါဆို ဒါပဲနော် }
{ အင်း!! }
ဉီးသန့်ရဲ့အသံသည် ခေါင်းမကြည်လို့ဖြစ်တဲ့အသံမျိုးမဟုတ်ပဲ တစ်ခုခုစိတ်ညစ်စရာရှိလို့သာ ခုလိုအသံမျိုးဖြစ်နေခြင်းဖြစ်သည်။ဘာတွေများ စိတ်ညစ်စရာတွေနဲ့ကြုံနေရပြန်ပြီလဲ ဉီးသန့်ရယ်~~~
နောက်ဆုံးအနေနဲ့ လုပ်စရာကျန်သေးတဲ့ ကီဝီရေခဲခြစ်ကို အဆင့်သင့်ပြင်ထားတဲ့ အအေးဘူး လေးခွက်ထဲ ဖျော်ထားတဲ့ ကီဝီဖျော်ရည်များကို အချိုးကျကျ ခွဲဝေပြီးထည့်လိုက်သည်။
"အိုကေ!! သွားဖို့ပဲကျန်တော့တယ်"
ထုပ်ပိုးစရာရှိတဲ့မုန့်တွေကို ထုပ်ပိုးပြီးတာနဲ့ သူရဲ့ငွေမျှင်ရောင်ပြိုင်ကားလေးနဲ့အတူ MT groupကို သူမောင်းထွက်လာလိုက်တော့သည်။ဒီနေ့မှ ကားလမ်းလည်းမပိတ်တာကြောင့် နာရီဝက်အစား မိနစ်နှစ်ဆယ်တည်းနဲ့သူရောက်ရှိလာခဲ့သည်။
{ဟယ်လို~ ဉီးသန့် ကျွန်တော်ရောက်ပြီ အစ်ကိုစွမ်းဆောင်ကိုပဲ လာခေါ်ခိုင်းလိုက်နော် }
{အင်း!!}
အင်း~တစ်လုံးတည်းသာပြောပြီး ဖုန်းချသွားတဲ့ ဉီးသန့်ကြောင့် သူမှာကြောင်တောင်တောင်လေးဖြစ်လို့ စကားပြောတာ ပြတ်သားမှုက ထိုင်ငိုလို့တောင်ရတယ်။
ကားပါကင်ထိုးပြီးတာနဲ့ သူကုမ္ပဏီရှေ့မှာ မုန့်ထုပ်လေးဆွဲပြီး ရပ်စောင့်နေလိုက်သည်။ ခဏနေတော့ ကုမ္ပဏီထဲကနေ လမ်းလျှောက်ပြီး သူဆီကို တဖြည်းဖြည်းလျှောက်လာတဲ့ သူကိုမြင်လိုက်ရတဲ့အချိန်မှာ အရမ်းကိုအံ့သြသွားရသည်။
"ဉီးသန့်!! ဘာလို့ဆင်းလာတာလဲ နေမကောင်းဘူးဆို"
စစ်မင်းထက်အရှေ့ကို မတ်တပ်လေးရပ်လိုက်တာနဲ့ နဖူးပေါ်ကို ထိတွေ့လာတဲ့ နွေးထွေးသောလက်တစ်စုံကြောင့် သူခပ်ယေးယေးလေးပြုံးမိသည်။ဒီကောင်လေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကိုဆို အရမ်းစိတ်ပူတတ်သည်။
"ကိုယ်ဘာမှမဖြစ်ပါဘူး ခေါင်းမူးနေရုံပါ"
"ခေါင်းမူးတာလည်း မကောင်းတာက မကောင်းတာပဲ ပြီးတော့ ဘာလို့ကိုယ်တိုင်ဆင်းလာတာလဲ အစ်ကိုစွမ်းဆောင်ကိုလာခေါ်ခိုင်းလိုက်ပါဆိုတာကို"
"ကိုယ်မင်းကိုလာခေါ်ချင်လို့ပါ ဘာလို့လဲ မရဘူးလား ဟမ်!!!"
"တော်တော့ ခင်ဗျားအခန်းကိုပဲ အရင်သွားကြရအောင်"
မင်းသန့်ကျော်ဇင်ရဲ့အပြုအမှုကြောင့် ဂိတ်ဝမှာရပ်နေတဲ့ လုံခြုံရေးဉီးလေးနှစ်ယောက်သည် ပါးစပ်အဟောင်းသားလေးကိုဖြစ်လို့!!
"ဟေ့ကောင်!! ခုဏက ငါတို့သူဌေးက ပြုံးသွားတာလား ဒါမှမဟုတ် ငါပဲ မျက်စိမှားမြင်တာလား"
ဂိတ်ဝတံခါးရဲ့ညာဘက်ခြမ်းမှာရပ်နေတဲ့ ဉီးလေးကြီးသည် ဘယ်ဘက်ခြမ်းက ဉီးလေးကြီးကို တစ်ဆင့်ထပ်မေးလေသည်။
"ပြီးတော့ သူဌေးက ခုဏကကောင်လေးရဲ့ ဆံပင်လေးကို နူးနူးညံ့ညံ့လေးကိုင်ပြီးဖွလိုက်တာကိုရော တွေ့လိုက်သေးတယ်မဟုတ်လား"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းငြိမ့်မိကြသည်။သူတို့ရဲ့ သူဌေး မင်းသန့်ကျော်ဇင်သည် အရယ်အပြုံးဆိုတာ သိရဲ့လားဆိုတဲ့ထိကို မေးယူရလောက်အောင် အရယ်အပြုံးမရှိ မျက်နှာကခက်ထန်နေတတ်သည်။သူ့အနားဝန်းကျင်မှာရှိတဲ့ လူတွေတောင် မင်းသန့်ကျော်ဇင်၏ အပြုံးကို မြင်ဖူးတဲ့သူမရှိလောက်တဲ့အထိကိုရှားပါးသည်။
"ငါတို့အပြန် ထီဝင်ထိုးကြရအောင်"
"ဘာလို့လဲ မင်းကလည်း ထူးထူးဆန်းဆန်းနဲ့"
"တို့သူဌေးပြုံးတဲ့ အထိမ်းအမှတ်နေနဲ့ပေါ့ကွာ ဟား!!"
တစ်ယောက်နဲ့တစ်ယောက် သဘောတကျနဲ့ရယ်မိကြသည်။
"ဒါနဲ့ ဘာကိစ္စ ကိုယ့်ဆီလာရတာလဲ"
အဲ့တော့မှ စစ်မင်းထက်အလန့်တကြားထအော်တော့သည်။
"မြန်မြန် ခင်ဗျားအခန်းကို မြန်မြန်သွားရမယ် မဟုတ်ရင်အရည်ပျော်ကုန်တော့မှာ"
မင်းသန့်ကျော်ဇင်ရဲ့ လက်ကိုဆွဲပြီး စစ်မင်းထက် ဓာတ်လှေကားဆီကို အတင်းပြေးတော့သည်။ဝန်ထမ်းတွေကြည့်နေတာကို တွေ့ပေမဲ့လည်း သူရဲ့ကီဝီရေခဲခြစ် အရည်မပျော်ဖို့အရေး စစ်မင်းထက်အရေးပဲ..
"ဘာတွေအဲ့လောက်တောင် အရေးကြီးနေတာတုန်း"
"ရှူး!!! စကားပြောဖို့အချိန်မရှိဘူး"
"အိုကေ ကိုယ်မပြောတော့ဘူး "
ဓာတ်လှေကားပွင့်လာတော့ အထဲမှာ ကောင်မလေးသုံးယောက်ပဲရှိတာမို့ စစ်မင်းထက်အချိန်ဆွဲမနေပဲ မင်းသန့်ကျော်ဇင်လက်ကိုဆွဲပြီး ဓာတ်လှေကားထဲပြေးဝင်လိုက်သည်။မင်းသန့်ကျော်ဇင်က မေးလာတော့ လက်ညှိုးနဲ့ ရှူး ဆိုပြီး တိတ်တိတ်နေခိုင်းပြန်သည်။
အပေါ်ဆုံးအလွှာကိုမရောင်ခင် ကြားအလွှာတွေမှာဆင်းသွားတဲ့ ဝန်ထမ်းတွေက မင်းသန့်ကျော်ဇင်ကို အထူးအဆန်းနဲ့ကြည့်သွားကြတာကို စစ်မင်းထက်မြင်လိုက်မိသေးသည်။တကယ်က မင်းသန့်ကျော်ဇင်ကို ကြည့်သွားတာမဟုတ်ပဲ သူ့ကိုကြည့်သွားကြတာကိုတော့ သူတစ်ယောက်တည်းသတိမထားမိခြင်းဖြစ်သည်။
"ရောက်ပြီ ဒါကိုယ့်အခန်းပဲ"
အခန်းထဲကိုမရောက်ခင် တံခါးဝနားကနေ ဉီးသန့်သည်ရောက်ကြောင်းကိုပြောလာသည်။အစ်ကိုစွမ်းဆောင်ကလည်း သူကိုတွေ့တာနဲ့ ခေါင်းငုတ်အရိုသေပေးလာတာကြောင့် ဘေးကကောင်မလေးတစ်ယောက်ကလည်း ထိုနည်းတူစွာ အရိုသေပြုလေသည်။
"အစ်ကိုစွမ်းဆောင် ခဏနေကြ မုန့်လာယူဉီးနော် ကျွန်တော်မုန့်တွေလုပ်လာလို့ ပြီးတော့ အစ်ကိုမြတ်ခရော ဒီနေ့အလုပ်လား"
"မြတ်ခကို ဘာကိစ္စနဲ့မေးရတာလဲ"
အစ်ကိုစွမ်းဆောင်၏အသံမဟုတ်ပဲ ဉီးသန့်ရဲ့အသံဖြစ်နေတာကြောင့် စစ်မင်းထက် ခေါင်းလေးလှည့်ကာ ကြည့်လိုက်မိသည်။ဉီးသန့်ရဲ့ မျက်နှာကခုဏကလို မဟုတ်ပဲ ချက်ချင်းကို ခက်ထန်သွားသည်ကို သူတွေ့လိုက်ရသည်။ သူမေးလိုက်တဲ့စကားမှယ အမှားများပါသွားခဲ့လို့လား!!
"ကိုမြတ်အတွက်လည်း မုန့်လုပ်လာလို့ လာယူခိုင်းမလို့လေ ဘာဖြစ်လို့လဲ ဉီးသန့်!"
"ဘာ!! ကိုမြတ်!! "
ဒေါသထွက်ပြီး အခန်းထဲကိုဝင်သွားတဲ့ဉီးသန့်ကို စစ်မင်းထက်နားမလည်နိုင်ပါ။ ဘာဖြစ်လို့ အခုလောက်ထိ စိတ်ဆိုးသွားရတာလဲ!!
"ဉီးသန့်က ဘာဖြစ်သွားတာလဲ အစ်ကိုစွမ်းဆောင်"
"မြတ်ခက ဒီနေ့အလုပ်လာတယ် အကိုလေး အခုတော့ ဆရာ့နောက်မြန်မြန်လိုက်ပေတော့"
"ဗျာ~ ဟုတ် !! ဟုတ် !! "
အဲ့တော့လည်း စစ်မင်းထက်လည်း မုန့်ထုပ်လေးဆွဲပြီးပြေးလိုက်ရတော့သည်။
"ကိုစွမ်း!! ခုဏကအခြေအနေက ညီမတစ်ယောက်တည်း မျက်စိမှားနေတာလား ဘော့စ်ရဲ့စိတ်ဆိုးသွားတဲ့ပုံက ရည်းစားနဲ့စိတ်ကောက်လို့ ဒေါသထွက်တဲ့ပုံကြီးနဲ့ အွီး!!"
လက်နှစ်ဖက်ကိုယှဉ်ပြီး ကြက်သည်းထမတတ်ဖြစ်သွားတာကြောင့် ယမုံကိုယ့်လက်ကိုပြန်ပွတ်သတ်နေမိသည်။ အခြေအနေကြီးက ဘာအခြေအနေမှန်းကို တွေးဆလို့မရတော့ဘူး!!
"မိယမုံ!! ကိုယ့်ကိစ္စကိုယ်လုပ်စမ်းပါ စပ်စုမနေနဲ့"
"ကိုစွမ်းပဲ စဉ်းစားကြည့်လေ ဘောစ့်ရဲ့ မျက်နှာကအမြဲတမ်း ဘယ်ချိန်ကြည့်ကြည့် တစ်ရုပ်တည်းဖြစ်နေတဲ့သူက ခုဏကတော့ပြုံးပြီး အခန်းပြင်ထွက်သွားတယ်လေ ဟော~ ပြန်လာတဲ့အခါကြ စိတ်ဆိုးတဲ့မျက်နှာနဲ့အခန်းထဲဝင်သွားလေရဲ့ အဲ့တာက ထူးဆန်းတဲ့အခြေအနေမဟုတ်လို့ ဘာဖြစ်ရမှာလဲ"
လက်ဟန်ခြေဟန်နဲ့ ပြောပြနေတဲ့ ယမုံစကားကြောင့် သူရယ်မိသည်။ဒီကောင်မလေးက ကျန်တဲ့နေရာမှာသာတလွဲလုပ်မယ် လူ့အရိပ်အခြေနေကို အကဲခတ်တာတော့ တဖက်ကမ်းခတ်ကို တော်လွန်းသည်။
"ဘာလို့ရယ်နေတာလဲ ပြီးတော့ ခုဏက အရပ်ရှည်ရှည်နဲ့ ကောင်ချောလေးကရော ဘယ်သူလဲ ချောလိုက်တာ အရမ်းပဲ"
"ဆရာရဲ့ private chef မေးမြန်းနေတာတွေရပ်ပြီး အလုပ်ဆက်လုပ်တော့ ငါ့ကိုခေါ်ထားလို့သွားဉီးမယ်"
"ဟုတ်ကဲ့! ကိုစွမ်း"
ကိုစွမ်းကအလုပ်ပြန်လုပ်ဆိုပေမဲ့လည်း ဘောစ့်ရဲ့ခုဏကပုံစံက တကယ်ကြီးရည်းစားကိုစိတ်ကောက်သွားတဲ့ပုံစံဆိုတာ သူလုံးဝကိုခန့်မှန်းမိသည်။ဒါဆို ခုဏက ကောင်လေးက ဘောစ့်ရဲ့ကောင်လေးလား!!
"အား!!! တကယ်သာဆို တကယ့်အတွဲကို မသေခင်မြင်ဖူးသွားတာပေါ့"
လက်ခုပ်လက်ဝါးတီးပြီး တစ်ယောက်တည်းကို ကြိတ်ပျော်နေတဲ့ လက်ထောက်အတွင်းရေးမှူးလေး ယမုံကတော့ အူမြူးနေလေရဲ့...
အခန်းထဲကိုဝင်သွားတဲ့ ဉီးသန့်သည် သူ့ကိုကျောပေးပြီး ပြတင်းပေါက်အပြင်ဘက်ကိုငေးနေသည်။စကားမပြောချင်တဲ့သူကို အစားနဲ့ပဲမျှားရတော့မည်။
စက္ကူအိတ်နဲ့ထည့်ထားတဲ့ cupcakeဘူးလေးကို အရင်ထုတ်လိုက်သည်။ပြီးတာနဲ့ ကီဝီရေခဲခြစ်လေးကို ထုတ်ကြည့်တော့ အရည်မပျော်သေးတာကြောင့် သူပျော်မိသွားသည်။
"တော်သေးတယ် မဟုတ်လို့ကတော့ သောက်လို့ကောင်းမှာမဟုတ်တော့ဘူး"
တစ်ယောက်တည်းရေရွတ်နေတုန်း အစ်ကိုစွမ်းဆောင်သည် အခန်းထဲရောက်လာခဲ့သည်။
"အစ်ကိုစွမ်းဆောင် ဒီမှာလာထိုင်ဉီး ကျွန်တော် ကီဝီcupcakeနဲ့ ကီဝီရေခဲခြစ်လေး လုပ်လာတယ် အရည်မပျော်ခင် လာစားဉီး"
"ကျေးဇူးတင်ပါတယ် အကိုလေး ပြီးတော့..ဟို..."
အစ်ကိုစွမ်းဆောင်သည် စကားကိုဆက်မပြောဘဲ ဉီးသန့်ကိုသာ လက်ညှိုးညွှန်ပြနေသည်ကို သူတွေ့တာကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို ကျွန်တော် သွားဉီးမယ် အကိုလေး'
"ခဏ!! "
အစ်ကိုစွမ်းဆောင်ကို သူ့အနားခေါ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"အအေးက လူ၎ယောက်စာပဲလုပ်လာလို့ အရှေ့ကကောင်မလေးကိုတိုက်လို့မရတော့ဘူး ဒါပေမဲ့ မုန့်တော့ကျွေးလို့ရတယ် မုန့်နှစ်ခုနဲ့အအေးတစ်ခွက်ကို ကိုမြတ်ဆီသွားပို့ပေးပါနော် အကူညီတောင်းပါတယ် "
ကိုမြတ်ကို သွားပို့ခိုင်းတာကြောင့် အစ်ကိုစွမ်းဆောင်သည် သူ့ကိုမော့ကြည့်လာသည်။
"အစ်ကိုနဲ့ပြောထားတဲ့ ပလန်ထဲမှာ ဒါလည်းပါတာမို့သွားပို့ပေးနော် အိုကေ"
အစ်ကိုစွမ်းဆောင်က အသံတိတ်အိုကေလုပ်ပြကာ မုန့်တွေယူပြီး အခန်းထဲကထွက်သွားလေသည်။ဒါပေမဲ့ ဉီးသန့်ကတော့ ခုဏကအတိုင်း ရပ်နေဆဲ...
"ဉီးသန့် ခေါင်းမူးနေလို့ဆို မတ်တပ်ကြီးရပ်မနေနဲ့ လာထိုင်ပါဆို"
ပြောတာတောင် မတ်တပ်ရပ်နေသေးတာမို့ စစ်မင်းထက်မတတ်သာတာနဲ့ပဲ လက်ကိုအတင်းဆွဲပြီး ထိုင်ခိုင်းရသည်။
"ဘာကိစ္စနဲ့ ချက်ချင်းကြီး စကားမပြောတော့တာလဲ ကျွန်တော့်ကိုပြောပါဉီး"
"ဘာမှမဖြစ်ဘူး!!"
လေသံကနည်းနည်းမာနေသေးတာမို့ စစ်မင်းထက် ထပ်ပြီးတော့နောက်တစ်ခါမေးလိုက်ပြန်သည်။
"အဲ့ဘာမှမဖြစ်ဘူးဆိုတာကြီးကိုက ဖြစ်နေတာပဲလေ ပြော~ဘာလို့လဲ"
"မင်းက ကိုယ်ငှားထားတဲ့Private chefလေ ဘာလို့သူများအတွက်ပါ လုပ်ပေးတာလဲ"
"ဟောဗျာ~ မုန့်တွေအများကြီးလုပ်လာမိလို့ ဝေခွဲပြီးကျွေးတာပါဗျာ ခင်ဗျားမကြိုက်ရင် ကျွန်တော်နောက်တစ်ခါမလုပ်တော့ဘူး ဟုတ်ပြီလား!!"
အဲ့တော့မှပဲ မျက်နှာလေးက မာထန်နေရာကနေကနေ နည်းနည်းလေးပျော့ပျောင်းလာသည်။မကြီးမငယ်နဲ့ ကြံဖန်ပြီး စိတ်ကဆိုးတတ်သေးသည်။
"ခေါင်းကြည်သွားအောင် ကီဝီဖျော်ရည်လေးသောက်လိုက် ပြီးမှ cupcakeချိုချိုလေးကိုစားရင် သက်သာသွားလိမ့်မယ်"
"အင်း!! ကျေးဇူးပဲ မင်းလည်းစားလေ ရော့~"
စက္ကူခွာပြီးသားcupcakeလေးတစ်ခုကို သူ့လက်ထဲထည့်ပေးပြီးတာနဲ့ ဉီးသန့်သည် ကိတ်မုန့်လေးကို တစ်ကိုက်ကိုက်ပြီး အရသာခံနေသည်။နောက်မှ ဖျော်ရည်လေးကိုဆက်သောက်သည်။
"ဒီအရသာလေးကို ကိုယ်ကြိုက်တယ်"
"စားပြီးရင် ဆေးသောက်ရမယ် ဉီးသန့် ကျွန်တော်ဆေးယူလာခဲ့တယ်"
"အင်း ကျေးဇူးပဲ "
cupcakeတစ်ခုနဲ့ဖျော်ရည်သောက်ပြီးတာနဲ့ သူယူလာတဲ့ဆေးကို ဉီးသန့်ကိုတိုက်လိုက်သည်။
"ကိုယ်ခဏလောက် ဆိုဖာပေါ်မှာ မှေးဉီးမယ် မင်းပြန်ချင်တယ်ဆိုရင် ပြန်လို့ရတယ်နော်"
ဆိုဖာက လှဲရင်အိတယ်ဆိုမဲ့လည်း ကြာကြာလှဲရင် ခါးနားတာတို့ ဇက်နာတာတို့ဖြစ်တတ်သည်။ဉီးသန့်က အခုတလော စိတ်ရှုပ်စရာတွေများလာရင် ခေါင်းနောက်ရာကနေ ဖျားတတ်သည်။အခုလည်း မျက်နှာလေးချောင်ကျနေသည်။
တစ်ခုခုဆို စိတ်ပူတတ်တဲ့သူရဲ့စိတ်ကြောင့် စစ်မင်းထက်မနေနိုင်ပဲ ကူညီမိသည်။ဆိုဖာအရှည်ရဲ့ထောင့်ဘက်ဆုံးမှာသူထိုင်ပြီး ဉီးသန့်ကို သူနားမှာလာထိုင်ဖို့ သူအချက်ပြလိုက်သည်။
"ဉီးသန့် ကျွန်တော့်ဘေးနားမှာ ခဏလာထိုင်ဉီး"
"ဘာလို့လဲ"
မေးသာမေးနေတာ ဉီးသန့်က သူ့ဘေးနားမှာထိုင်နေပြီးဖြစ်သည်။
"ကိုယ်ခဏမှေးမလို့ မင်းဘာမေးစရာရှိသေးလို့လဲ"
"ကျွန်တော့်ပေါင်ပေါ်မှာ ခဏလေးမှေးနေလိုက် ဉီးသန့် အကြာကြီးအိပ်ပျော်သွားရင် နေမကောင်းဖြစ်နေဉီးမယ်"
"မင်းပေါင်ပေါ်မှာလား ကိုယ်အားနာတယ်"
တကယ်ကိုအားနာနေတဲ့ မျက်နှာလေးကြောင့် စစ်မင်းထက် အတင်းကိုလှဲချခိုင်းလိုက်ရသည်။လှဲသာလှဲနေပေမဲ့ ဉီးသန့်ရဲ့မျက်ဝန်းတွေကတော့ ပွင့်နေဆဲ!!
"ကျွန်တော့်ကိုအားနာမနေနဲ့ ဆေးလည်းသောက်ထားတာမို့ နာရီဝက်လောက် ခဏမှေးနေလိုက် လိမ္မာတယ်"
လိမ္မာတယ်လို့ပြောပြီး သူ့ခေါင်းကိုပွတ်သတ်ပေးနေတာက သူ့ကိုချော့သိပ်နေသလိုပဲ!!
"ကိုယ့်ခေါင်းကို ခုလိုကိုင်လို့ရတာ မေမေတစ်ယောက်ပဲရှိခဲ့တာ"
"အာ~တောင်းပန်ပါတယ် ကျွန်တော်.."
"ကိုင်လို့ရတယ် မင်းမို့လို့ ကိုယ့်ခေါင်းကိုကိုင်ခွင့်ပြုမယ်"
ခေါင်းမပြောနဲ့ သူရဲ့အနားကိုတောင် ဘယ်သူ့မှအကပ်မခံတဲ့ မင်းသန့်ကျော်ဇင်သည် စစ်မင်းထက်တစ်ယောက်တည်းကိုတော့ အနားကပ်ခွင့် ထိခွင့်အကုန်လုံးကို ခွင့်ပြုပေးထားသည်။
"ကျွန်တော်မို့လို့ ကိုင်ခွင့်ပေးတာ!!"
"အင်း!! နာရီဝက်ပြည့်တာနဲ့ ကိုယ့်ကိုနှိုးဖြစ်အောင်နှိုးပါ မဟုတ်ရင် မင်းခြေထောက်တွေကျင်နေလိမ့်မယ်"
"ရပါတယ်~ ဒီလောက်ကတော့ ကျွန်တော်ခံနိုင်ရည်ရှိပါတယ် ကဲ!! အခုမျက်လုံးမှိတ်ပြီး အနားယူတော့"
စစ်မင်းထက်ရဲ့ ခေါင်းကိုခပ်ဖွဖွလေးပွတ်သတ်ပေးမှုကြောင့် မင်းသန့်ကျော်ဇင်သည် ခဏလေးအတွင်းမှာအိပ်ပျော်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် ကိုယ့်အနားမှာ ရှိနေပေးလို့"
မင်းသန့်ကျော်ဇင်ရဲ့ တီးတိုးပြောသံကိုတော့ စစ်မင်းထက်မကြားခဲ့ပါ....
T~B~C~~~~
ဘယ်လိုလဲ!! သဘောကျကြရဲ့လား🙄
ဒီနေ့ရေးပြထားတဲ့ မုန့်လုပ်နည်း၂ခုလုံးက ပါဝင်ပစ္စည်းတွေရှိရင် တကယ်လုပ်စားရတာ လွယ်ပါတယ်နော်
ကီဝီရေခဲခြစ်ကို ကီဝီအသီးမဟုတ်ပဲ စတော်ဘယ်ရီ၊ပန်းသီး၊ငှက်ပျောသီး ကိုယ်ကြိုက်တဲ့အသီးလေးတွေနဲ့စမ်းကြည့်လို့ရပါတယ်နော်။မုန့်လည်း ဒီအတိုင်းပဲအပေါ်ယံမှာ ကိုယ်စားချင်တဲ့အသီးလေးထည့်ပြီး အဆင်ပြေသလိုလုပ်စားနိုင်ပါတယ်နော်❤️