အပိုင်း-၁၄ (Zawgyi)

157 7 5
                                    

"ကျွန်တော်က ဉီးသန့်နဲ့အတူ လာအိပ်ရမယ်!! ဘာ..ဘာလို့လဲ"

ထစ်ထစ်ငေါ့ငေါ့နဲ့မေးနေမိတဲ့ စစ်မင်းထက်ရဲ့အခြေအနေသည် တကယ်တော့ ​လက်တွေတုန်ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရသည်။

"မင်းပဲ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ဘူးဆို"

"ဟုတ်တယ်လေ အဲ့တာနဲ့ လာအိပ်တာက ဘာဆိုင်နေလို့လဲ"

"မင်းကောင်းကောင်းအိပ်မပျော်ဘူးဆိုလို့ ကိုယ်က အဖော်လုပ်ပေးမလို့လေ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်ရှိတော့ စကားပြောဖော်လည်းရပြီး မင်းကောင်းကောင်းအိပ်ပျော်နိုင်တာပေါ့"

မျက်နှာအနေထားပြောင်းလဲသွားခြင်းမရှိပဲ တည်ငြိမ်စွာနဲ့ပြောနေသော ဉီးသန့်ကို စစ်မင်းထက်တကယ်အံ့သြနေရသည်။ဉီးသန့်ကတော့ သူ့ကို ညီလေးတစ်ယောက်လိုဆက်ဆံနေပေမဲ့ ကိုယ်ကတော့ ညီအစ်ကိုလိုမဆက်ဆံနိုင်တဲ့အခါကြ ဉီးသန့်အပေါ် စိတ်မကောင်းဖြစ်ရသည်။

"အားနာစရာကြီးဗျာ ကျွန်တော်တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်"

"နှလုံးအားနည်းနေရင် အိပ်ရေးဝဝအိပ်ပေးရတယ် မဟုတ်ရင် မင်းရောဂါက ပိုဆိုးလာလိမ့်မယ် ဒါကြောင့်မို့ကိုယ့်စကားကိုနားထောင်ပေးပါ စစ်မင်းထက်"

"ကျွန်တော်နားလည်ပါပြီ ဉီးသန့်"

နောက်ဆုံးတော့ စစ်မင်းထက်လက်လျော့လိုက်ကာ ဉီးသန့်စကားကိုပဲနားထောင်လိုက်ရသည်။

"မနက်ဖြန်အလုပ်ကိုသွားမှာလား ဆရာ"

ညအိပ်ခံနီး ရေထသောက်တဲ့ မင်းသန့်ကျော်ဇင်ကို စွမ်းဆောင်မေးလိုက်မိသည်။ဆရာ့ရဲ့အခြေအနေက ညနေကထက်စာရင် မျက်နှာလေးလန်းလန်းဆန်းဆန်းရှိနေသည်။

"အရေးကြီးကိစ္စမရှိရင် ကိုယ်တစ်ရက်နားချင်တယ်"

"မနက်ဖြန်တော့ အရေးကြီးကိစ္စမရှိပါဘူး ဆရာ သဘက်ခါရောက်ရင်တော့ အစည်းအဝေးတစ်ခုရှိပါတယ်"

"ဒါဆို မနက်ဖြန်ကြ ကိုယ်နားလိုက်ပြီနော်"

"ဟုတ်ကဲ့ ဆရာ"

လှည့်ထွက်သွားတဲ့ ဆရာဖြစ်သူကိုကြည့်ပြီး စွမ်းဆောင်လည်း စိတ်အေးသွားရသည်။ဆရာ့ရဲ့အခြေအနေက အပြင်ပိုင်းကကြည့်ရင် သန်မာသလိုနဲ့ အတွင်းစိတ်ကထိခိုက်လွယ်တတ်တာကြောင့် အမြဲဂရုတစိုက်နဲ့ အခြေအနေကိုစောင့်ကြည့်နေရတတ်သည်။ဒါပေမဲ့ အကိုလေး ရောက်လာကတည်းက အလုပ်မှာ ဘယ်လောက်ပဲပင်ပန်းလာပါစေ အိမ်ရောက်ရင် ရွှင်မြူးသွားတတ်တဲ့ ဆရာ့ကြောင့် အစပိုင်းတုန်းကဆို သူ့မှာအံ့သြခဲ့ရသေးသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now