"Good Morning Ma'am"
Seulgi စကားကို ဓာတ်လှေကားထဲဝင်လာသည့်သူက ခေါင်းတစ်ချက်ငြိမ့်ပြကာ တုံ့ပြန်သည်။ သူမတို့သုံးယောက် ရုံးကိုအစောကြီးရောက်နှင့်ပြီးကြသော်လည်း Seulgi ပီကေကုန်သွားတာမို့ အောက်ကိုဆင်းဝယ်ပြီး ပြန်အတက်၊ ရုံးကိုလာသည့် Bae Joohyun နှင့်ဆုံခြင်းဖြစ်သည်။
"ကောင်းသောနေ့လေးဖြစ်ပါစေ Ma'am"
ဒီတစ်ခေါက်တော့ ဘာတုံ့ပြန်မှုမှမပေးပဲ ခပ်ကျော့ကျော့ထွက်သွားသည့် သူ့ကို Seulgi ရယ်မိသည်။ မာနအတော်ကြီးမည့် မိန်းမမျိုးထင်သည်။
"Ze .. အဲ Seulgi"
အမည်ဝှက်တွေကို တတ်နိုင်သလောက်မခေါ်ဖို့ တိုင်ပင်ထားကြတာမို့ SooYoung က ဖြတ်ခနဲ သူ့ပါးစပ်ကို တစ်ချက်ရိုက်သည်။
"ဒီစာရင်းကြီးကဘာကြီးလဲဟာ"
ကော်ဖီဖျော်စက်နားမှာရပ်နေသည့် Seulgi လက်ထဲထိုးပေးလာသည့်စာရွက်တွင် Seulgi ဖတ်ရုံသာဖတ်တတ်ပြီး ဘာမှန်း မသိသည့် ဇယားကွက်နှင့်စကားလုံးများပါသည်။ ကိန်းဂဏန်းအများအပြားကို မြင်ရတော့ သင်္ချာနှင့်မတည့်သည့်သူမ အန်တောင်အန်ချင်လာသည်။
"မသိဘူး Wendy ကိုမေး"
"သူလဲမသိဘူးတဲ့"
သူမနဲ့ SooYoung တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားရပါးရ ခွီးခနဲရယ်ချလိုက်မိသည်။
"လုပ်စရာတစ်ခုခုရှာလုပ်နေရင်ကောင်းမယ်ထင်တယ်"
စက္ကူခွက်ကို ကိုင်ပြီး ဝင်လာတဲ့ Bae Joohyun ကြောင့် Seulgi ရော SooYoung ပါ သတိအနေအထားဖြစ်သွားသည်။ ကော်ဖီဖျော်သောက်မည်ထင်ရသည့်သူက ရေနွေးထည့်ဖို့ပြင်သည်။
"ရေနွေးမဆူသေးဘူး Ma'am ကျွန်မတို့အဲ့ဒါကြောင့်စောင့်နေတာပါ"
Seulgi ချော်လဲရောထိုင်လုပ်ပြီးပြောလိုက်တော့ သူက စက္ကူခွက်ကို ရေနွေးစက်ဘေး အသာချပြီး လက်ပိုက်ကာ ဘယ်ကိုမှမကြည့်ပဲ ရေနွေးစက်ကြီးကိုသာကြည့်၍ရပ်နေသည်။ SooYoung က ခပ်ဖွဖွ ပြန်ထွက်သွားပြီး Wendy ဘေးမှာ သွားထိုင်ကာ စာရွက်ကြီးကို အတင်းထိုးပေးနေတာကို မှန်အကြည်ကာထားသောကြောင့် Seulgi အတိုင်းသားမြင်နေရသည်။
"ရေနွေးဆူရင် ကျွန်မ လာပို့ပေးပါ့မယ်။ အထဲမှာပဲ စောင့်နေပါလား Ma'am"
Seulgi စကားကို သူက လက်ခံသည့်သဘောဖြင့် ဘာတစ်ခွန်းမှမပြောပဲ ထွက်သွားသည်။ အနည်းငယ်ကြာပြီးသည့်အခါ ရေနွေးပူပူတွေကို သူယူလာသည့်စက္ကူခွက်ထဲ သင့်ရုံမျှထည့်ပြီး အနားရှိ တစ်ခါသုံးကော်ဇွန်းနှင့် သေချာမွှေလိုက်သည်။
"သုံးဆောင်ပါဦး"
သူ့အလုပ်စားပွဲပေါ်က စာရွက်တွေနဲ့လွတ်ရာနေရာမှာ ခွက်ကိုတင်ပေးတော့ သူက တစ််ချက်မော့ကြည့်လာပြီး ကျေးဇူးဟုပြောသည်။
"ကျွန်မ လုပ်စရာမရှိဘူးဖြစ်နေလို့ တစ်ခုခုခိုင်းစရာရှိသေးလား"
Seulgi မေးခွန်းကို သူက ပြန်ဖြေဖို့စဉ်းစားနေတုန်းမှာပဲ သူ့ဘေးနားက ဖုန်းမြည်လာတယ်။ ခပ်တိုးတိုးနဲ့ပြောနေပေမယ့် သူ့စကားတွေကို နားပါးတဲ့ Seulgi က အကုန်ကြားနေရတယ်။ အိမ်ကို စောစောပြန်လာဖြစ်မယ်ဆိုတာရယ်၊ ဝယ်လာခဲ့ပေးမယ်ဆိုတာတွေရယ်။ ဖုန်းချပြီး သူက Seulgi ကို လှမ်းကြည့်လာတယ်။ ပြောဖို့ခက်နေတဲ့ပုံစံကြောင့် Seulgi မေးတစ်ချက်ငေါ့ပြပြီး ပြုံးပြလိုက်တော့မှ သူက ပြောလာတယ်။
"အသားနဲ့ အရွက်လေးတွေသွားဝယ်ပေးပါလား။ ငါ့အမေအိမ်ကို ဝင်ပို့ရမှာမို့လို့"
တကယ့်ကို တောက်တိုမယ်ရဖြစ်နေသည့် ကိုယ့်အဖြစ်ကိုယ် ရယ်မိသည်။ သူပေးတဲ့ ငွေသားစက္ကူတစ်အုပ်ကို ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်တော့ သူက မနှစ်မြို့ဟန်ကြည့်သည်။
"ပိုက်ဆံအိတ်ထဲထည့်ပါလား"
လိုလိုလားလား သူ့ဘက်ကစပြောလာသည်မို့ အားတက်သွားရသည်။ Mission က သူနဲ့နီးကပ်အောင် ရင်းနှီးအောင်လုပ်ဖို့မလား။ ဒီနေရာမှာ Mission အစား အလုပ်ထဲ ယောင်နေမည့် Wendy နှင့် SooYoung အကြောင်းကို အစောကတည်းကသိသည့်အပြင်၊ Bae Joohyun နဲ့ရင်းနှီးအောင်ကြိုးစားတဲ့အခါ Seulgi ကပဲ ဦးဆောင်ဖို့ သူမတို့ ပါတီတုန်းက ပြောထားကြသည်လေ။
"ပိုက်ဆံအိတ်မသုံးဘူး Ma'am"
"ဒါဆို အခုသုံးတော့။ အဲ့ငွေထဲကပဲဝယ်လိုက်ပါ"
သူက ပြောပြီးသည့်နောက် သူ့အလုပ်သူဆက်လုပ်နေသည်။ Seulgi သူ့စားပွဲကို လက်ညှိုးအဖျားနဲ့တစ်ချက်ခေါက်ပြီး
"နောက်မှ Ma'am ကိုယ်တိုင်လိုက်ဝယ်ပေးပါ"
🐆
"အားး ငါ့မျက်ရိုးတွေ ကျိုးပြီထင်တယ်"
SooYoung ရဲ့ ငြီးတွားသံမှာ Seulgi ရော Wendy ရော ခပ်ရေးရေးပြုံးမိကြသည်။ Seulgi အင်္ကျီလက်ကို တစ်ဝက်လောက်ခေါက်တင်လိုက်ပြီး ရေခဲသေတ္တာထဲက အသားတစ်ချို့ကို ထုတ်လိုက်တယ်။ ဒီနေ့ Ma'am အတွက် အသားတွေဝယ်ပေးပြီး သူမတို့အတွက်ပါ ပိုဝယ်လာခဲ့ခြင်းဖြစ်သည်။ အချက်အပြုတ်ဆို Seulgi က ဝါသနာပါပြီး ကျွမ်းကျင်တာမို့ ထမင်းဟင်းအတွက် အလိုလို သူမတာဝန်ဖြစ်သွားသည်။
Wendy ကတော့ တိုက်ခန်းအတွက်လိုအပ်တာတွေ ဝယ်ထည့်ပေးရမည်ဖြစ်ပြီး၊ SooYoung ကတော့ တိုက်ခန်းသန့်ရှင်းရေးလုပ်လိမ့်မည်။ အတူတူလုပ်ရသည့် mission တွေဆိုရင် နှစ်ပတ်လောက် အတူနေလေ့ရှိကြသည်မို့ team work ကို သူမတို့သုံးယောက် ကောင်းကောင်းကိုင်တွယ်နိုင်ကြသည်။
"အခြေအနေဘယ်လိုရှိလဲ Zeki"
ထမင်းဟင်းတွေ အဆင်သင့်ဖြစ်ပြီမို့ စားပွဲအမြင့်ဘေးက ထိုင်ခုံရှည်တွေမှာ ကိုယ်စီဝင်ထိုင်ရင်း SooYoung က မေးတယ်။
"Ma'am က ပေါင်းရသိပ်ခက်တဲ့အမျိုးပဲ"
Seulgi ပြောတော့ သူတို့က ခေါင်းငြိမ့်ကြတယ်။ မုန်ညင်းရွက်နဲ့ ခရုဆီခပ်များများထည့်ကြော်ထားတဲ့ အမဲသားကြော်ကို ကိုယ်စီ လှမ်းယူစားလိုက်ကြသည်။ သူတို့မျက်နှာတွေကို အကဲခတ်ကြည့်နေတဲ့ Seulgi ကို သူတို့က လက်မ ထောင်ပြသည်။ ကျေနပ်စွာပြုံးလိုက်မိသည်။ သူမမှာ ပျော်ရွှင်စရာအသိုက်အမြုံဟာ မေမေပြီးလျှင် ဒီနှစ်ယောက်နဲ့ပဲ တည်ဆောက်ရတာမဟုတ်လား။
"နင်ခေါ်တာကျ Ma'am ဆိုတာကို အခေါ်ခံသားနော်"
Wendy ရဲ့ ခပ်ဆဆစကားကြောင့် Seulgi ဘဝင်ကျသွားသည်။
"သူတို့လူတွေက သူ့ကို Madam လို့ပဲခေါ်ကြတဲ့ပုံလေ။ အဲ့တော့ငါလဲ အဲ့ဟာကိုပဲ အသံထွက်မတူအောင် အဲ့လိုခေါ်ဖြစ်တာ"
Mission ၏ အဓိကဖြစ်သည့် Ma'am အကြောင်းကိုပြောကြရင်းသာ သူမတို့ ထမင်းစားချိန် ကုန်လွန်သွားခဲ့သည်။ SooYoung ကို ပန်းကန်တွေကူသိမ်းပေးပြီးနောက် Wendy နဲ့ သူမ ကိုယ်စီကိုယ်စီ အခန်းတွေထဲ ဝင်သွားကြတယ်။
"မေမေ နေလို့ကောင်းရဲ့လား"
တစ်ဖက်က ကောင်းတာပေါ့ဟူသည့် မေမေ့အသံက ညာနေဟန်မရှိ။ မေမေဟာ Seulgi ကို မွေးစားခဲ့ချိန်ကစလို့ အခုထိ ကျန်းမာရေး ပြင်းပြင်းထန်ထန်ဖြစ်တာမျိုး မရှိခဲ့ဖူးချေ။ ရံဖန်ရံခါ ရာသီဥတုအပြောင်းအလဲ၌ နှာစေးချောင်းဆိုး၍ ဖျားနာတတ်သည်မှလွဲ၍ အမြဲ ကျန်းမာသည်။
"အဆင်ပြေပါတယ် မေမေ စိတ်မပူနဲ့နော်။ အိပ်တော့"
အလုပ်ကိစ္စမေးသည့်အခါ အပေါ်ယံအဖြေမှန်ကိုသာပေးပြီး Seulgi စကားစဖြတ်လိုက်ရတယ်။ မေမေက စိတ်သဘောထားနူးညံ့ပြီး ကိုယ်ချင်းစာတတ်သူဖြစ်သည်။ သူမသာ အခုလို အမျိုးသမီးတစ်ယောက်ကို အနုနည်းနဲ့ပြန်ပေးဆွဲဖို့ကြိုးပမ်းနေတာကိုသိလျှင် မေမေစိတ်ဆိုးလိမ့်မလားဟု စိုးရိမ်မိပါသည်။
🦢
"ကျွန်မ အဆင်ပြေပါတယ်လို့ပြောပြီးပြီလေ အမေ။ အဖေနဲ့ပတ်သက်လို့ ခုလိုထိပြောမှဖြစ်မှာလား"
တံခါးခေါက်ပြီး ဝင်သွားခြင်းဖြစ်ပေမယ့် Ma'am လေသံကြောင့် Seulgi အလိုက်တသိ တံခါးအပြင်ဘက်သို့ ဖြတ်ခနဲပြန်ထွက်လိုက်သည်။ သူ့အကြောင်းတွေကို သိရမှာမှန်ပေမယ့် သူ့မိခင်နဲ့ပြောနေတာမို့ ထိုအထိ Seulgi မစပ်စုချင်။
"ဝင်ခဲ့လို့ရပြီ"
ယခုထိ Seulgi ကို နာမည်မခေါ်သေးသည့်သူက အသံကိုအနည်းငယ်မြှင့်၍ ပြောလာသည်မို့ တံခါးကို အသာဖွင့်ပြီး သူ့စားပွဲအရှေ့ကို သွားရပ်လိုက်သည်။ Ma'am က Seulgi ကို သေချာကြည့်နေတယ်။
"မင်းခြေသံက အတော်လုံတာပဲ။ သူခိုးတွေလိုပဲ"
သူက စကားကို ခနဲ့တဲ့တဲ့အပြုံးတစ်ခုဖြင့် အဆုံးသတ်သည်။ Seulgi ခေါင်းကိုငုံ့ကာ လည်ပင်းကို ပွတ်သပ်၍ ပြုံးလိုက်သည်။
"မေမေလဲ အဲ့လိုပြောလေ့ရှိတယ် Ma'am"
Ma'am ဟု ခေါ်ရခြင်းကို အသားကျနေသည်မှာ သူမတင်မဟုတ်ပဲ အခေါ်ခံရသည့် သူကပါ အသားကျနေသည့်ပုံပေါ်သည်။
"မင်းတို့သုံးယောက်အဆင်ပြေတယ်မလား အလုပ်ဝင်တာလဲ တစ်လပြည့်ပြီဆိုတော့"
ဟုတ်သည်။ သူမတို့ သူ့ထံရောက်လာခဲ့သည်မှာ တစ်လတင်းတင်းပြည့်လေပြီ။ ထိုလေးပတ်အတွင်း ရုံးချုပ်ကို နှစ်ကြိမ်သတင်းပို့ခဲ့ရရာ၌ ရင်းနှီးဖို့ ကြိုးစားနေဆဲပါဆိုတာကလွဲလို့ ဘာမှထပ်မဖြည့်နိုင်သေး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မည်မလား။ ဒီ Mission အမြန်ပြီးမှ သန်းတစ်ရာငွေထုပ်ကိုပိုက်ပြီး မေမေ့ဆီပြန်မည်။ ပြီးလျှင် မေမေဝယ်ချင်နေသည့် မြို့အပြင်နားက ခြံကျယ်ကြီးကို ဝယ်ပေးမည်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်ပြီးမှ
"ဟုတ်ကဲ့ Ma'am ဟိုနှစ်ယောက်က အဆင်ပြေပါတယ်။ စာရင်းတွေလဲ ခွဲတတ်နေပြီ"
သူက အဖြူရောင် ကုတ်အရှည်တွေကို ပုံစံကွဲတွေ ဝတ်လေ့ရှိသည်။ သူ့ကိုကြည့်လိုက်လျှင် အမြဲငြိမ်သက်နေသည့် ပင်လယ်ပြင်တစ်ခုကိုမြင်ရသလို ခံစားရပြီး ပြုံးလိုက်သည့်အခါ ကမ်းစပ်သို့ လှိုင်းများလာရောက်ပုတ်ခတ်သလို Seulgi စိတ်ထဲတွင် သိမ့်ခနဲဖြစ်ဖြစ်သွားရသည်။
"မင်းကတော့ အဆင်မပြေဘူးပေါ့?"
သူ့ရဲ့ပါးနပ်တဲ့မေးခွန်းကို Seulgi ခေါင်းငြိမ့်ပြလိုက်တော့ သူက မျက်ခုံးတွေပင့်သွားတယ်။
"မင်းလုပ်တတ်တာ ဘာမှမရှိဘူးပဲ"
သူ့စကားကို တုံ့ပြန်ဖို့ အဖြေများစွာ Seulgi ထံတွင်ရှိနေသည်။ ကျွန်မက လူတစ်ယောက်ကို စက္ကန့်အနည်းငယ်အတွင်း အသက်ပျောက်အောင်လုပ်နိုင်ပြီး အပြေးလဲသန်ကြောင်း။ ပီကေကို အဆက်မပြတ်ဝါးနိုင်သည့်အပြင် ရေကူးလဲတော်သေးသည့်အကြောင်း။ မေမေ့ကို သံယောဇဉ်သိပ်ရှိတဲ့မိန်းကလေးဖြစ်ပြီး ကြေးစားတစ်ယောက်ရဲ့ ဟန်ဆောင်ခြင်းအတတ်ပညာနဲ့ လူတစ်ယောက်ကို မိမိထံ ညွတ်ကျလာအောင်ဆွယ်ရာ၌ သိပ်တော်ကြောင်းတွေပေါ့။
"ကျွန်မ အစားအသောက်တွေ လုပ်တာ တော်တယ် Ma'am"
Seulgi ပြောလိုက်တော့ သူက လက်ထဲကဘောပင်ကို ဘယ်ညာယမ်း၍ စဉ်းစားနေဟန်ရှိသည်။
"တို့အတွက် personal chef ဆိုရင်ရော?"
သူ့ကိုယ်သူသုံးနှုန်းသည့် 'တို့' ဆိုသည့် နာမ်စားကို Seulgi အတော်သဘောခွေ့သွားသည်။ Personal chef ဆိုတဲ့ ကမ်းလှမ်းမှုကို ရာနှုန်းပြည့်ထပ်ကျော်လွန်၍ သူမ သဘောကျသည်။ သူ့အိမ်ထဲပါ ဝင်နိုင်မည့်အပြင် ကံကောင်းလျှင် သူနဲ့ပတ်သက်သမျှ တစ်ဆတစ်ဆ သိနိုင်မည်။
"ဝမ်းသာအားရ လက်ခံမှာပေါ့ Ma'am ရဲ့"
မျက်ခုံးတစ်ချက်ပင့်ပြ၍ပြောတော့ Ma'am ရဲ့ ခပ်ရေးရေးအပြုံးလေးကို ဖြတ်ခနဲမြင်လိုက်ရသည်။ လှိုင်းများသည် ကမ်းစပ်သို့ ထပ်မံရိုက်ခတ်ပြန်သည်။ ကျားသစ်တစ်ကောင်၏ မြင်ကွင်း၌ ကြိုးကြာဖြူသည် ကျော့ကွင်းထဲ လှလှပပ တိုးဝင်လာသည်။
Wendy နှင့် SooYoung ကို ပြောပြသည့်အခါ သူတို့လည်း ဝမ်းသာအားရဖြစ်ကြသည်။ နှစ်ပတ်တစ်ခါတင်ရသည့် report မှာ ထည့်စရာ စာကြောင်းတွေများလာတော့မည်မဟုတ်ပါလား။
"ဆလပ်ရွက်ကို လတ်မလတ် ကြည့်ဦးမှပေါ့ Ma'am"
Seulgi ကိုင်ထားသည့် လက်တွန်းလှည်းပေါ်ကခြင်းထဲသို့ ဆလပ်ရွက်များပစ်ထည့်လိုက်သည့် Ma'am ကို Seulgi မြည်တွန်တောက်တီးပစ်လိုက်သည်။ Ma'am က အဖြူထည်မျက်ဝန်းများနှင့် Seulgi ကိုကြည့်၍ ဆလပ်ရွက်ကို ယူလာသည့်နေရာ၌ ပြန်ထားလိုက်သည်ကိုတွေ့ရသည်။
"ဒီမှာ ဒါကမှ လတ်တာ။ အဖျားတွေဟာ အရောင်စိုနေမှဖြစ်မယ် Ma'am ရဲ့"
သူမစကားကို သိပ်အလေးထားဟန်မတူသည့်သူက အခြားပစ္စည်းများရှိရာဘက်သို့ ခြေလှမ်းများဦးတည်သည်။ သူ့အတွက် ညစာလိုက်ချက်ပေးရမည်မို့ ဒီည တိုက်ခန်းသို့ပြန်ဖို့ရန်နောက်ကျလိမ့်မည်ဖြစ်ပြီး Wendy နှင့် SooYoung အတွက် ညစာလဲ နောက်ကျလိမ့်မည်။ မစောင့်နိုင်တော့လျှင် ခေါက်ဆွဲပြုတ်သာသောက်လိုက်ရန် Seulgi မှာထားသည်မို့ သိပ်တော့ နောက်ဆံမတင်းပါ။
"ဘာအရောင်ကြိုက်တာလဲ"
"အဝါရောင်ပေါ့ Ma'am"
ရုတ်တရက်လှည့်မေးလာသည့်သူ့ကြောင့် Seulgi မေမေ့ကိုစာပို့နေရာမှ မော့မကြည့်ပဲဖြေလိုက်သည်။ ဂျာကင်အညိုရောင်ကို Jean အပြာနှင့်တွဲဝတ်ထားသည့် Seulgi သည် အတွင်း၌ ရှပ်အင်္ကျီ အဖြူဗြောင်ကို ဘောင်းဘီထဲ တစ်ဝက်ထည့်၍ စတိုင်မိမိရပ်နေသည်။ သိပ်အားစိုက်စရာမလိုပဲ ကြည့်ကောင်းသည်မှာ သူမ၏ မွေးရာပါ ကံကောင်းမှုဖြစ်ပါလိမ့်မည်။ လျှာထိုးဦးထုပ်အမည်းရောင်သည် ထိုကြည့်ကောင်းမှုကို အများကြီး ပံ့ပိုးပေးနေသည်။
"ရော့"
မြင်ကွင်းထဲသို့ တိုးဝင်လာသည့် အဝါရောင် အပြားလေးတစ်ခု။ ဖုန်းကိုပိတ်ပြီး ဘောင်းဘီအိတ်ထဲအမြန်ထိုးထည့်ကာ Ma'am လက်ထဲမှယူလိုက်သည်။
"ဘာလဲ Ma'am"
Ma'am သည် အဖြူရောင်ကုတ်အရှည်ကြီး၏ အောက်တွင် စတိုင်ဘောင်းဘီအဖြူလွှလွှနှင့် အနက်ရောင် ဘလောက်စ်အင်္ကျီကို ဝတ်ထားသည်။ မျက်နှာချင်းဆိုင်၍ တစ်ဦးကိုတစ်ဦးရပ်ကြည့်နေမိသည့်အခါ သူမတို့အား အခြားစျေးဝယ်သူများက ခပ်ယဲ့ယဲ့ငေးကြည့်သွားကြသည်။
"ပိုက်ဆံအိတ်လေ မင်းပဲ တို့ကိုယ်တိုင်ဝယ်ပေးဆို"
Seulgi စကားအား သူမှတ်ထားနေလိမ့်မည်ဟု မထင်ထား။ ထင်ထားစရာအကြောင်းလဲ သိပ်မရှိဘူးမဟုတ်လား။
"Ohh ကျေးဇူးတင်ပါတယ်။ သေသေချာချာသုံးပါ့မယ် ကျွန်မအရမ်းသဘောကျတယ် Ma'am"
ထိုစကားအား သူ့မျက်နှာတည့်တည့်ကိုကြည့်ပြောတော့ Ma'am က မျက်တောင်လှလှများကို သုံးလေးချက်ဆက်တိုက်ခတ်၍ ပိုက်ဆံရှင်းရမည့် နေရာသို့ သွားလေသည်။
TBC......🐆
10 September 2020