တစ်ချက်သာပြုံးပြကာ သူလည်းသူ့နေရာသူထိုင်၊ ဆရာလည်း တစ်နေရာထိုင်နေတာမို့ သူ့အတွက် အနေလည်းမခက်စေ။
သိပ်မကြာခင် အဝေးပြေးကားကြီးကထိုးဆိုက်လာလေသည်။ ဂိတ်မှူးဦးလေးကြီးက သူတို့ကို ခဏနေ နေရာတကျတင်ပေးမှာမို့ သူတို့ကိုစောင့်နေဖို့ပြောတာမို့ သူတို့နှစ်ယောက်လုံးနေရာကမထဖြစ်ပါ။
ခဏနေတော့ ဂိတ်မှူးဦးလေးကြီးက သူ့ဆီလာလေသည်။
" ဆရာမ တစ်ခုလောက်အကူအညီတောင်းလို့ရမလား "
သူလည်းတာဝန်ကျတာ ဆယ်လလောက်ရှိနေပြီမို့ ဂိတ်မှူးဦးလေးကြီးကလည်း သူက သူနာပြုတစ်ယောက်မှန်း သိနေပါပြီ။
" ခုံနံပါတ် ၂က ဘုန်းကြီးတစ်ပါးထိုင်နေတာမို့ ဆရာမက နောက်တစ်ခုံရွှေ့ပေးလို့ရမလား "
" အမ် "
" ကျနော့်ဂိတ်ကမို့ ဆရာမကိုအလျင်လာမေးတာပါ တကယ်လို့မရဘူးဆိုရင်တော့ ဘုန်းကြီးကို အနောက်ကခုံကိုပဲ ပေးရမှာမို့ပါ "
" ရပါတယ် ဦးလေး ကျွန်မ ကားမမူးတတ်ပါဘူး ပြောင်းပေးပါ့မယ် "
အမျိုးသမီးနဲ့ဘုန်းကြီး ခုံချင်းကပ်ထိုင်လို့ကလည်းမဖြစ်။ သူ့အတွက်မို့ ဘုန်းကြီးက နောက်ကိုရွှေ့ပေးရတယ်ဆိုတာကလည်း ပိုကြားမကောင်းမည့်ကိစ္စ။
" ကျေးဇူးပါဆရာမ ဒါဆိုခုံနံပါတ် ၁၁မှာထိုင်ပေးနော် ပြတင်းပေါက်ဘေး ခုံပါ ဆရာမ "
" ဟုတ်ကဲ့ ဦးလေး "
အထုတ်အပိုးတွေကလည်း ကားပေါ်တင်ရလေသည်။ ယနေ့ခေတ်လို ကားအောက်မှာ ပစ္စည်းထည့်စရာ Box တွေပါတာလည်းမဟုတ်ပါ။ ကားပေါ်ပဲတင်ရလေသည်။ ဖိ၍ရသော ပစ္စည်းများဆိုလျင် အလည်လျှောက်လမ်းမှာတင်ပြီး လူပါတက်ထိုင်ရသော ဟွန်ဒိုင်းတံဆိပ် တောင်ပေါ်သွား ကားများဖြစ်သည်။ ရခိုင်ပြည်နယ်၏ လမ်းကြမ်းပုံကြောင့် ကားက ဘီးမြင့်မြင့်နဲ့ကားမျိုးကို စီးရလေသည်။
အဲကွန်းမပါ လေအိတ်မပါသော မညက်ညောသည့် ကားကြီးများက တောင်ပေါ်လမ်းကို တအိအိသွားနေတာမျိုး သူခံစားဖူးချင်ပေမဲ့ ရောက်လာခါစကလည်း သတိလစ်တာရော အိပ်ပျော်တာပါ ဖြစ်သွားတာမို့ ဘာမှမသိလိုက်ရ။
ပြတင်းပေါက်တံခါးကို ဖွင့်ချကာ သေချာနေရာတကျထိုင်လိုက်သည်။ ရင်းနှီးနေသော ရေမွှေးနံ့တစ်စက သူ့နှာဝသို့လွင့်လာသည်။
ဘေးကိုဝင်ထိုင်လိုက်သောအရိပ်က သူထင်သည့်အတိုင်း ဆရာခန့်ငြိမ်းပါလေ။
တော်သေးတာပေါ့။ အသိနဲ့အတူထိုင်ရလို့။
သူ့ဘေးက ပြတင်းပေါက်ကို ပြန်ဆွဲပိတ်နေသော ဆရာ့လက်ကို ပြူးကြည့်မိတော့..
" ခဏနေ အရမ်းအေးလာလိမ့်မယ် "
" သြော် "
ဟုတ်တော့ဟုတ်ပါတယ်လေ။ သူလာစဥ်ကလည်း ထိုလေကြောင့်ပဲ နေမကောင်းဖြစ်သွားရတာမလား။
တောင်ပေါ်စတက်ကတည်းက ဘေးဘီကိုကြည့်ချင်ပေမဲ့ ညခုနှစ်နာရီဆိုတာက အင်မတန်မှောင်နေလေပြီ။ မိုးဦးရာသီအစမို့ တောင်ပေါ်မှာ မိုးက ခပ်ဖွဲဖွဲရွာနေလေသည်။
" တော်သေးတယ် "
" ရှင် ဘာကိုလဲ ဆရာ "
" မိုးရွာနေလို့လေ... မရွာရင် မြူပိတ်ပြီး မောင်းလို့မကောင်းဘူး "
" သြော် "
" ဆရာမ ပြတင်းကိုဟမထားနဲ့တော့ ဒီမိုးက ဖျားတတ်တယ် "
စိုးရိမ်တတ်ရန်ကောဟုတော့ ပြောမနေတော့ပါ။ ပြတင်းကိုအကုန်ပိတ်ကာ ဘာမှမမြင်ရသော ကားမှန်ကိုပဲ စိုက်ကြည့်နေမိပါသည်။ ကားထဲမှာ မီးထွန်းထားတာမို့ သူ့ကိုအနောက်ကကြည့်နေသည့် ဆရာမျက်နှာက မှန်ပေါ်မှာ အထင်းသား။
နေရခက်လိုက်တာ။ စည်းနှောင်ထားသော ဆံပင်တို့ကို ဖြေချကာ ပါးတစ်ခြမ်းဖုံးကျသွားအောင် အရှေ့ကို ချလိုက်တော့မှ ဆရာက ကားရှေ့ကို ပြန်ကြည့်သွားလေတော့သည်။
တဖြည်းဖြည်း မှေးမှိတ်ကျလာသော မျက်ဝန်းတို့က သူ့ကို အိပ်မောကျစေသည်အထိ။
သူ့အိပ်မက်ထဲမှာ သူက နွေးထွေးတဲ့ အိမ်က အိပ်ယာထဲ အိပ်မောကျနေခဲ့သတဲ့။ သို့သော် အိပ်မက်လေးက ခပ်ကြာကြာတော့မခံခဲ့ပါ။
" ဒုန်း "
" ဟာ ချိတ်ကုန်ပြီဟ "
ဆူဆူညံညံအသံနဲ့အတူ သူနိုးလာတော့ ဆရာ့လက်မောင်းက သူ့လက်မောင်းပေါ်ရှိနေဆဲ။ ကြည့်ရတာ သူအိပ်နေရင်းနဲ့ ဆရာ့ရင်ခွင်ထဲရောက်သွားတာများလား။ ရင်ခွင်ထဲက ရုန်းတော့မှဆရာက လွှတ်ပေးသည်။
" ဘာဖြစ်တာလဲ ဆရာ "
နည်းနည်းကြောင်တောင်တောင်နိုင်လှသော အခြေအနေကို ကျော်သွားအောင် အပြင်မှာဘာဖြစ်သလဲပဲ သူမေးမိသည်။
" ကျွန်တော်လည်း အိပ်ပျော်နေတာမို့ မသိလိုက်ဘူး .. ကြည့်ရတာ ကားချင်းချိတ်မိတာနေမယ် "
လက်ကနာရီကိုကြည့်တော့ ည၁၂နာရီ။ အပြင်မှာမိုးက ဖွဲဖွဲရွာနေဆဲ။ ကားမှန်ကနေတဆင့် အပြင်ကိုကြည့်မိတော့ ကားမီးတွေ ထိုးထားကာ ကားတွေကအများကြီးရပ်နေကြသည်။
" စိတ်မပူကြပါနဲ့ ဘက်မှန်ချင်းချိတ်မိတာပါ ဘာမှမဖြစ်ပါဘူး "
" ရှေ့ဆက်လို့မရဘူးလား ဒါဆို "
ကားမောင်းသူမှ ဘာမှမဖြစ်ကြောင်းပြောတော့ ရှေ့ဘက်ကလူတွေက တစ်ယောက်တစ်ပေါက်ထအော်တော့သည်။
" လမ်းက မြေသားလမ်းမို့ မိုးနဲ့ချော်နေတယ်ဗျ.. အဲ့ဒါကြောင့် ဖြည်းဖြည်းချင်းရုန်းပြီးတင်မှရမှာ ... အပေါ်ဘက်တစ်မိုင်လောက်မှာ စားသောက်ဆိုင်တွရှိပါတယ် .. ပိုက်ဆံအိတ်တွေ တစ်ပါတည်းယူသွားပြီး အဲ့မှာစောင့်ပေးကြပါ "
ကားကရုန်းရင် ဝိတ်နဲ့ရုန်းရမှာဖြစ်ပေမဲ့ လူတွေမပါလည်း ကုန်ဝိတ်နဲ့တင်ရုန်း၍ရနေသည်။ လူတွေပါရင် ကားရုန်းတဲ့အခါ ထိတ်လန့်မှာစိုး၍ ထင်ပါ၏။ သူတို့ကို တောင်ပေါ်အလွတ်တက်သွားဖို့ပြောသည်။
" ဆရာမ ကျွန်တော်တို့အတူသွားမယ်လေ "
ကျောပိုးအိတ်ထဲက ဓာတ်မီးနဲ့ ဘေးမှာချထားတဲ့ထီးရှည်ကြီးကို ယူထုတ်ကာ ပြောနေသော ဆရာခန့်ငြိမ်း။ သူလည်း မကျန်ခဲ့ချင်ပါ။ ဘာပဲဖြစ်ဖြစ် ခရီးသွားနေတာပဲလေ။ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီတာကို လက်ခံရမှာပေါ့။
ကားပေါ်ကဆင်းမှ သတိထားမိတော့သည်။ လမ်းက လမ်းလျှောက်မဲ့သူအဖို့တောင် ဗွက်နစ်နေသည့်အပြင် ဖွဲဖွဲရွာနေသောမိုးကြောင့် ချော်ပါချော်နေသေးသည်။
သူ့ပိုက်ဆံအိတ်က ဆရာ့ကျောပိုးအိတ်ထဲမှာမို့ သူ့အနေနဲ့ ကိုင်တွယ်စရာဘာမှမပါ။ သူ့ခေါက်ထီးကလည်း ဆွဲခြင်းထဲထည့်လိုက်တာမို့ အနောက်ဘက်ကိုပို့လိုက်သော ဆွဲခြင်းထဲက ထုတ်ဖို့လည်းမလွယ်လှပါ။
ဆရာ့ထီးအောက် လိုက်ခိုရင်း ခြေဖျားတိုက်နေသောထဘီကြောင့် ခြေကတုတ်သွားရပြန်သည်။
" ဆရာ "
" ပြောလေ "
" ဟိုဘက်ခဏလှည့်ပေးပါလား ကျွန်မ ထဘီပြင်ဝတ်ချင်လို့ "
" ရတာပေါ့ "
ဆရာက သူ့ဘက်ထီးမိုးပေးထားပြီး လူကတော့ သူ့ကိုကျောခိုင်းထားလေသည်။
ထဘီကိုခြေသလုံးတစ်ဝက်ထိတိုဝင်အောင်ပြင်ဝတ်ပြီးတဲ့နောက် ဖြန့်ချထားသော ဆံပင်တို့ကို လက်ချည်းထုံးဖွဲ့ပစ်လိုက်သည်။
" သွားရအောင်ဆရာ "
ကိုယ်စီလှုပ်ရှားသွားနေသောလူတွေကြားမှာ သူရောဆရာပါ ပါဝင်နေ၏။ သူစီးထားသောဖိနပ်က ယင်းမာအဖြူမို့ ရွှံ့ပေလေချောလေ။
" ကျွန်တော့်လက်ကိုတွဲလိုက်ပါ မဟုတ်ရင် ဆရာမ ချော်လဲလိမ့်မယ် "
စီးထားသောဖိနပ်ကို ချွတ်ကာဘက်လက်မှာကိုင်ပြီး ဆရာ့လက်မောင်းကို ညာလက်နဲ့ဆုပ်ကိုင်လိုက်မိသည်။
" အားမနာတော့ပါဘူးဆရာ "
သူတို့တွေတောင်ပေါ်ရောက်ပြီး ဆက်သွားနေရင်း မြေသားလမ်းကုန်ကာ ကတ္တရာလမ်းပေါ်တစ်စစရောက်လာလေသည်။ သူတို့ကားလမ်းချော်သည့်နေရာက လမ်းချဲ့နေတာမို့ မြေသားတွေဖြစ်နေတာဖြစ်၏။
ကတ္တရာလမ်းပေါ်ရောက်တော့ ခြေဖဝါးက ရွှံ့တွေနဲ့ ဖိနပ်ပေါ်က ရွှံ့တွေကို မိုးရေနဲ့သာဆေးလိုက်တော့သည်။
တစ်မိုင်လောက်က ဆိုင်ဆိုသည်ကို မှန်းရင်းလျှောက်လာဆဲမှာပဲ အနောက်က တပွမ်ပွမ်ဟွန်းသံပေးရင်း မီးရောင်ထိုးကျလာတာမို့ ကြည့်လိုက်တော့ သူတို့စီးလာသောကား။
ထိုညက သူတို့အအေးမပတ်လိုက်ပေမဲ့ သူ့ဆံပင်အဖျားတွေတော့ ရေအနည်းငယ်စိုသွားလေသည်။
ဆရာထုတ်ပေးတဲ့တာဝါအသေးစားလေးက သူ့အတွက်ဖြစ်သွားလေသည်။
.............................
17:55
31/05/2020
ကားလမ်းချော်ရာနေရာကို ပတ်ကွေ့ဟုခေါ်ပါသည်။ လွန်ခဲ့သည့်ဆယ်နှစ်က အမှန်တကယ်ကားလမ်းချော်ပြီး ကားချင်းချိတ်မိပါသည်။ စီးလာသော express ကား၏ဘက်မှန်နှင့် တစ်ဖက် ကလမ်းချော်၍ရပ်ထားသောကုန်ကား၏ ဘက်မှန်နှင့် ချိတ်သွားခဲ့ပါသည်။ ကားပေါ်က လမ်းဆင်းလျှောက်ခဲ့ရပြီး ပထမဆုံးအကြိမ် အိမ်ကနေ ရန်ကုန်သို့ တစ်ယောက်တည်းခရီးသွားခဲ့ခြင်းဖြစ်လေသည်။ ထိုစဥ်က မိုးစွေ ဆယ်တန်းအောင်သည့်နှစ်ဖြစ်၏။ ၂၀၁၂ ဖြစ်မည်။
ချစ်လှစွာဖြင့်
မိုးစွေ