~~စောသံမုံ၏ အတိတ်က နေ့ရက်များဆီသို့ ~~
မွေ့ကေသာသည် စောသံမုံအား မိမိ၏ အိမ် ( ဝါ) ကမ္ဘာယေ်လေးဆီသို့ပင် ခေါ်လာ၍ စောင့်ရှောက်ထားရတော့သည်။ မော်ဓော စေတီထက်က ခုံတန်း လေးပေါ်က ပန်းကုံး၊ ပန်းခက် များမှာတော့ သခင်မ မဲ့လျက် ကျန်ခဲ့ရရှာသည်။
ကေသာက စောသံမုံအား ဘုရားကျောင်းဆောင် အရှေ့ရှိ ကွပ်ပျစ်ပေါ် သင်ဖြူးဖျာ တစ်ချပ်ခင်း၍ လှဲကာ အနားယူစေသည်။ ခြစ်ခြစ်တောက် ပူနေသော သူ့ ကိုယ်ကို အပူသက်သာစေရန် ရေပတ်တိုက်ပေးရသည်။
အေးစိမ့်နေသော တွင်းရေစိမ်ထားပါသည့် အဝတ်စ သန့်သန့်ကို ရေညှစ်ပြီး နှဖူးပေါ် တင်ပေးသောအခါ စောသံမုံသည် မျက်မှောင်ကြုံ့ကာ ညည်းညူနေပေ၏....။ သတိကား မလည်လာသေး။
မျက်နှာပေါ်သို့ ရေစိမ် အဝတ်စဖြင့် ပွတ်တိုက်ပေးနေပါသည့် ကေသာသည် အလွန် စိတ်ရှည် သည်းခံတတ်သူတော့ မဟုတ်ပါချေ။ သို့သော် မကျန်းမာသည့် လူမမာကို ကရုဏာ ထားရမည်မို့လား....။
စောသံမုံ၏ နှဖူး မှသည်၊ လည်ပင်း၊ လက်မောင်းပါ မကျန် ရေပတ်အဝတ်ဖြင့် ကိုယ်အပူကျအောင် ခပ်ဖွဖွ တိုက်ပေးနေတော့သည်သာ....။ ချိုစောင်းမှ ဒဏ်ရာကိုလည်း အဝတ်စ သန့်သန့်ဖြင့် အသာအယာ သုတ်ကာ ခြောက်ကပ်နေပါသည့် သွေးတို့ကို စင်ကြယ် စေသည်။
ကိုယ်အပူကျသွားသည်နှင့် စောသံမုံတို့ သတိလည်လာတော့သည်။ လေးလံလွန်းသည့် မျက်ခွံတို့ကို ဖွင့်ကြည့်သော်လည်း အမြင်ဝါးနေသဖြင့် ဖွင့်ချည်၊ ပိတ်ချည် လုပ်ရသည်။
မျက်ခွံတို့ကို အသာအယာ ခတ်ကာ ကြည့်မိတော့ မိမိနှင့် စိမ်းသက်သော နေရာတစ်ခုမှာ ရောက်နေသည့် စောသံမုံ.....၊ ဘေးမှာချထားသည့် မိမိရဲ့ လက်စွဲတော် ဓားကို လက်က အလိုလိုလှမ်းမိပြန်သည်။
အစောနက ရေပတ်တိုက်ထားသော ရေအဟောင်းတို့ကို သွန်ကာ ရေအသစ်လဲပြီး စောသံမုံဆီ ပြန်လာနေသည့် မွေ့ကေသာသည် သူ သတိရလာတာတွေ့တော့ ရုတ်တရက် အံ့သြသွားသည်...။ သတိရလာတာ မြန်လှချည်လား......?
" တော် သတိရလာပြီလား? ရင်ပြင်ပေါ်တင် သတိလစ်သွားတာနဲ့ ကျုပ် အိမ်ကို ခေါ်လာတာတော့။ သက်သာရဲ့လား? ရေသောက်လိုက်ပါအုံး... အဖျားတက်နေတော့ အာခြောက်နေမှာပဲ..." ဟု ဆိုကာ ကေသာ သူ့အား ရေခွက် ကမ်းပေးမိသည်။
" အခုလို ကျုပ်ကိုကူညီပြီး နားခိုခွင့်ပေးတာ ကျေးဇူးတင်လှပါတယ် မိန်းမပျို။ ကျုပ်က ဗညားနွဲ့ အရှင့်သားရဲ့ လူယုံ တစ်ဦးပါ။ နန်းတွင်းတပ်က လူတွေနဲ့ တိုက်ပွဲဖြစ်ရင်း ဒဏ်ရာရပြီး ဒီနယ်ဖက် ရောက်လာတာပါ" လို့ စောသံမုံက ပြောလာသည်။
" သမားတော် ခေါ်ပေးရမလား? တော့် ချိုစောင်းက ဒဏ်ရာက နည်းနည်း နက်နေတယ်။ အစောက ကျုပ် ရေပတ်အဝတ် တိုက်ပေးတော့ လက်တွေမှာလည်း ဓားဒဏ်ရာတွေ တွေ့တယ်..." ဟု ကေသာ မေးမိပြန်သည်။
" သမားတော် မခေါ်ပါနဲ့။ ကျုပ် ဒီအရပ်မှာ ရှိနေတာ သတင်းပေါက်သွားရင် နန်းတွင်တပ်တွေ ရောက်လာမှာမို့ အမိရဲ့ အိမ်မှာပဲ ခေတ္တ ခိုလှုံခွင့်ပေးပါ။ ကျုပ် သက်သာတာနဲ့ ထွက်သွားပါ့မယ်" ဟု သူ ပြောပြန်သည်။
" ကျုပ်တို့နယ်က ရွာလူကြီးက ဗညားနွဲ့ အရှင့်သားကို ကြည်ညိုပါတယ်။ တော် စိတ်မပူပါနဲ့။ တော် သတိရလာတာနဲ့ ရွာလူကြီးကို တော့်အကြောင်း ကျုပ် အကြောင်းကြားမလို့ပါပဲ။ ရွာလူကြီးဆီ အကြောင်းကြားရင်း ကျုပ် သမားတော် ပင့်လာခဲ့မယ်" ဟုဆိုကာ မွေ့ကေသာသည် ရွာလူကြီးအိမ်သို့ ထွက်ရန် ပြင်ဆင်တော့သည်။
" ဒါဆိုလည်း ကျေးဇူးပိုတင်မိပါပြီ လုံမပျို။ ဒါနဲ့ကိုယ့် ကျေးဇူးရှင် ဖြစ်တဲ့ အမိရဲ့ နာမည်ကိုများ ကျုပ် သိခွင့်ရမလား?" လို့ သူမေးလာမှ ကေသာ မိမိနာမည်ကို သူ့အား မပြောရသေးမှန်း သတိရ တော့သည်ပင်.....။
"ကျုပ်နာမည် မွေ့ကေသာ ပါ။ မော်ဓောစေတီထက်မှာ ပန်းရောင်းတယ်။ တော် ရောက်နေတာက ကျုပ်ရဲ့အိမ်ပဲ။ အမိ၊ အဖတို့ကတော့ မရှိတော့ဘူး။ ကျုပ် တစ်ယောက်ပဲ နေရတာ။ ညဖက် တော့်ကို လူမမာစောင့်ဖို့ ဘေးအိမ်က ကလေးငယ်တွေ ကျုပ်ခေါ်ထားပေးမယ်။ အခု ရွာလူကြီးဆီ အကြောင်းကြား သွားရအုံးမယ်" ဟု ပြောကာ လူကြီးအိမ်သို့ ထွက်သွားတော့သည်။
အပြင်ထွက်သွားပါသည့် ကျေးဇူးရှင် လုံမပျိုကို စိတ်ထဲမှ အထပ်ထပ် ကျေးဇူးတင်ရင်း စောသံမုံ တစ်ယောက် မိမိအတွက် ခင်းပေးထားသော အိပ်ရာထက်မှာ လှဲလိုက်မိသည်။ အဖျားက တက်လာပြန်သဖြင့် ခြေရင်းမှာ ထားပေးသည့် ချည်ထည်စောင် မထူမပါးကို ယူကာ ဖြန့်ခြုံမိပြန်သည်။
စိတ်တင်းထားသည့် ကြားမှပင် လူက သတိလစ်ချင်ချင်...။ သူ့ မျက်ခွံတို့ကလည်း အလွန်ပင် လေးလံလာလျက်......။ စောသံမုံမှာ တဖြည်းဖြည်းနဲ့ အသိစိတ်တို့ လွတ်ကာ သတိလစ်သွားပြန်သည်။ မိမိ၏ မသိစိတ်များက ဟိုးး အတိတ် ဖြစ်ရပ်များဆီသို့ ပျံ့လွင့်လျက်.......။
စောသံမုံသည် ငယ်စဉ်ကပင် မိဘမဲ့ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းမှာပင် ကြီးပြင်းလာခဲ့ရသူ။ ဘုန်းဘုန်းသင်ကြားပေးသည့် လောကီ၊ လောကုတ္တရာ စာပေတို့သာမက ထိုခေတ်က ယောကျ်ားပျိုတို့ တတ်အပ်သော ဓားထိုး၊ ဓားခုတ်၊ စသည့် အတိုက်အခိုက် အပညာတို့ကိုလည်း ရွာထဲမှာ သင်ကြားပေးနေသည့် ဆရာတို့ထံမှ သင်ယူခဲ့ရသည်ပင်....။
ဟံသာဝတီ နိုင်ငံက အေးချမ်းသည် ဆိုသော်ငြား တစ်ခါတစ်ရံမှာ မြို့စား၊ နယ်စားတို့က ပုန်စားတတ်သဖြင့် နှိမ်နင်းရလေ့ရှိသောကြောင့် ဘုရင့် စစ်တပ်သည် အင်အားတောင့်တင်းဖို့ လိုသည်ပင်။ စောသံမုံသည်လည်း 'အရွယ်ရောက်ပြီးသည့် တစ်နေ့တွင် နန်းတွင်းတပ်ထဲ ဝင်မည်' ဆိုသော စိတ်ဖြင့် ဘုန်းဘုန်း၏ ကျောင်း ဝေယျာဝစ္စ တို့ လုပ်ကိုင်ရင်း၊ အားလပ်ချိန်တွင် ယောကျ်ားတို့ တတ်အပ်သော အတိုက်အခိုက် ပညာတို့ကို လေ့ကျင့် သင်ယူရင်းပင် ကြီးပြင်းလာခဲ့သည်။
အရွယ်ရလာတော့ ငယ်ပေါင်းသူငယ်ချင်း ဖြစ်သူ "မင်းယောဇာ" နှင့်အတူ ဟံသာဝတီ နန်းတွင်းထဲ ဝင်၍ စစ်မှုထမ်းသည်။ မင်းယောဇာက ဆင်ဖြူရှင် ဗညားဦး၏ နန်းစောင့်တပ်မ တစ်ခုမှာ ရဲမက်ဖြစ်သွားပြီး မိမိမှာ မြို့ရိုးစောင့်တပ်ထဲ ရောက်သဖြင့် လူချင်း ကွဲသွားသည်။
သို့သော်ငြား အဆက်အသွယ်ကား မပြတ်။ တာဝန်ချိန် ပြီးသည်နှင့် တစ်ဦးနှင့်တစ်ဦး အချိန်းအချက်လုပ်ကာ အဆက်အသွယ် လုပ်ကြမြဲပင်။ တစ်နေ့ကျ....... မင်းယောဇာက 'အရေးကြီးကိစ္စ တိုင်ပင်စရာရှိသည်' ဟု ဆိုလာသဖြင့် မိမိမှာ သမီးရည်းစားအရေးကိစ္စ ဖြစ်နေမလား ဟုပင် ထင်မိသေးသည်။
" ကဲ ဆိုစမ်းးး... မင့်အရေးကြီးကိစ္စ?" လို့ စောသံမုံက မေးတော့ " ဗညားနွဲ့ အရှင့်သားက သစ္စာရှိတဲ့ သွေးသောက်ရဲမက်တွေ စုနေတယ်ကွ။ ငါ အပါဆို နှစ်ကျိပ် ကျော်ပြီ။ အရှင့်သားက အနည်းဆုံး သုံးကျိပ်လောက် လိုချင်တာ။ မင်း ပါမလား? မင်းစိတ်ဝင်စားရင် ငါ အရှင့်သားရှေ့မှောက် မင်းကို ခေါ်သွားပေးမယ်။ ဘယ့်နှယ့်လဲ? ဟု မင်းယောဇာက ဆိုလာသည်။
" သူငယ်ချင်း....၊ မင်း နဲ့ ငါဟာ ငယ်ကတည်းက စိတ်အတူ၊ ကိုယ်အတူ ရှိခဲ့ကြမင့်ဟာ...။ အခုအရွယ်ကျမှတော့ ဘာအကြောင်းနဲ့ စိတ်ချင်း မတူစရာ ရှိသတုန်း! မင်းတို့ သွေးသောက်အဖွဲ့ထဲ ငါပါမယ်။ အရှင့်သားဆီ ခေါ်သွားပေးး....." ဟု စောသံမုံ တောင်းဆိုမိတော့သည်။
" ဒါမှ ငါ့ကောင်ကြီးး... ဟားးး ဟားးး ဟားးးးး! ဒါဆို နောက် တာဝန်ချိန်ပြီးရင် တွေ့ကြမယ်ဟေ့။ အရှင့်သားကို ငါအကြောင်းကြားထားမယ် " ဟု မင်းယောဇာက ဝမ်းသာအားရ ဆိုကာ အသီးသီး နှုတ်ဆက်ပြီး ကိုယ်တာဝန်ကျရာ နေရာသို့ ပြန်လာခဲ့ကြသည်ပင်........။
============================
Author's Note::: ရှေ့လျှောက်မှာ ဟံသာဝတီ နန်းတွင်းရေးတွေ ပါလာပါတော့မယ်ရှင်! နန်းတွင်းရေးတွေ ဘယ်လို ရှုပ်ထွေးနေမလဲ၊ မွေ့ကေသာနဲ့ စောသံမုံကရော ဘယ်လို သံယောဇဉ် ဖြစ်လာကြမလဲ ဆိုတာ မျှော်လင့်လို့ရပါပြီ လို့ 😌😌။ Mature content အခန်းတွေလည်း မကြာခင် လာတော့မှာမို့ ယူတို့ အတွေးတွေ မှောင်လို့ရပါတော့မယ် 🌚🌚😝။
ရေမစိုရပေမယ့် မေတ္တာဖျန်းလို့ လန်းတဲ့ အေးချမ်းတဲ့ သင်္ကြန်အချိန်ခါ သမယလေး ဖြစ်ကြပါစေရှင် 💦💦💦💦💦💦💦💦💦😇!
See u again after 2/ 3 days 😉!
Thank u for reading my fic 💙!
If u enjoy reading this chapter..., plz vote!😇
Stay @ home & take care of ur health pr naw readers.... 🌼!!!!
By #JuneRose 🥀
12/4/20. Sun. 3:40 p.m