လှိုင်းပုတ်သံများသည် ဝုန်းခနဲ ဝုန်းခနဲနှင့် ဆူညံနေသည်။ ကျောက်ဆောင်များထက်မှာ ညိုညစ်ညစ်၊ ပြာနှမ်းနှမ်းအဆီများဝေ့နေသလားထင်ရသည့် ရေမြှုပ်များတင်ကျန်ခဲ့သည်။ တဝေါဝေါတိုက်ခတ်နေသော လေပြင်းသည် ရေမှုန်၊ ရေဖွားများကို ဟိုးအဝေးဆုံးသို့ရောက်အောင် တွန်းပို့ပေးနေသည်။
လှိုင်းပုတ်သံ၊ လေပြင်းသံထက် ပိုပြီးကြောက်မက်ဖွယ်ကောင်းသည်မှာ ကောင်းကင်အမြင့်မှ အရှိန်ကုန် ကျဆင်းလာသော ကျောက်တုံးကြီးများ၏ ရေထဲကျသံဖြစ်သည်။ လူခေါင်းလောက်ကျောက်တုံးများပါဝင်သလို စားပွဲတစ်လုံးလောက် ကြီးမားသော ကျောက်တုံးကြီးများလည်း ပါဝင်သည်။ သားရေပြားတင်းတင်းဆွဲထားသော ဗုံတစ်လုံး၏ မျက်နှာပြင်ကို တီးခတ်နေသံများနှယ် အုန်းခနဲ ဝုန်းခနဲ ပင်လယ်ပြင်ထဲ ထိုးဆင်းနေကြသည်။
လက်သီးဆုပ်တစ်ခုသဖွယ်၊ လက်တစ်ဆစ်ခန့်အရွယ် ကျောက်ခဲငယ်များ ကျဆင်းမှုသည်လည်း မရပ်တန့်သေးပေ။ မီးပူခဲရဲရဲများ ရေခွက်ထဲပစ်ထည့်နေသလို ရှဲခနဲ ရဲခနဲနှင့် အငွေ့များထွက်နေသည်။ ရေထဲရောက်သော်လည်း မမြှုပ်သေးသည့် ကျောက်တုံးကြီးငယ်များသည် ပေါလောပေါ်နေသော လူသေအလောင်းများလို မီးခိုးနက်ရောင်မှိုင်းနေသော ပင်လယ်ပြင်ထက်မှာ ရှိနေသည်။ ပါဝင်သော ဂက်စ်များကြောင့် ပေါ့ပါးကာ ရေထဲနှစ်မြှုပ်သွားခြင်းမရှိ။
ထို့အပြင် မီးခဲအသွင် ပူလောင်နေသေးသော ကျောက်ခဲများကြောင့် ပင်လယ်ထဲတွင်ရှိနေသော လှေကြီး လှေငယ်အားလုံးနီးပါး မီးဟုန်းဟုန်းတောက်နေသည်။ မီးမလောင်လျှင်လည်း လေဒဏ် မိုးဒဏ်ကြောင့် မည်သည့်လှေမှ တောင့်မခံနိုင်။ မီးလောင်နေသော ရွက်လှေအပိုင်းအစများ၊ သစ်သားစများသည် ပင်လယ်ပြင်တွင် မီးတိုင်ထွန်းထားသလို ဟိုတစ်စ ဒီတစ်စဖြင့် အနိဌာရုံများကို မီးမောင်းထိုးပြနေသည်။
လှိုင်းထန်နေသော သဲသောင်ကမ်းခြေတွင် မည်သူမှရှိမနေ။ ကမ်းခြေမလှမ်းမကမ်းရှိ ကုန်ပစ္စည်းများ သိုလှောင်ရာ နေရာများတွင်တော့ ဒုက္ခသည်များနှင့် ပြည့်နှက်လို့နေသည်။
ပြာမှုန်များကြားတွင် ထီးထီးကြီးတည်ရှိနေသေးသည့် ကုန်ပစ္စည်းများ သိုလှောင်ရာ အဆောက်အဦးများရှိသည်။ စပျစ်ရည်အိုး၊ သံလွင်ဆီအိုး၊ ငံပြာရည်အိုးကြီးများသာမက အခြားအခြားသော ထုတ်ကုန်၊ သွင်းကုန် ကုန်ပစ္စည်းများကို သိုလှောင်ရန် အဆောက်အဦးများစွာကို သောင်ပြင်နှင့် မလှမ်းမကမ်း မြစ်ကမ်းဘေးတွင် တည်ဆောက်ထားခဲ့ကြသည်။ ပုံပေမြို့နှင့် အလှမ်းသိပ်မဝေးသည့် နေရာတွင် တည်ရှိပြီး တောင်မို့နှစ်ခုအကြားတွင် တည်ရှိသော အဆောက်အဦးတစ်ခုမှာ လေဒဏ်မှ ကင်းလွတ်ခွင့်ရပြီး ချော်ကျောက်ခဲငယ်များကြောင့် ပျက်စီးမှုလည်း နည်းပါးနေသည်။ ထိုနေရာသည် ယခုအခါမှာတော့ ပုံပေမြို့မှ ထွက်ပြေးလာသူ ဒုက္ခသည်များအတွက် နားခိုရာ နေရာတစ်ခု ဖြစ်နေပြီဖြစ်သည်။
ကလေးချော့သံများ၊ ငိုယိုသံများ၊ ဆုတောင်းသံများသည် ညှော်နံ့ထနေသော လူအုပ်ကြားထဲတွင် ပျံ့နှံ့နေသည်။ မီးလောင်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများကြောင့် ညည်းတွားအော်ဟစ်နေရသူများလည်း မနည်းပါ။ လဲပြိုကျရာမှ ပြန်မထနိုင်တော့သည့် လူသေအလောင်းများကို မည်သူမှ ဂရုမစိုက်နိုင်။ ဆာလဖာနံ့၊ မီးလောင်နံ့များအပြင် ပြာမှုန်များကြောင့် လူတိုင်း ချောင်းတဟွတ်ဟွတ် ဆိုးနေကြသည်။
အားလုံး၏မျက်နှာတွင် မျှော်လင့်ချက်များ ကုန်ဆုံးနေသည်။ သူတို့အားလုံး တံတားပြိုသွားခဲ့ပြီဆိုသော အ မင်္ဂလာသတင်းကို ကြားရကတည်းက ပင်လယ်ကို ကယ်တင်ရှင်အဖြစ် မျှော်ကိုးကာ ယခုနေရာသို့ စုပြုံရောက်ရှိလာခြင်းပင် ဖြစ်သည်။ လမ်းမမြင်၊ ကမ်းမမြင်ရလောက်အောင် သိပ်သည်းစွာ ကျဆင်းနေသော ပြာမှုန်များကြားတွင် ရွက်လှေများသည် သူတို့ကို မီးတောင်ကြီးမှ ဝေးရာသို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်အားကိုးခဲ့ကြသည်။ ယခုတော့ ဒေါမာန်ပြင်းနေသော ပင်လယ်သည် မီးတောင်ကြီး၏အဖော် ငရဲသားတစ်ယောက်လိုပင်။
"အဘ.. အဘ..."
နော်ရာသည် ခပ်လှမ်းလှမ်းမှ လူတစ်စုကို လက်ညှိုးညွှန်ရင်း ဘေးနားမှ အဘိုးအိုကို ဝမ်းသာအားရ ခေါ်လိုက်သည်။ သောင်ပြင်ထက်မှ ထိုလူစုသည် လူဆယ်ယောက်၊ ဆယ့်ငါးယောက်ခန့်ဖြစ်ပြီး အားလုံးမှာ အားကောင်းမောင်းသန် ယောက်ျားကြီးများဖြစ်သည်။ ရွက်လှေကြီးတစ်စီးကို သောင်ပြင်ပေါ်မှ ဆွဲသူဆွဲ၊ တွန်းသူတွန်းနှင့် ပင်လယ်ထဲရောက်ရန် ကြိုးပမ်းနေကြသည်။
"ဒီ လူမိုက်တွေကတော့ကွာ.. ဘယ်လိုမှ မဖြစ်နိုင်တာကို။"
အဘိုးအို အဲလ်ဇီယိုသည် စိတ်မသက်သာစွာ ညည်းတွားလိုက်သည်။ ရှေ့မှ တွန်းကာထားသလို အားကောင်းမောင်းသန် ပင်လယ်ဘက်မှလေပြင်းကို လူခွန်အားနှင့် တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်။ တဝုန်းဝုန်း တိုက်ခတ်နေသော ပင်လယ်မှလေပြင်းသည် အရာအားလုံးကို မီးတောင်ရှိရာ ကုန်းတွင်းပိုင်းဘက်ခြမ်းကို တွန်းပို့နေသည်။ အဆက်မပြတ် ကျဆင်းနေသော ကျောက်ခဲငယ်များ၏ ဒဏ်ကလည်း ရှိသေးသည်။
အဘိုးအို ထင်သည့်အတိုင်းပင်။ သိပ်မကြာခင်မှာပဲ လှေကြီးကို တွန်းသူ၊ ဆွဲသူ လူကြီးများ တစ်ယောက်ပြီး တစ်ယောက် လဲပြိုကုန်ကျသည်။ အချို့မှာ လေးဘက်ထောက်ရင်း ချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ အချို့မှာ သောင်ပြင်ထဲ ခြေကိုကန်ကာ အားထုတ်ကြိုးစားပေမယ့် လှေကြီးသည် တစ်လက်မမှမရွေ့။
"အဘ.. အဘ.."
ဒီတစ်ခါမှာတော့ နော်ရာ၏ခေါ်သံသည် ကြောက်လန့်တကြားဖြစ်သည်။ လှေကြီးသည် ရှေ့ဆက်မရွေ့တော့ဘဲ နေရာတွင်ပင် တုန်ခါနေသည်။ ရွက်မဖွင့်ထားသည့် ရွက်တိုင်ကြီးသည် ဖြောင်းခနဲမြည်အောင် ကြိုးကာ ဝုန်းခနဲနေအောင် ပြုတ်ကျသွားသည်။ အော်သံ၊ ငိုသံများကြားမှာ ရွက်တိုင်ကြီးအောက်တွင် အသက်ပျောက်သွားသည့် သွေးသံရဲရဲ လူတစ်ယောက်ကို အဘိုးအို မြင်လိုက်ရသည်။ တုန်ချိချိ ရှေ့သို့တိုးထွက်လာခဲ့သည်။
"ဟေ့လူတွေ.. အကုန် ပြန်လာကြစမ်း။ မင်းတို့ လှေတွေ ကမ်းက ခွာလို့ရမှာမဟုတ်ဘူး။"
"ဟေ့လူတွေ.. ပြန်လာခဲ့ကြ။"
အမှောင်ထဲမှာ၊ ကျောက်ခဲကျသံများကြားမှာ ဖြစ်ပေမယ့် အဘိုးအို အသံကုန် အော်ဟစ် ပြောနေသည်။ မီးတိုင်တစ်ခုကို လက်မှာယမ်းရင်း အဆက်မပြတ် အသံဝင်သည်အထိ အော်နေဖြစ်သည်။ ပင်လယ်သည် သူတို့အတွက် အသက်ရှင်ခွင့် လမ်းတစ်ခု ဖြစ်နိုင်မှာမဟုတ်။
"အဘ.. အဘလား.."
ခေါ်သံတစ်ခု။
အဘိုးအို လက်ထဲမှ မီးတိုင်ကို ပြုတ်မကျသွားအောင် မနည်းကိုင်ထိန်းလိုက်ရသည်။ သူ အိပ်မက်မက်နေသည်မဟုတ်။ ထိုခေါ်သံသည် သူမထင်မှတ်ထားပေမယ့် ရင်းနှီးလွန်းသည့် လူငယ်လေးတစ်ယောက်၏ ခေါ်သံ။
"ဖဲလ်လစ်.."
"အရှင်ရော..အဘ.. အရှင် ဘယ်မှာလဲ။"
အမှောင်ရိပ်ထဲမှ ဝရုန်းသုန်းကား ရှေ့တိုးလာသော လူတစ်ယောက်၏ အရိပ်ကို ပထမဦးဆုံး မြင်လိုက်ရသည်။ သံချပ်ကာဝတ်စုံနှင့် ဂလေဒီယေတာတစ်ယောက်လိုပင်။ သေးငယ်ပိန်ပါးသော ကိုယ်နေဟန်ထားနှင့် အသံကို အဘိုးအို ကောင်းကောင်းမှတ်မိသည်။
"အဘ.. ကျွန်တော်ပါ။ ဖဲလ်လစ်လေ။ အရှင် ဘယ်မှာလဲအဘ။ အရှင် လုလိယက်စ်.."
ဖဲလ်လစ် စကားမဆက်နိုင်တော့။ ချောင်းတွေဆိုးလာသည်။ ခေါင်းမှာဆောင်းထားသော သံခေါင်းစွပ်ကို ဆွဲဖြုတ်လိုက်သည်။ လက်ဖမိုးမှာ မီးလောင်ဒဏ်ရာများနှင့် နီရဲဖောင်းကြွနေသလို ပါးနှစ်ဖက်မှာ ပင်ပန်းမှုဒဏ်ကြောင့် ရဲရဲနီနေသည်။ နှုတ်ခမ်းများက သွေ့ခြောက်ကွဲအက်နေသည်။
"အရှင် ဘယ်မှာလဲအဘ။ နော်ရာ.. နင်... နင်.. နော်ရာ မဟုတ်လား။ အရှင်ရော.."
မောပန်းလွန်းနေသည့်ဟန် စကားသံများက ဟိုက်သံပါနေသည်။
"မင်း... မင်း .. ဒီမှာ ဘာလုပ်နေတာလဲ။"
အဘိုးအို၏အမေးကို ဖဲလ်လစ် ရုတ်တရက် မဖြေနိုင်။ တစ်ခုတည်းသော မေးခွန်းကို ထပ်ခါ ထပ်ခါ မေးဖို့မှလွဲလျှင် အခြားဘာကိုမှ သတိမရ။ အနီးအနားတစ်ဝိုက်တွင် လုလိယက်စ်၏ အရိပ်အယောင်ကို တွေ့လိမ့်မည်လားဟူသော မျှော်လင့်ချက်ဖြင့် အသည်းအသန် ရှာဖွေနေသည်။
"အရှင် ဘယ်မှာလဲအဘ။"
"ငါတို့နဲ့ လူချင်းကွဲသွားပြီ ကောင်လေး။ မင်း မြို့က ထွက်သွားခဲ့ပြီ မဟုတ်ဘူးလား။ ဘာလို့.."
အဘိုးအို၏ စကားကို ဆုံးသည်အထိ ဖဲလ်လစ် နားမထောင်။ ကျောခိုင်းကာ နော်ရာ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။
"အရှင် ဘယ်မှာလဲ နော်ရာ။ ငါ့ကို ပြောစမ်းပါ။ "
"နင်.. နင် ဘာလုပ်မလို့လဲ ဖဲလ်လစ်။"
"ငါ အရှင့်ဆီသွားမယ်။"
"မသွားနဲ့။ မသွားနဲ့တော့။ ဘာမှထူးမှာမဟုတ်ဘူး။ အားလုံးသေပြီ။"
နော်ရာသည် ပြောနေရင်းနှင့် မျက်ရည်များ ကျလာသည်။ မည်းနက်နေသော မျက်ရည်စီးကြောင်းသည် ပေပွနေသော မျက်နှာငယ်ထက်မှာ ကျက်သရေမဲ့စွာ ဖြတ်သန်းစီးဆင်းသွားသည်။
"မသွားနဲ့တော့ ကောင်လေး။ မသွားနဲ့။ အရှင်ကလည်း မင်းကို သွားစေချင်မှာမဟုတ်ဘူး။ နောက်ပြီး ဒီလိုအချိန်မျိုးမှာ မင်း အရှင့်ကို ရှာတွေ့မှာမဟုတ်ဘူး။"
အဘိုးအို၏ ဖျောင်းဖျစကားကို ဖဲလ်လစ်သည် တစ်ခွန်းမှ ကြားဟန်မတူ။
"သူ့ကိုနောက်ဆုံးတွေ့ခဲ့တာ ဘယ်နေရာလဲ အဘ။"
တဟူးဟူးတိုက်ခတ်နေသော လေများကြောင့် နော်ရာ၏လက်ထဲတွင် ကိုင်ထားသော ဆီမီးခွက်ငယ်မှ မီးတောက်ငယ်သည် ဟုတ်ခနဲ ငြိမ်းသက်သွားသည်။ မှောင်ကျသွားမှ မီးတောင်မီးလျှံများ ပန်းထွက်နေသော မီးတောင်ကြီးကို ကျဆင်းနေသော ပြာမှုန်များကြားမှ ကြောက်မက်ဖွယ် မြင်လိုက်ရသည်။ လင်းလက်နေသော လျှပ်စီးများက မီးခိုးတိုင်ကြီးပတ်လည်တွင် ထွန်းလင်းနေစေသည်။ တောင်ခြေတွင် အက်ဆစ်မိုးများ ရွာသွန်းနေသည်။
"နော်ရာ.. ငါမေးနေတယ်။ အခုဖြေစမ်း။ အရှင့်ကို နင်တို့နောက်ဆုံးတွေ့ခဲ့တာ ဘယ်နေရာလဲ။"
"အရှင် ဒါမီဒယ်ရဲ့ အိမ်ရှေ့မှာ။"
ဖဲလ်လစ် အသံတိတ်သွားသည်။ မီးဟုန်းဟုန်းတောက်လောင်နေသော ပုံပေမြို့ရှိရာကို လှမ်းကြည့်သည်။ မျက်နှာအမူအရာသည် စောစောကလို ဒေါမာန်နှင့်မဟုတ်တော့။ တည်ငြိမ်စွာ အဘိုးအိုကို ရင်ဆိုင်လိုက်သည်။
"ဒီလောက်ဆိုရင် ရပြီ။ အဘ.. ကျွန်တော်သွားမယ်။"
"ဖဲလ်လစ်။ မင်း သေသွားလိမ့်မယ်။"
"ကျွန်တော်သေဖို့သွားမှာ မဟုတ်ဘူး။"
ဖဲလ်လစ်၏တုံ့ပြန်စကားသံသည် အသွားထက်သော ဓါးသံတစ်ခုလို။ ပြာမှုန်များ၊ ဒဏ်ရာများနှင့် ညစ်ပတ်နေသော မျက်နှာနုနုသည် ခိုင်မာစွာဆုံးဖြတ်ထားဟန် မာကျောနေသည်။ အဘိုးအို၏ ရီဝေနေသော မျက်လုံးများသည် မှုန်မှိုင်းသွားသည်။ ဖဲလ်လစ်၏ ဆုံးဖြတ်ချက်ကို နားလည်သလို ခေါင်းဆတ်ဆတ်ညိတ်ရင်း လက်များကို လွှတ်ပေးလိုက်သည်။
အားရီးယူးစ်နှင့် လုလိယက်စ်...
ဘယ်သူက ပိုအရေးကြီးသလဲဟု မနေ့ညနေခင်းကပင် အဘိုးအို မေးခဲ့သည်။ ထိုအချိန်အခါက နှုတ်ဖျားမှ အဖြေမပေးခဲ့သော ဖဲလ်လစ်သည် ယခုအချိန်မှာတော့ လုပ်ဆောင်ချက်များဖြင့် သက်သေပြနေပြီဖြစ်သည်။
သို့ပေမယ့်..
အရာရာသည် နောက်ကျခဲ့ပြီလားမသိ။
"ကျွန်တော် သူနဲ့တွေ့ချင်တယ် အဘ။ ဟင့်အင်း.. မဟုတ်ဘူး။ ကျွန်တော် သူ့ကို တွေ့မှဖြစ်မယ်။"
ဖဲလ်လစ်သည် ရင်ဘတ်မှ အဝတ်စကို ဖိဆုပ်ထားသည်။ နာကျင်နေသော နှလုံးသား၏ ကိုက်ခဲမှုသည် သက်သာသွားဟန်မတူ။
"အေးပါကွာ။ အေးပါ။"
အဘိုးအိုသည် တုန်ချိနေသော လက်ဖဝါးဖြင့် ဖဲလ်လစ်၏ ပါးပြင်ကို ပုတ်ခါ ကြိုးစားပြုံးသည်။
"လူလေး.. အဘကို ခွင့်လွှတ်ကွာ။ မင်းကို ငါ မယုံခဲ့မိတာကို အခုပြန်တွေးမိရင်.."
ဖဲလ်လစ်သည် အဘိုးအိုကို တင်းကြပ်စွာပွေ့ဖက်လိုက်သောကြောင့် အဘိုးအိုစကားမဆက်နိုင်တော့။
"အဘဟာ ကျွန်တော့်အတွက် ကျွန်တော်အမြဲလိုချင်ခဲ့တဲ့ ဖခင်တစ်ယောက်ပဲ။ အဘတို့အားလုံးဟာ ကျွန်တော့်မိသားစုတွေ။"
နော်ရာ့ကိုလှည့်ကြည့်ကာ ဖဲလ်လစ်ပြောသည်။ နော်ရာ၏ရှိုက်သံသည် ပိုပြီးကျယ်လောင်လာသည်။ အဘိုးအိုသည် ဖဲလ်လစ်၏ ကျောကိုပုတ်ကာ မျက်ရည်များနှင့်ဖြေသည်။
"အဘအတွက်လည်း မင်းရော အရှင်လုလိယက်စ်ပါ သားတွေလိုပါပဲ လူလေးရာ။ အခုလည်း အရှင်က သူ့သူငယ်ချင်းဒါမီဒယ်ရဲ့ မိသားစုကိုကယ်ဖို့ ချန်နေရစ်ခဲ့တယ်။ အဘကိုပေးလိုက်လို့ မျက်နှာစည်းပဝါတောင် မရှိတော့ဘူး။ သွား လူလေး.. သွား။ မင်းအရှင်ကို မင်းသွားကယ်ခဲ့။"
အဘိုးအို၏စကားအဆုံးမှာ နောက်တစ်ကြိမ် တင်းကြပ်စွာပွေ့ဖက်လိုက်ပြီးမှ ဖဲလ်လစ် လူချင်းခွာလိုက်သည်။
"တံတားပြိုသွားပြီအဘ။ အဘတို့ဒီနေရာမှာပဲ ဆက်ပြီးနေ။ ကျွန်တော် အရှင့်ကိုရှာတွေ့ရင် အဘတို့ဆီပြန်လာခဲ့မယ်။"
ဖဲလ်လစ်သည် နောက်သို့ ချာခနဲလှည့်ကာ ထွက်ခွာလာခဲ့သည်။
ညအချိန်ရောက်ပြီဖြစ်သောကြောင့် ချမ်းအေးမှုသည် ရုန်းထွက်မရအောင် တစ်စတစ်စ ပိုဆိုးလာသည်။ အဆက်မပြတ် တိုက်ခတ်နေသောလေကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်မတတ် အေးစိမ့်လာသည်။ အိမ်ပြိုများ၊ လှည်းပျက်များနှင့် ပြည့်နှက်နေသောကြောင့် ကွေ့ရှောင်လာရသည်။ လိုအပ်သည်ထက် အချိန်ကို ပိုမို ကြာမြင့်စေသည်။ ဒါပေမဲ့ ဖဲလ်လစ် အားမလျှော့။ မျက်ရည်ပူများကျဆင်းနေသော သူ့မျက်စိများသည် ရှေ့တုရုမှလွဲလျှင် ဘာကိုမှမမြင်။ ကြံံ့ခိုင်သောကိုယ်ခန္ဓာကို အဆုံးစွန်အထိအသုံးချကာ တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်လှမ်းလာခဲ့သည်။
ဒုက္ခသည်များကို အပျက်အစီးပုံများကြားတွင် မကြာမကြာတွေ့ရသည်။ လူတိုင်းလူတိုင်း ရေစိုနေသော အဝတ်စများနှင့် နှာခေါင်းနှင့်ပါးစပ်များကို ပိတ်စည်းထားသည်။ မြေဆီမီးခွက်ငယ်များကို ကိုင်ဆောင်ထားကြသည်။ မီးခွက်မှအလင်းရောင်ဖျော့ဖျော့သည် သူတို့ရှေ့ဆက်ရမည့် လမ်းကို ပြပေးနိုင်ဟန်မတူ။ လူလိုင်းလိုလို ချောင်းတွေဆိုးကာ မျက်ရည်တွေကျနေသည်။ သူတို့အားလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မီးတောင်ကြီးနှင့် ဝေးရာသို့ရောက်ရှိရန် ဖြစ်သည်။
ပုံပေမြို့ကြီးသည် မှတ်မိစရာ လုံးလုံးမရှိ။ တစ်နေ့အတွင်း ပြောင်းပြန်ဆွဲလှန်ပစ်လိုက်သလို။ သစ်ပင်တစ်ပင်ကို အမြစ်မှနှုတ်ရင်း အကိုင်းအခက်များကို မြေကြီးအောက်ထိုးထည့်ထားသလို။ အပျက်အစီးများ၊ ပြိုကျနေသောအုတ်ပုံများ၊ ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော လူသေလောင်းများနှင့် ပြည့်နေသည်။
တစ်နှစ်ကျော်နေထိုင်ခဲ့သော မြို့ကြီးထဲမှ လမ်းများကိုပင် ဖဲလ်လစ်ကောင်းကောင်း မမှတ်မိနိုင်တော့။ ပြာမှုန်များအောက်၊ ချော်ကျောက်များအောက်မှာ အရာရာသည် အတူတူပင် ဖြစ်နေသည်။ နေရာတိုင်းလိုလိုတွင် အိမ်ခေါင်မိုးများ၊ ဝရန်တာများ ပြိုကျနေသည်။ မီးတောက်မီးလျှံများက တစ်မြို့လုံးနေရာအနှံ့ လောင်ကျွမ်းနေသည်။
မိုးစုန်းစုန်းချုပ်ခဲ့သည်မှာ မကြာသေးသော်လည်း ပုံပေမြို့မှာတော့ နေ့နှင့်ညသည် ကွာခြားမှုမရှိခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပိန်းပိတ်အောင်မှောင်နေသည်။ မြို့အနှံ့အပြားတွင် လောင်ကျွမ်းနေသော မီးတောက်များနှင့် မြို့ပျက်ကြီးသည် ခြောက်ခြားစရာအတိဖြစ်သည်။ လူသေလောင်းများကို လမ်းမလယ်များ၊ အုတ်ပုံများကြားတွင် ပြာမှုန်များဖုံးကာ တွေ့နေရသည်။ မည်သူမှ ဂရုတစိုက် သတိမထားနိုင်ကြ။ ကိုယ့်လမ်းကိုယ်သွားကာ မိမိအသက်လွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေကြသည်။
ရှေ့ဆက်လာခဲ့ရာ လမ်းတစ်လျှောက်တွင် ဖဲလ်လစ်သည် ခွန်အားကုန်ကာ အကြိမ်ကြိမ်လဲကျခဲ့သည်။ တစ်ကြိမ်တစ်ခါ လဲကျပြီးတိုင်းမှာ ပြန်လည် မတ်တတ်ရပ်နိုင်စွမ်း မရှိတော့ဟု ကြောက်လန့်စွာ တွေးမိသည်။ သို့ပေမယ့် စိတ်ခွန်အားသည် ယိုင်နဲ့နဲ့သာရှိသော ခန္ဓာကိုယ်ကို တွန်းကန်ထားသည်။
သိပ်သည်းစွာ ကျဆင်းနေသော ပြာမှုန်များကြားတွင် သူတို့၏ အိမ်ကြီးကို လှမ်းတွေ့လိုက်ရသည်။ မီးလောင်ကျွမ်းကာ မည်းနက်နေသော အိမ်ပျက်ကြီးတစ်ခုဖြစ်နေသည်။ အသား၊ အဆီများ ဖဲ့ချွေကာ အရိုးပြိုင်းပြိုင်း ထားခဲ့သလိုပင်။ ဖန်ကွဲစများ ပြွတ်သိပ်ထည့်ထားသလို ခံစားရစေသည့် ပြာမှုန့် ပြာစများ ရုတ်ချည်း ပြည့်နှက်လာသလို ဆို့နင့်လာသည်။
သူ နောက်ကျခဲ့ပြီလား။ အရာရာအတွက် သူ နောက်ကျသွားခဲ့ပြီလား။
အတွေးနှင့်ပင် မတ်မတ်မရပ်နိုင်တော့အောင် ဒူးတွေတုန်လာသည်။ မျက်ရည်ပူများသည် ပြာမှုန်စများကြောင့် မဟုတ်တော့။ လှိုက်ဖိုနေသော ရင်သည် ပေါက်ထွက်တော့မလား ထင်ရသည်။
နောက်တစ်ကြိမ် တွေ့ခွင့် မရှိတော့ဘူးလား..
ယိုင်ထိုးသွားသော ကိုယ်ခန္ဓာနှင့်အတူ ကျောက်ခဲပူများပေါ် ဒူးထောက်လျက်သား ကျသွားသည်။ ဝမ်းနည်းစိုးရိမ်မှုများကို မြိုသိပ်မရတော့။
ထိုအချိန်မှာ..
သူတို့အိမ်ကြီးဘေးမှ ဒါမီဒယ်၏ အိမ်ရှေ့နားတွင် တစ်စုံတစ်ရာကို လှမ်းမြင်လိုက်ရသည်။