ပုံပေမြို့လယ်ရှိ နတ်ဘုရားကျောင်းကြီးရှေ့မှ ဖွေးဖွေးဖြူနေသော စကျင်ကျောက်ကြမ်းပြင်ကြီးသည် ခဲရောင်ကျောက်တုံးငယ်များနှင့် ပြည့်နှက်နေသည်။ သဲမိုး၊ ရေမိုးမဟုတ်။ ကျောက်ခဲမိုးဖြစ်သည်။ အဆက်မပြတ် အရှိန်ပြင်းစွာ မရပ်မနား ကျဆင်းနေခြင်းဖြစ်သည်။ မိုးရွာသံထက် ဆယ်ဆပြင်းသည့် လေဟာနယ်ကို ကျောက်တုံးငယ်များ ဖြတ်သန်းလာသော အသံသည် တစ်မြို့လုံးကို ဖုံးလွှမ်းထားပြီဖြစ်သည်။
အိမ်ခေါင်မိုးအုတ်ကြွပ်များ အက်ကွဲကုန်သည်။ အိမ်ရာဝရန်တာမှ ပန်းအိုးများ မွမွကြေကုန်သည်။ တိရစ္ဆာန်များသည် အထိန်းအကွပ်မရှိ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီဖြစ်သည်။ လမ်းမများပေါ်တွင် ဦးတည်ရာမဲ့ ပြေးလွှားနေသော မြင်းများ၊ ခွေးများသည် သက်သာရာရသည်တော့မဟုတ်။ ပူနွေးသော ကျောက်ခဲငယ်များကြား အလဲလဲအချော်ချော်ဖြစ်ကာ ဒဏ်ရာရကုန်သည်။ ဒါပေမဲ့ ၎င်းတို့အား ကူသူ၊ ကယ်သူ မရှိ။ လူသားအချင်းချင်းပင် မမြင်ဟန်ဆောင်ရင်း မိမိအသက်အတွက် ထွက်ပြေးနေရချိန်ဖြစ်သည်။
ကျောက်ငယ်များကျသံသည် လူတွေကို လမ်းပေါ်မှာ မနေရဲအောင် မောင်းထုတ်နေသည့် တောခြောက်သံအလား ကျယ်လောင်မြည်ဟိန်းနေသည်။ တစထက်တစ ပိုမိုကျယ်လောင်လာသည်။ ထို့နောက်တွင်တော့ သေမင်းတမန်၏ ဝမ်းခေါင်းသံဖြင့် အော်မြည်သံနှင့်ဆင်ဆင်တူသော ခြောက်ခြားစရာ အသံကြီးများနှင့်အတူ ကျောက်တုံးကြီးများပါ ပါလာသည်။
"ဝုန်း"
"အုန်း"
အထိတ်တလန့်အော်သံများ၊ နာကျင်စွာ ငယ်သံပါအောင် အော်လိုက်သံများ၊ ပြေးလွှားသံများ၊ အကူအညီတောင်းသံများသည် ရပ်တန့်ခြင်းမရှိတော့။ လူအများစုမှာ အမိုးအကာများအောက်တွင် ဖြစ်သော်လည်း လေဟာပြင်မှာရှိနေသူများအတွက်တော့ မလှမပ သေဆုံးရပြီဖြစ်သည်။ ပုံပေမြို့သည် သွေးစွန်းခဲ့ပြီဖြစ်သည်။
လေပြင်းသည်လည်း တစထက်တစ ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်လာသည်။ မီးတောင်ကြီးသည် ဝမ်းဆာနေသော သရဲသဘက်ကြီး၏ ပါးစပ်ပေါက်ကဲ့သို့ ပတ်ဝန်းကျင်မှ လေများကို မွတ်သိပ်စွာ စုပ်ယူနေသည်။ ကျောက်ခဲများနှင့်အတူ ထူထပ်သိပ်သည်းသော ပြာမှုန်များသည် ထိုလေပြင်းကြားတွင် အထိန်းအကွပ်မရှိ ကျဆင်းနေကြသည်။ ထိုပြာမှုန်များသည် နှင်းမုန်တိုင်းတစ်ခုလိုပင်။ သည်းထန်စွာ ကျဆင်းနေကာ လူများ၊ အိမ်များနှင့် အရာရာကို တွယ်ငြိကပ်တွယ်ကုန်သည်။ ရပ်တန့်ခြင်းမရှိ။ ပိုက်ဖွင့်ထားသော ရေပိုက်ခေါင်းမှ ရေများစီးကျနေသလို ကောင်းကင်ထက်မှ တရဟော ကျဆင်းနေသည်။
များပြားလှသော ပုံပေမြို့သူမြို့သားများ၏ ကံကြမ္မာကို ပြောင်းလဲပြင်ဆင်ရန် မဖြစ်နိုင်တော့။ ပုံပေမြို့ကြီးသည် အရှင်လတ်လတ် ငရဲပြည်သို့ တွန်းချခံလိုက်ရသော မြို့ကြီးတစ်မြို့ကဲ့သို့ အလူးအလဲ ဒဏ်ခံနေရသည်။ ချွေးများ၊ သွေးများ၊ ပြာမှုန်များနှင့်ကပ်နေသော လူများသည် လူရုပ်မပေါ်တော့။ မြေအောက်ကမ္ဘာမှ တိုးထွက်လာသော ငရဲသားများလို ကြောက်လန့်တုန်လှုပ်နေကြသည်။
အချိန်ဆိုသော အရာသည် မည်သူ့ကိုမှ မညှာတာပါ။ မည်သည့်အရာကိုမှလည်း အရေးထားဟန်မရှိ။ သူ့သဘာဝအတိုင်း ခပ်မှန်မှန်ပင် ရွှေ့လျားနေဆဲဖြစ်သည်။ သေဒဏ်အမိန့်ပေးခံရသလို ဖြစ်နေသည့် ပုံပေမြို့ကြီးနှင့် မြို့သူမြို့သားများအတွက်တော့ အချိန်ကုန်ဆုံးမှုသည် လိုအပ်သည်ထက်ပိုပြီး ကြာမြင့်နေသလိုပင်။ တဖြည်းဖြည်းနှင့် ကျောက်တုံးကြီးများ ကျဆင်းမှု မရှိတော့။ ကျောက်ခဲငယ်များ၊ ပြာမှုန်၊ ချော်မှုန်များကတော့ ဆက်လက်ကျဆင်းဆဲပင်။ မြို့ကိုစွန့်ခွာရန်အတွက် အခွင့်သာသည်နှင့် ထွက်ခွာသွားနိုင်ရန် စီစဉ်မှုများမှာ အစီအစဉ်တကျ မဟုတ်ပေမယ့် တဖြည်းဖြည်း လှုပ်ရှားအသက်ဝင်လာသည်။
"ဆီမီးခွက်တွေ၊ မီးတိုင်တွေ ရသလောက် ရှာခဲ့ကြ။"
"အကာအကွယ်ရမှ အပြင်ထွက်"
"မြင်းလှည်း၊ နွားလှည်းတွေကို ပြင်.. ကလေးတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေး။"
အမိန့်ပေးသံများသည် ကြောက်လန့်နေသော မြို့သူ၊ မြို့သားများကြားမှာ တစ်ဖန် ပြန်လည်ပေါ်ထွက် လာသည်။ မြို့စောင့်တပ်သားများသည် မီးတုတ်၊ မီးတိုင်များနှင့် မြို့သူမြို့သားများကို မြို့တံခါးရှိရာ လမ်းပြခေါ်ဆောင်ပေးနေကြသည်။ အမှောင်ကြီးစိုးနေသော မြို့ကြီးထဲတွင် ဘာဆိုဘာမှ မမြင်ရတော့။ ပြာမှုန်များ၊ ကျောက်ခဲမိုးများကြားတွင် မြို့သူမြို့သားများသည် မိမိတို့ခေါင်းတွင် ခေါင်းအုံး၊ သစ်သားပြား၊ ကြေးအိုးများစသည့် အကာအကွယ်များခံကာ အပြင်သို့ ထွက်လာကြသည်။ ချော်လဲသူ၊ လဲပြိုသူလည်းမရှားပါ။ နေရာတိုင်းတွင် စကျင်ကျောက်ငယ်များလို လုံးချောချောနေသည့် ကျောက်တုံးငယ်များဖြင့် ပြည့်နှက်နေသည်။
"မြို့ကို စွန့်ပြေးသူတွေကို မီးတောင်နဲ့ဆန့်ကျင်ဘက် တံခါးနှစ်ခုကပဲ သွားခိုင်း။ ပင်လယ်ဘက်သွားလည်း မထူးဘူး။ လေပြောင်းပြန်တိုက်နေလို့ ဘယ်လှေမှ ရွက်လွှင့်လို့ရမှာ မဟုတ်ဘူး။ မီးခွက်တွေ၊ အကာအကွယ်တွေ ယူသွားကြ။"
လုလိယက်စ်၏ နောက်ဆုံးမှာကြားမှုကို တပ်သားငယ်သည် ဂရုတစိုက်နားထောင်ပြီး တရားရုံးအပြင်သို့ ထွက်ခွာသွားသည်။ တရားရုံးကြီးတွင် ကြောက်လန့်ကာ အပြင်မထွက်ချင်သူ တစ်ချို့မှလွဲလျှင် မည်သူမှ မကျန်တော့။ အများစုမှာ မိမိနေအိမ်သို့ပြန်ရန် သို့မဟုတ် မြို့ကိုစွန့်ခွာထွက်ပြေးရန် ထွက်သွားကြပြီဖြစ်သည်။
အချိန်တွေ မည်မျှကြာခဲ့ပြီဆိုတာကို မည်သူမျှမပြောနိုင်။ ကောင်းကင်ယံသည် ညည့်သန်းခေါင်ယံအလား မှောင်မိုက်နေကာ နေအလင်းရောင် ပျောက်ကွယ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အားလုံးအတွက် ပြင်ဆင်ချိန်ရော ကာကွယ်ချိန်ပါ မရခဲ့။ နေ့နှင့်ည ပြောင်းလဲသွားသလို ပုံပေမြို့ကြီးသည် အပျက်အစီးပုံကြီး အဖြစ်သို့ အချိန်အနည်းငယ်အတွင်းမှာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မြို့ကြီးအတွင်း မှီတင်းနေထိုင်ကြသော မြို့သူမြို့သားများမှာမူ အသက်ရှင်လျက် ငရဲရောက်နေသည်လား ထင်မှတ်မှားစေသည်။
"ဟေ့ကောင်.. မင်းကို ထလို့ပြောနေတယ်။ ထစမ်း။"
ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်ပြောဆိုနေသော အသံဆိုးကြီးကို ကြားလိုက်ရသည်။ အမှောင်ကြောင့် ဘာမှသဲသဲကွဲကွဲမမြင်ရ။ အသံကြားရာ အနီးသို့ရောက်မှ ဘဏ်ပိုင်ရှင် လူဝကြီးကို မြင်လိုက်ရသည်။ လူဝကြီးရှေ့တွင်တော့ တရားရုံးကြီးနံရံထဲ ကျုံ့ဝင်သွားစေချင်သည့်ပုံစံနှင့် နံရံနှင့်ပြားနေအောင် ကပ်ထိုင်နေသော အစေခံလူငယ်တစ်ယောက်။
"ထစမ်း။ အခုသွားစမ်း။ သွားဆို သွား။"
ဘဏ်ပိုင်ရှင် လူဝကြီး၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။ အစေခံလူငယ်ကို ခြေထောက်နှင့်ကန်၊ ဆံပင်ဆောင့်ဆွဲကာ ထ ခိုင်းနေသည်။ သူ့ပိုင်ဆိုင်မှု မြောက်မြားစွာသည် တရားရုံးကြီးနှင့် မလှမ်းမကမ်းရှိ ဘဏ်အဆောက်အဦးထဲမှာ ရှိသည်။ အဖိုးတန်ကျောက်မျက်ရတနာတွေ၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ၊ ရွှေဒင်္ဂါးတွေ။ ဒါတွေအားလုံး သူနှင့် လက်တစ်ကမ်းအကွာမှာဖြစ်သည်။ ဒါတွေကို သွားယူရန်အတွက် အစေခံကို ခိုင်းစေနေခြင်းဖြစ်သော်လည်း အစေခံလူငယ်လေးမှာ အကြောက်လွန်ကာ အပြင်ကို လုံးဝ မထွက်ချင်သောကြောင့် အသားအနာခံကာ ပေကပ်နေခြင်းဖြစ်သည်။
"ခွေးသူတောင်းစား။ အဟွတ်။ မင်းကို ငါ သေတဲ့အထိ ရိုက်သတ်ပစ်မယ်။ ထစမ်း။ အဟွတ်။"
ပြာမှုန်များကပ်ကာ ချွေးစီးကြောင်းများ ထင်နေသော မျက်နှာဝဝကြီးနှင့် ဘဏ်ပိုင်ရှင်မှာ ဒေါသကြောင့် တရှူးရှူးတရှဲရှဲဖြစ်နေသည်။ ပါးစပ်ဖွင့်လိုက်တိုင်း ချောင်းဆိုးနေသောကြောင့် စကားကောင်းကောင်း မပြောနိုင်။ အစေခံကောင်လေးနှင့် လူဝကြီးကြားတွင် လုလိယက်စ် ဝင်ရပ်လိုက်သည်။
"ခင်ဗျားဗျာ.. ဒီလိုအချိန်မှာတောင်.. သူ မသွားချင်တာ မသွားခိုင်းနဲ့။"
"မင်း ဝင်ပါပြန်ပြီလား လုလိယက်စ်"
အစေခံကောင်လေးသည် ဖဲလ်လစ်နှင့်ရွယ်တူနီးပါးလောက်ပင်ရှိသည်။ မည်းနက်သောမျက်နှာမှာ ကြောက်လန့်မှုကြောင့် ပြာနှမ်းနှမ်း ဖြစ်နေသည်။ ချည်ထည်ကြမ်းကို ဝတ်ဆင်ထားသည်မှာ လုလိယက်စ်၏ အတွေးများထဲတွင် အမြဲကြီးစိုးနေခဲ့သော ကောင်လေးကဲ့သို့ပင်။
"အခုအချိန်မှာ ပိုင်ဆိုင်မှုတွေဟာ ခင်ဗျားအသက်လောက် အရေးမကြီးဘူး။"
"ဒါပေမဲ့ ဒီ့ကောင့်အသက်ထက်တော့ အရေးကြီးတယ်။ ဟေ့ကောင်လေး.. သွားစမ်း။"
နောက်ဆုံးစကားများကိုပြောရင်း လူဝကြီးမှာ အသက်မရှူနိုင်သလို ဟိုက်နေသည်။ လောဘ၊ ဒေါသများနှင့် တောက်လောင်နေသော လူကြီးကို လုလိယက်စ် စကားဆက်ပြောချင်စိတ် မရှိတော့။ ခါးပတ်မှာချိတ်ထားသော ဓါးလက်ကိုင်ပေါ် လက်ကိုတင်လိုက်သည်။ ထို့နောက် ဘဏ်ပိုင်ရှင် လူဝကြီးကို မျက်နှာချင်းဆိုင်လိုက်သည်။ လုလိယက်စ် နောက်ပြောင်နေဟန်မရှိမှန်း သေချာသွားမှ ဘဏ်ပိုင်ရှင်လူကြီးသည် တောက်တစ်ချက်ခေါက်ရင်း နောက်ဆုတ်သွားသည်။
အစေခံကောင်လေးကို မျိုးစုံကျိန်ဆဲကာ တရားရုံးကြီးအပြင်သို့ ထွက်လာခဲ့သည်။ မည်သူမှ မယူပေးလျှင် မိမိဘာသာပင် သွားရောက် ယူငင်ရမည်ဖြစ်သည်။ ဒီလိုအဖိုးထိုက်ရတနာတွေကို သူ ထားပြီး မြို့ကို စွန့်ခွာမသွားနိုင်။ တစ်သက်တာလုံးအတွက် ကြိုးစားရှာဖွေ စုဆောင်းလာခဲ့ရခြင်းဖြစ်သည်။ မည်သူကမျှ သူ့ကို အခမဲ့ ပေးကမ်းကျွေးမွေးခဲ့သည်မဟုတ်။ လောကကြီးတစ်ခုလုံးကို ခါးစောင်းတင်နိုင်အောင် မိမိဘာသာ တစ်ယောက်တည်း ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့ရခြင်းဖြစ်သည်။
ယုံကြည်စိတ်ချရသော ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာရန်အတွက် အာဏာရှိသူများကို လာဘ်လာဘများနှင့် ပေးဆပ်ပူဇော်ရသလို မသမာသူများနှင့်လည်း သင့်တင့်လျှောက်ပတ်အောင် ပေါင်းသင်းခဲ့ရသည်။ သူဌေးသူကြွယ်များကို ရိုကျိုးဆက်ဆံရသလို အခြားသူများ၏ မြေပိုင် အိမ်ပိုင်များ မိမိပို်င်ဆိုင်လာနိုင်အောင် ဉာဏ်နီဉာဏ်နက် ထုတ်သုံးခဲ့ရသည်။ နေ့စဉ်နေ့တိုင်း လစဉ်လတိုင်း နှစ်စဉ်နှစ်တိုင်း ကြိုးစားမှုများ၏ အမွေအနှစ်ဖြစ်သော သူ၏ ပိုင်ဆိုင်မှုများကို ယခုလို အလွယ်တကူ လက်မလွှတ်နိုင်ပါ။
လမ်းများပေါ်တွင် ကျောက်ခဲငယ်များသည် ဒူးဆစ်အထိ မြင့်နေပြီဖြစ်သည်။ ပြာမှုန်များကြား ချောကျိပူနွေးနေသော ကျောက်ခဲငယ်များပေါ် လမ်းလျှောက်ရသည်မှာ မလွယ်ကူ။ မကြာခဏ ပြိုလဲတော့မလို ယိမ်းယိုင်နေသည်။ အသက်ရှူရကြပ်ကာ မျက်လုံးတွေစပ်နေသည်။ သိပ်သည်းစွာ ကျဆင်းနေသော ပြာမှုန်များကြောင့် ဘယ်အရာမှမသဲကွဲ။ အနီးအနားမှာပင် ရှိသည်ထင်ရသော ဘဏ်အဆောက်အအုံကို ရှာမတွေ့ဖြစ်နေသည်။
"ဘုန်း"
"ဒုန်း"
"ချွင်"
လူချင်းတိုက်သံ၊ ပြိုလဲကျသံများ ဆူညံသွားသည်။ ဘဏ်ပိုင်ရှင် လူဝကြီးသည် မြေပြင်ပေါ်တွင် ပက်လက်ဖြစ်နေသည်။ နာကျင်မှုကြောင့် ကျိန်းစပ်နေသော မျက်စိများ ပြာဝေသွားသည်။ ဒေါသတကြီး ဆဲရေးကာ ကုန်းရုန်းထပြီး မိမိကို ဝင်တိုက်မိသူကို လှမ်းကန်လိုက်သည်။
"ခွင့်လွှတ်ပါခင်ဗျ။ ခွင့်လွှတ်ပါ။"
အဘိုးအိုတစ်ဦး။ အရိုးပြိုင်းပြိုင်းနှင့် ကိုယ်ခန္ဓာမှာ ယဲ့ယဲ့သာကျန်တော့သည့် အသက်ကို ဖက်နှင့်ထုပ်ထားသည့် ကြွေခါနီး ရော်ရွက်ဝါအလား အထင်မှားစေသည်။ အဘိုးအို သယ်ယူလာခဲ့သော အိတ်ဖြူကြီးမှာ မြေပြင်တွင် ကျနေသည်။ ထိုအိတ်ထဲမှ နတ်ဘုရားကြေးရုပ်တုငယ်များသည် ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေသည်။ အဘိုးအိုသည် နတ်ဘုရား ရုပ်တုငယ်များ ရောင်းချသော ပျံကျစျေးသည်တစ်ဦးဖြစ်သည်။ မိမိပိုင်ဆိုင်သည့် ရုပ်တုငယ်များကို ထမ်းပိုးရင်း ထွက်ပြေးနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
"ဖယ်စမ်း အဘိုးကြီး။ ခင်ဗျားကြောင့် ကျုပ် သွားရမယ့်နေရာ မရောက်တော့ဘူး.. အဟွတ် ဟွတ်.."
အဘိုးအိုမှာ လွင့်စင်ကျသွားသော ရုပ်တုငယ်များကို မမြင်မကန်း လိုက်ကောက်နေသည်။ တုန်ချိနေသော လက်များသည် ရုပ်တုအစား အပူရှိန်မသေသေးသော ကျောက်ခဲငယ်တစ်ခုကို မှားကောက်မိသောကြောင့် အား ခနဲ နာကျင်စွာ အော်လိုက်သည်။
"သေခါနီး လောဘဇောတက်နေတဲ့ အဘိုးကြီး။ နည်းတောင် နည်းသေးတယ်။ မြန်မြန်သေမှ အေးမှာ။"
လူဝကြီးသည် မျက်နှာမဲ့ရွဲ့ကျိန်ဆဲရင်း လွတ်ကျသွားသော မီးတိုင်ကို ပြန်ကောက်လိုက်သည်။ မီးမငြိမ်းသေးသောကြောင့် နတ်ဘုရားများကို ကျေးဇူးတင်ရင်း အဘိုးအိုကို ကျောခိုင်းဆက်လျှောက်လာခဲ့သည်။ မပြိုပျက်သေးသည့် ဘဏ်အဆောက်အဦးကို မြင်လိုက်ရချိန်မှာတော့ အာခေါင်တွေနာ၊ မျက်စိတွေစပ်နေသည်ကို မေ့လျော့သွားကာ ဝမ်းသာမှုဖြင့် ခြေလှမ်းတွေသွက်လာသည်။ မိမိကိုယ်နှင့်မကွာရှိနေသော သော့ကြီးကြောင့် အထဲဝင်ရန်အတွက် အခက်အခဲမရှိ။ မြေအောက်ခန်းရှိ လူတစ်ရပ်ကျော်မြင့်သည့် မီးခံသေတ္တာကြီးရှေ့သို့ အလွယ်တကူ ရောက်ရှိသွားခဲ့သည်။
မီးတုတ်ကို နံရံတွင် ချိတ်ထားသော မီးအိမ်တွင် မီးကူးစေပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
"တော်သေးတယ်။ ဘယ်သူခိုးမှ မလာသေးဘူး။"
ချွေးတွေစိုနေသော လက်ဖောင်းဖောင်းကြီးနှင့် မီးခံသေတ္တာကို ဖွင့်ရန် ကြိုးစားနေသည်။ သို့ပေမယ့် အလွယ်တကူ ဖွင့်မရ။ ချောင်းတွေ တဟွတ်ဟွတ်ဆိုးနေသောကြောင့် မနည်းအသက်လုရှုနေရသည်။ ဖောင်းပွနေသော ရင်ဘတ်ကြီးမှာ ဖားပြုတ်တစ်ကောင်လို ဖိုလှိုက်ဖိုလှိုက် ဖြစ်နေသည်။ အဖိုးတန် အဝတ်အစားများမှာ ပြာမှုန်များကပ်ကာ စုတ်ပြဲနေပြီဖြစ်သည်။ မီးလောင်ပေါက်များနှင့်ဖြစ်သောကြောင့် အဝတ်စုတ်တစ်ခုနှင့် မခြားတော့။
လျှို့ဝှက်သော့ပေါက်များနှင့် စီမံထားသော မီးခံသေတ္တာကြီး ပွင့်သွားပြီဖြစ်သည်။ ရွှေရောင်လက်လက်ထနေသော ရွှေဒင်္ဂါးပြားများမှာ အပုံလိုက်။ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများထည့်ထားသော ဆင်စွယ်ပခြုပ်ငယ်များမှာလည်း တန်းစီနေသည်။ အောက်ဆုံးအဆင့်မှာတော့ အဖိုးတန်လက်ဝတ်လက်စားများ၊ ကျောက်မျက်ရတနာများ။ သူ ပိုင်ဆိုင်တာတွေရှိသလို အခြားသူများ လာရောက်အပ်နှံထားတာတွေလည်းပါသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ထိုအရာအားလုံးကို သူ ပိုင်ဆိုင်သည်ဟုပင် ပြောလို့ရနေပြီဖြစ်သည်။ ပိုင်ရှင်များမှာ သက်ရှိထင်ရှား ကျန်ရှိနေဖို့ မဖြစ်နိုင်တော့။
"ဟီး ဟီး ဟား ဟား။ ငါ့ ပစ္စည်းတွေ၊ ငါပိုင်တာတွေ။"
ချောင်းဆိုးသံများကြားမှ ဝမ်းသာအားရ ရေရွတ်ကာ ရွှေဒင်္ဂါးပြားများကို သားရေအိတ်တစ်လုံးထဲသို့ အငမ်းမရ ထည့်နေသည်။
"ကျွိ.. ကျလိ.. ကျွိ"
အသံထွက်ပေါ်လာရာ ခေါင်မိုးရှိရာသို့ ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ ယခု သူ ရောက်ရှိနေရာနေရာသည် ဘဏ်အဆောက်အဦး၏ မြေအောက်ခန်းဖြစ်သည်။ တံခါးပေါက်အနီးရှိ အပေါ်ထပ် ကြမ်းပြင်တွင် အက်ကြောင်းရာများ ထင်လာသည်။ နဖူးထိပ်မှ ချွေးစီးကြောင်းသည် ပြူးကျယ်နေသာ မျက်လုံးများထဲသို့ စီးဝင်လာသည်။ ဝတ်ရုံလက်မောင်းနှင့် အတင်းဖိသုတ်ကာ ရွှေဒင်္ဂါးများကို အားလုံးအိတ်ထဲရောက်ရန် လက်နှင့်သိမ်းကြုံးသပ်ချလိုက်သည်။
"မြန်မြန်။ မြန်မြန်။"
တစ်ယောက်တည်း ရေရွတ်ရင်း ဇောချွေးများနှင့် တစ်ကိုယ်လုံး စိုရွှဲလာသည်။ ပက်ကြားအက်သံများသည် ကျယ်သည်ထက် ကျယ်လောင်လာသလို ဖုန်မှုန့်၊ မြေမှုန့်များ တဖြူးဖြူ ကျလာပြီဖြစ်သည်။ လူဝကြီးသည် လောဘဇောကို အတောမသတ်နိုင်။ လက်ဝတ်ရတနာများကို တဆက်တည်း ဆက်ယူနေပြန်သည်။ မို့ဖောင်းလာသော အိတ်ကြီးနှင့်အတူ နံရံတစ်လျှောက် အက်ကွဲရာများ ထင်းသထက် ထင်းလာသည်။ ခေါင်မိုးထက်မှ မြေမှုန်များသာမက၊ ကြမ်းခင်းများပါ ပြိုကျလာသည်။
"အဟွတ်..ဟွတ် .. ဟွတ်"
မြေမှုန့်၊ ဖုန်မှုန့်များကြောင့် ဘာမှမမြင်ရတော့။ ပစ်ချထားခဲ့သော မီးတုတ်မှာ မီးငြိမ်းနေပြီဖြစ်ကာ မီးအိမ်မှု လှုပ်ခါနေသော မီးရောင်ဖျော့ဖျော့သာ ကျန်ရှိတော့သည်။ ဘဏ်ပိုင်ရှင်မှာ စာချုပ်စာတမ်းများကို မယူနိုင်တော့ဘဲ နှမြောတသစွာ တစ်ချက်စိုက်ကြည့်ပြီး မီးခံသေတ္တာကြီးကို ကျောခိုင်းလိုက်ရသည်။
"ဝုန်း.."
အသည်းနှလုံးသည် ပါးစပ်ပေါက်မှ ခုန်ထွက်သွားသလား ထင်ရအောင် ပါးစပ်ကြီးဟကာ မျက်လုံးပြူးသွားသည်။ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာတွင် ဘာထိခိုက်မှုမှ မရှိလိုက်။ အဝင်ပေါက်နားရှိ ခေါင်မိုးကြမ်းပြင်မှာ ပြိုကျကာ အပေါက်ကြီး ဖြစ်နေသည်။ ကံကောင်းထောက်မစွာ လူဝကြီးကို မထိခိုက်စေခဲ့။ အဖိုးတန် ရွှေဒင်္ဂါးများ၊ လက်ဝတ်ရတနာများ ထည့်ထားသော အိတ်ကြီးကိုပိုက်ရင်း လူဝကြီးတစ်ကိုယ်လုံး တုန်နေသည်။ ဒူးတွေလည်း တဆတ်ဆတ်တုန်နေကာ ရှေ့ခြေတစ်လှမ်းမှ ရွှေ့မရ။
"ဂျိ.. ကျလိ.. ဂျိ.."
အသံတွေမြည်လာပြန်သည်။ ရှေ့ဘက်မှမဟုတ်။ မိမိနောက်ကျောက်ဘက်မှဖြစ်သည်။ လူဝကြီးသည် တုတ်ခိုင်သောလည်ပင်းကို ခပ်ဖြည်းဖြည်းလှည့်ကာ ပြူးကျယ်ကြောက်လန့်နေသော မျက်လုံးများဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။
ကြေးသတ္တုနှင့် ပြုလုပ်ထားသော လူတစ်ရပ်စာမြင့်သည့် မီးခံသေတ္တာကြီးသည် မူးယစ်နေသော နတ်ဆိုးတစ်ကောင်လို ယိမ်းခါနေသည်။ ထို့နောက်မှာတော့ ပြေးပေါက်မရှိသည့် ကြွက်ငယ်ကို ဖမ်းအုပ်လိုက်သည့် ကြောင်နက်ကြီးတစ်ကောင်လို ငေးကြောင်ကြည့်နေသော လူဝကြီးပေါ်သို့ မှောက်ရက် လဲကျသွားတော့သည့်။
မြေအောက်ခန်းတစ်ခုလုံး ရွှေဒင်္ဂါးများသည့် ဝေါခနဲ ပြန့်ကျဲသွားသည်။ အဖိုးတန်ကျောက်မျက်ရတနာများ သည် နီစွန်းနေသော သွေးအိုင်ထဲတွင် လက်လက်ထကျန်နေခဲ့သည်။ မီးခံသေတ္တာကြီး၏ တစ်ဖက်စွန်းတွေတော့ တစ်ချိန်က လူဝကြီးပိုင်ဆိုင်ခဲ့သည့် ဖောင်းကားသော လက်တစ်ဖက်။ ပတ္တမြားလက်စွပ်များနှင့် ပြည့်နေသော လက်ချောင်းများသည် အသက်မရှိတော့ပေမယ့် အကြောလိုက်ကာ တုန်ခါနေသည်။