အိမ်ကြီးတစ်အိမ်လုံး မီးတိုင်များ၊ ဆီမီးတိုင်များဖြင့် လင်းထိန်အောင် ထွန်းညှိထားသော်လည်း သရဲတစ္ဆေများရှိရာ တစပြင်တစ်ခုလို တိတ်ဆိတ်ခြောက်သွေ့နေသည်။ အစေခံများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နေကြသော်လည်း အသံကျယ်ကျယ်ဖြင့် စကားမပြောရဲ။ ခြေသံကြားရမှာကိုပင် ထိတ်လန့်နေဟန် ခြေဖွလျှောက်နေကြသည်။
"အဘ.."
အစေခံအမျိုးသမီးငယ် နော်ရာမှာ မျက်နှာသေလေးနှင့်ဖြစ်သည်။ ငိုထားဟန် မျက်လုံးများ ဖောင်းမို့နေသည်။ မီးဖိုခန်းနောက်ခန်းထဲမှ အခန်းငယ်မှာ ငုတ်တုတ်ထိုင်နေသည့် အဘိုးအိုရှေ့မှာ မ၀ံ့မရဲ လာရပ်ကာ အသံတိုးတိုးဖြင့် လှမ်းခေါ်နေခြင်းဖြစ်သည်။
"အဘ..အရှင့်ကို ညစာ စားဖို့သွားခေါ်ပေးပါဦး။"
စကားအဆုံးတွင် နော်ရာသည် တစ်ချက်ရှိုက်လိုက်သည်။ သူမကိုယ်တိုင် မခေါ်ရဲသဖြင့် အဘိုးအိုကို အကူအညီတောင်းရခြင်းဖြစ်သော်လည်း လူသေတစ်ယောက်လို မျက်နှာဖြူဖွေးနေသည့် အဘိုးအိုသည် သူမတို့ထက် ပိုပြီး ၀မ်းနည်းစိတ်မကောင်းဖြစ်နေသည့်ဟန်။ တုတ်တုတ်မျှ မလှုပ်။ နော်ရာမှာ အဘိုးအို၏ ပခုံးကို ကိုင်လှုပ်ရသည်။
"အဘ.."
"အေးပါ ကလေးမရယ်။"
အဘိုးအို၏ လေသံသည် အားအင်လုံးလုံးမရှိ။ ဖြူဖျော့နေသော နှုတ်ခမ်းများကြားမှ သက်ပြင်းချသံကိုသာ အထပ်ထပ်ကြားနေရသည်။ ထို့နောက် ခပ်ဖြည်းဖြည်းထကာ မီးဖိုခန်းမှ ထွက်လာခဲ့သည်။ ထမင်းချက်ကြီး စီရမ်နာသည်လည်း သူမရှေ့မှ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကိုပင် မြင်ဟန်မတူ။ တစ်အိမ်လုံး မည်သူမှ စိတ်မကောင်းကြ။ မထင်မှတ်ထားသည့် ကြမ္မာဆိုးသည် လေပြင်းတစ်ခုနှယ် အိမ်ကြီးအတွင်းမှ ပျော်ရွှင်ကြည်နူးမှုအားလုံးကို တိုက်ခတ်ယူဆောင်သွားပြီဖြစ်သည်။
အဘိုးအိုသည် လုလိယက်စ်၏ အလုပ်ခန်းရှိရာသို့ လျှောက်လာခဲ့သည်။ အလုပ်ခန်းရှေ့မှ ဥယျာဉ်သည်လည်း အပျက်အစီးများကြောင့် သာယာမှုမရှိ။ ညနေခင်းချိန်များတွင် ပျံလွှားပျော်မြူးနေတတ်သည့် ငှက်ငယ်များကိုလည်း မတွေ့ရ။ ပျောက်ခြင်းမလှ ပျောက်ကွယ်နေပြီဖြစ်သည်။
လုလိယက်စ်သည် အလုပ်စားပွဲတွင် လက်ထောက်ကာ မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်ထားသည်။ ရွှေရောင်ဆံပင်လိပ်များသည် နဖူးပေါ်ဝဲကျနေသည်။ ပြန့်ကျဲနေသော စာရွက်လိပ်များသည် အစီအစဉ်မရှိ။ ကြမ်းပြင်ပေါ်တွင်လည်း တစ်ချို့ကျနေသည်။ စားပွဲထက်မှ ပန်းအိုးငယ်ထဲမှာတော့ ပန်းရောင် နှင်းဆီပန်းပွင့်ငယ်လေးများ။
"အရှင်.."
လုလိယက်စ် ပခုံးသည် လှုပ်ခါသွားသည်။ မျက်နှာကို ချက်ချင်းနောက်ဘက်သို့လှည့်လိုက်သည်။ အဘိုးအို ခေါင်းငုံ့လိုက်မိသည်။ မမြင်စေချင်သည့် မျက်ရည်စတွေကို သူလည်း မတွေ့ရက်ပါ။ လုလိယက်စ်သည် ထိုင်နေရာမှ မတ်တတ်ရပ်ပြီး အဘိုးအိုရှိရာကို ကျောခိုင်းလိုက်သည်။
"ဘာဖြစ်လို့လဲ အဘ.."
"ဟို..ဟို.. ညစာ.."
"မလိုဘူး။"
အသံမာသွားသည်ကို သတိထားမိဟန် လုလိယက်စ်သည် စကားစဖြတ်လိုက်သည်။ ထို့နောက် အဘိုးအိုရှိရာသို့ ခပ်ဖြည်းဖြည်း လှည့်ကြည့်သည်။ အဘိုးအို မမြင်ရက်။ သွေးကြောမျှင်နီများ ထင်းနေအောင် ၀မ်းနည်းစိတ်မကောင်းရိပ်တွေ ထင်နေသည့် လုလိယက်စ်၏ မျက်လုံးများသည် သူ့ ရင်ကို ဓါးထက်ထက်နှင့် ခွဲချနေသလို ခံရခက်စေသည်။
"ကျွန်တော် ဘာမှ စားလို့ရမှာ မဟုတ်ဘူး။ မပြင်ခိုင်းနဲ့ အဘ။"
အဘိုးအို ခေါင်းကိုငုံ့ကာ ခပ်ဖြည်းဖြည်းညိတ်သည်။ အရိုအသေပေးရင်း နောက်လှည့်ပြန်ဖို့ ပြင်လိုက်သည်။ ဒီတစ်ကြိမ်မှာ သူ့လှုပ်ရှားမှုတွေ နှေးကွေးလေးလံနေတာသည် အသက်အရွယ်ကြောင့် မဟုတ်။
"အားရီးယူးစ်ရဲ့အကြံတွေကို ဖဲလ်လစ် မသိထားတာ သေချာပါတယ်။"
ခပ်တိုးတိုးစကားသံကို ကြားရသည်။ အဘိုးအိုသည် အံ့သြသင့်စွာ လုလိယက်စ်ကို မော့ကြည့်ဖြစ်သည်။ လုလိယက်စ်သည် ကြိုးစားပြုံးလိုက်သည်။ မပီပြင်။ နှုတ်ခမ်းလှုပ်ရုံသာ ဟန်ပေါ်သော လှုပ်ရှားမှုကို အပြုံးဟု မခေါ်ထိုက်။
"အဘ စိတ်မကောင်းဖြစ်နေမှာစိုးလို့ ကျွန်တော်ပြောတာ။"
ထိုင်ခုံထက်မှာ လုလိယက်စ် ပြန်ထိုင်လိုက်သည်။ အဘိုးအို မျက်ရည်ဝဲလာရပြန်သည်။ အရှင် လုလိယက်စ်သည် ကိုယ်တိုင်ပြောမပြနိုင်လောက်အောင် နာကျင်ဝမ်းနည်းနေရပါလျက်နှင့် သူ့ကို နှစ်သိမ့်ပေးချင်မှန်း သိရသည့်အခါ နာကျင်မှုသည် နှစ်ဆတိုးလာသလိုပင်။ စားပွဲပေါ်မှ ပန်းအိုးလေးကို လုလိယက်စ် စိုက်ကြည့်နေသည်။ နှင်းဆီပန်းပွင့်လေးများသည် စွင့်စွင့်ကားကားပွင့်ဖူးနေတုန်းပင်ဖြစ်သည်။
"အားရီးယူးစ်ခိုင်းလို့ ကျွန်တော့်အနားရောက်လာရပေမယ့် ကျွန်တော်နဲ့ အရှင်တိတိုကို လုပ်ကြံဖို့ဆိုတဲ့အထိ သူ သိခဲ့မှာမဟုတ်ဘူး။ သူ ကျွန်တော့်အပေါ် အမြဲကောင်းခဲ့ပါတယ် အဘရာ။ ဘယ်အရာမဆို ကျွန်တော့်ပါးစပ်က ဖွင့်ပြောစရာမလိုအောင် အလိုက်တသိ စေတနာအပြည့်နဲ့ လုပ်ပေးခဲ့တာချည်းပဲ မဟုတ်ဘူးလား။ အခုနက သူ ကျွန်တော့်ကို လှောင်ပြောင်နေတာ ကျွန်တော့်အတွက် အဘ။ သူ့ကိုယ်သူ အနာခံပြီး ကျွန်တော် စိတ်သက်သာရာရဖို့ သူ ကြိုးစားနေတာ။ အားရီးယူးစ်အပေါ် တကယ်မေတ္တာရှိခဲ့မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ကျွန်တော့်အပေါ်မှာလည်း ညီ့အပေါ်မှာလောက် မဟုတ်ရင်တောင် နည်းနည်းလောက်ပဲဖြစ်ဖြစ် ... သူ.."
လုလိယက်စ်သည် မျက်လုံးများကို အတန်ကြာအောင် တင်းပိတ်ထားပြီးမှ ပြန်ဖွင့်သည်။ တင်းကြပ်စွာ ပိတ်စေ့ထားသော နှုတ်ခမ်းများထက်မှာ ၀မ်းနည်းရိပ်သည် ထင်ကျန်နေသည်။ တောက်ပမှုမရှိသော မျက်လုံးပြာများထက်မှ ရွှေရောင်မျက်တောင်များတွင် မျက်ရည်စများ ခိုကပ်နေသည်။ လုလိယက်စ်သည် စိတ်ခံစားမှုအားလုံးကို မျက်နှာမှာမပေါ်အောင် ထိန်းချုပ်ထားသော်လည်း အဘိုးအို ဟန်မဆောင်နိုင်။ ၀တ်ရုံစကို ပင့်မကာ မျက်ရည်များကို ဖိသုတ်လိုက်သည်။
အဘိုးအို၏လက်မှာ သွေးစတွေ ထင်ကျန်နေသေးသည်။ ဖဲလ်လစ်၏ မျက်နှာကို ရိုက်ခဲ့ရာမှ ထင်ကျန်နေသော သွေးစများသည် ခြောက်ကပ်လို့နေသည်။ အဘိုးအို မျက်ရည်ကျရုံသာ တတ်နိုင်တော့သည်။
သူ့ရဲ့ ရိုက်ချက်တွေကို ခေါင်းမငုံ့၊ မရှောင်ဘဲ ငြိမ်ခံနေခဲ့သည့် ဖဲလ်လစ်။
ဥယျာဉ်အတွင်း သူ့ကို အားရီးယူးစ် လှမ်းကန်လိုက်စဉ်က ရှေ့မှကာပေးကာ အနာခံသွားသည့် ဖဲလ်လစ်။
တစ်ချက်တွန်းလှဲလိုက်ရုံနှင့် လဲပြိုသွားမည့် မိမိလို အဘိုးအိုကို ဖဲလ်လစ်သည် မြေအောက်ခန်းငယ်ထဲတွင် ကြိုးဖြေပေးပြီးတာတောင် လက်ဖျားနှင့်ပင် မတို့ခဲ့။
ဖဲလ်လစ်၏ စိတ်ရင်းမှန်ကို လုလိယက်စ်က နားလည်ပေမယ့် သူ မမြင်ခဲ့။
"ရောက်ကာစက သူ ဒီအိမ်မှာ လုံးဝ မနေချင်တဲ့ပုံစံကို အဘမှတ်မိသေးလား။"
စကားအဆုံးမှာ လုလိယက်စ်သည် စားပွဲထက်မှ စာချုပ်မှတ်တမ်းများ ရေးသားလေ့ရှိသည့် သစ်သားပြားငယ်ကို အတန်ကြာအောင် ငုံ့ကြည့်နေသည်။ ပတ်ချာလည်အနားစများ မဆိုစလောက် မြင့်တက်နေကာ အလယ်ချိုင့်ထဲတွင် ဖယောင်းသုတ်ထားသော လေးထောင့်ပုံ သစ်သားပြားငယ်ဖြစ်သည်။ အမိန့်စာများ၊ စာချုပ်စာတမ်းများအတွက် အသုံးပြုကြသည်။ လုလိယက်စ်သည် သက်ပြင်းဖွဖွချရင်း ဘေးမှ ကြေးတံချွန်ကို လှမ်းယူလိုက်သည်။ စာရေးရန်ဖက်တွင် အချွန်ငယ်နှင့်ဖြစ်ကာ ထိပ်တွင်တော့ ဖယောင်းကို ခြစ်ဖျက်နိုင်ရန် အပြားငယ်လေးနှင့် ဖြစ်သည်။
"သူ တော်တော် စိတ်မကောင်းဖြစ်မှာ။ အားရီးယူးစ်နားမှာ နေချင်ရဲ့သားနဲ့ ကျွန်တော့်ဆီမှာ လာနေရတာကို သူ တော်တော် ခံရခက်မှာပဲ။ အားရီးယူးစ်မှားတယ်ဗျာ။ အင်ပါယာရှင် ဖြစ်ဖို့တဲ့။ ကျွန်တော် ရယ်ချင်လိုက်တာ။ သူ့မှာ ဘာတွေ လိုအပ်နေသေးလို့လဲ။ ကျွန်တော်ရော မယ်မယ်တို့ပါ သူ့အတွက်ဆိုရင် အသက်ပေးဖို့တောင် ၀န်မလေးဘူးဆိုတာ ဒီကလေး ဘာလို့နားမလည်ရတာလဲ။ အသက်ငယ်သေးလို့ မှားမိတာပါဆိုရင်တောင် သူ့အကြံအစည်တွေဟာ ရက်စက်လွန်းတယ်။ နောက်ပြီး ဖဲလ်လစ်..။ သူ့အပေါ် ဒီလောက်တွယ်တာနေတဲ့ ကောင်လေးတစ်ယောက်အပေါ် နည်းနည်းမှ မသက်ညှာခဲ့တာကို အံ့သြလို့မဆုံးဘူး။ ကျွန်တော်သာ... "
လုလိယက်စ် စကားကို အဆုံးမသတ်နိုင်။ လုလိယက်စ်လက်ထဲမှ ကြေးတံချွန်လေး၏ ထိပ်ဖျားသည် လက်ချောင်းများ၏ မငြိမ်သက်မှုကြောင့် မသိမသာ လှုပ်ခါနေသည်။ အံကိုကြိတ်ရင်း ကြိုးစားရေးနေသည့် လုလိယက်စ်ကို အဘိုးအို မကြည့်ရက်။ ဘာစကားတစ်ခွန်းမှလည်း ပြောမထွက်။ မိမိတစ်သက်တာတွင် အသုံးမကျလွန်းသည့် လူသားတစ်ဦးအဖြစ် မိမိကိုယ်ကို ပထမဆုံးအကြိမ် မုန်းတီးမိသည်။
လုလိယက်စ်သည် သင်္ကေတအမှတ်အသားပါသည့် လက်စွပ်ကို နှုတ်ခမ်းနားတေ့ကာ အာငွေ့ပေးပြီးမှ ဖယောင်းခင်းထားသော သစ်သားပြားထက်တွင် တံဆိပ်ခတ်နှိပ်လိုက်သည်။ ထို့နောက်မှာတော့ အတန်ကြာအောင် ငေးစိုက်ကြည့်နေပြီး အမိန့်သစ်သားပြားကိုယူကာ အဘိုးအိုကို ကမ်းပေးသည်။
"ဒါ ဖဲလ်လစ်အတွက် ကျွန်တော့်အမိန့်။"
အဘိုးအို စိုးရွံ့စွာ လှမ်းယူရင်း မရဲတရဲ လှမ်းကြည့်မိသည်။ ပြူးကျယ်ဝိုင်းစက်သွားသော မျက်လုံးများကို ဟန်ဆောင်ဖုံးဖိဖို့ရန်ပင် သတိမရ။ လုလိယက်စ်ကို တအံ့တသြ လှမ်းကြည့်ဖြစ်သည်။ လုလိယက်စ်သည် ဦးခေါင်းကိုပင် မတ်မတ်မထားနိုင်တော့လောက်အောင် ခေါင်းငိုက်စိုက်ကျနေသည်။ လက်ချောင်းများဖြင့် နဖူးပြင်ကို ပင့်တင်ထားပေမယ့် ခွေလိပ်ကျနေသော ရွှေရောင်ဆံပင်လိပ်များကြောင့် လုလိယက်စ်၏ မျက်နှာကို မမြင်ရ။
မျက်ရည်များကြောင့် မှုန်ဝါးနေသောအမြင်ကိုပင် အဘိုးအို ကျေးဇူးတင်ရသည်။
ဒီမြင်ကွင်းကို သူ တစ်သက်လုံး မေ့တော့မည်မဟုတ်။
"အမိန့်စာအတိုင်းသာ လုပ်လိုက်ပါ အဘ။"
"ဟုတ်..ဟုတ်ကဲ့ပါ အရှင်။"
အဘိုးအို ခေါင်းညွှတ်ရင်း အရိုအသေပေးဖြစ်သည်။ ကိုယ်ကိုရို့ကာ ခြေနှစ်လှမ်းနောက်ဆုတ်ပြီး နောက်ပြန်လှည့်ကာ လုလိယက်စ်ကို ကျောခိုင်းလိုက်ရသည်။ သူ့လက်ထဲမှ သစ်သားပြားငယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အလုပ်ခန်းရှိရာမှ ထွက်လာခဲ့သည်။
သူ့ဘေးတွင် အစေခံ တစ်ယောက် တစ်စုံတစ်ရာ လာမေးသည်။ အဘိုးအို မကြား။ ပြန်ဖြေဖို့လည်း သတိမရ။ အမိန့်သစ်သားပြားငယ်ကို ဆုပ်ကိုင်ရင်း ဖဲလ်လစ်ကို ပိတ်လှောင်ထားသည့် မြေအောက်ခန်းရှိရာသို့ ဆင်းနိုင်သည့် အပေါက်ဝသို့ ရောက်လာခဲ့သည်။ လှေကားထစ်များမှ မဆင်းမီ မီးတိုင်တစ်ခုကို ဖြုတ်ယူလိုက်သည်။ ယိမ်းနွဲ့နေသော မီးရောင်အောက်မှာ အမိန့်စာကို နောက်တစ်ကြိမ် လှမ်းကြည့်ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်ဖတ်ဖြစ်သည်။
သူ မမှား။
အမိန့်စာထက်မှာ အရှင်လုလိယက်စ် ဘာကိုဖြစ်စေချင်သည်ဆိုတာကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။