အောက်တိုဘာလ
၂၀၁၇ ခုနှစ်
ပုံပေမြို့ဟောင်း
အီတလီနိုင်ငံ
မာကို၏ရှေ့တွင် ထိုင်နေသော လူငယ်သည် ကိုလာဗူးကို ခပ်စောင်းစောင်းထားကာ ဖန်ခွက်ထဲ ဂရုတစိုက် လောင်းထည့်နေသည်။ ဖန်ခွက်၏ တစ်ဝက်ကျော်ကျော်အရောက်မှာ ရပ်လိုက်ပြီး ဘေးဘက်သို့ ပြန်ချသည်။ မော့သောက်ခြင်းမရှိ။ ဆိုင်ပြင်ကို ငေးကြည့်နေသည်။
"ပုံပေက အိမ်တွေအားလုံးနီးပါး ဘာလို့ အောက်ထပ်တွေပဲ ကျန်ခဲ့လဲ မင်းသိလား။"
ပီဇာကို ကိုက်ဝါးရင်း မာကို လှမ်းမေးလိုက်သည်။ ဖြေလိမ့်မှာမဟုတ်ဘူးဆိုတာ သူ သိပြီး ဖြစ်သောကြောင့် အဖြေကို စောင့်နေသည်မဟုတ်။ မိမိပြောချင်သည်ကို ပြောလို့ရရန် စကားခေါ်ရုံသက်သက်ဖြစ်သည်။
"ပုံပေမြို့ကြီးဟာ မီးတောင်ပေါက်ပြီးတာနဲ့ ဝုန်းခနဲ ပျက်စီးသွားတာ မဟုတ်ဘူးလေကွာ။ မီးတောင်ရှိတဲ့နေရာနဲ့ ပုံပေမြို့ဟာ အလှမ်းဝေးတယ်။ ချော်ပြာတွေ၊ ချော်မှုန်တွေ၊ ကျောက်ခဲငယ်တွေ၊ မြို့ပေါ်ကိုကျလာရာကနေ တဖြည်းဖြည်းများလာပြီး အိမ်ခေါင်မိုးတွေက ကျောက်ခဲတွေရဲ့ အလေးဒဏ်ကို မခံနိုင်တော့ဘူး။ အိမ်တွေပြို၊ မီးတွေလောင် ဖြစ်တယ်။ အဆောက်အဦးတွေရဲ့ အမိုးတွေ၊ ဝရန်တာတွေ၊ အပေါ်ထပ်ပိုင်းတွေဟာ အကုန်ပြိုတာပဲ။"
ထိုအချိန်က မီးတောင်ကြီးမှန်း မည်သူမျှ သိမထားခဲ့ကြ။ ရှေးပညာရှင်အချို့ကတော့ မီးတောင်ဟောင်း ဖြစ်လိမ့်မည်ဟု ယူဆထားကြောင်း မှတ်တမ်းအချို့တွင် တွေ့ခဲ့ရသည်။ စိမ်းစိုသောတောတန်း၊ တောင်တန်းများနှင့် သာယာနေခဲ့သော မီးတောင်ကြီး၏ အောက်ခြေတွင် ချော်ရည်ပူများ ရှိနေခဲ့သည်။ မြေမျက်နှာပြင်အောက် သုံးမိုင်ကျော်ခန့် အကွာအဝေးတွင် ဖြစ်သည်။ ထို ကျောက်ရည်ပူများ၏ ဖိအားကြောင့် ပုံပေမြို့အနီးနှင့် ပတ်ဝန်းကျင်တွင် ငလျင်လှုပ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့သည်။ ပုံပေမြို့သူ၊ မြို့သားများကမူ သေမင်းခေါ်သံဖြစ်သည့် ထိုငလျင်များကို နတ်ဘုရားများ၏ ဒေါသဟုသာ မှတ်ယူကာ ပူဇော်ဆုတောင်းမှုများဖြင့် ဖြေသိမ့်နိုင်ဖို့ ကြိုးစားခဲ့ကြသည်။
"အဲ အောက်ထပ်တွေကရော ဘာလို့ လက်ရာမပျက်ကျန်ခဲ့လဲသိလား။"
ဒီမေးခွန်းကိုလည်း လူငယ်မဖြေ။ မျက်လွှာချကာ တရားရှုနေသလို ငြိမ်သက်နေသည်။ မာကိုကတော့ စိတ်မပျက်။ ချောင်းတစ်ချက်ဟန့်ကာ စကားဆက်သည်။
"ပုံပေတစ်မြို့လုံးကို ဒီချော်ခဲငယ်တွေ၊ မီးတောင်ပြာတွေ ဖုံးသွားခဲ့တာလေ။ အမြင့်က ပေ ၂၀ လောက်ထိ ရှိတယ်။ ဒီလိုဖုံးထားခဲ့လို့လည်း ချော်ရည်ပူတွေ၊ လေပူတွေ၊ ရွှံ့ရည်ပူတွေ၊ မီးလောင်မှုတွေက မြို့ကြီးကို ကာကွယ်ပေးထားသလို ဖြစ်ခဲ့တာ။ အဆောက်အဦးတွေရဲ့ အောက်ပိုင်းတွေ မပျက်စီးခဲ့တာ။ အပေါ်ထပ်တွေဆို ဘယ်ကျန်မှာလဲ။ အစအနတောင် ရှာလို့ မရတော့ဘူး။ မြို့ကြီးကို အဲ့ဒီ့လို ပြာတွေ၊ ချော်ရည်တွေနဲ့ ဖုံးထားပြီး ခဲသွားတဲ့အခါမှာ တကယ် ချိတ်ပိတ်သိမ်းထားသလို ဖြစ်သွားတာပေါ့။ နှစ်ပေါင်းအကြာကြီး ဒီအတိုင်း ရှိနေတာ။ ဒီနေရာမှာပုံပေမြို့ကြီးရှိခဲ့တယ်ဆိုတာကိုတောင် လူတွေမေ့သွားကြတာကွ။"
ယခုအခါ Somma တောင်တန်းအဖြစ် မြင်နေရသည့် တစ်ချိန်က Vesuvius ခေါ် Vesbius မီးတောင်ကြီး၏ ပေါက်ကွဲမှုသည် ဟီရိုရှီးမား အနုမြူဗုံးပေါက်ကွဲမှုပေါင်း ၅၀၀၀၀ ကျော်နှင့် ညီမျှခဲ့သည်။ အနုမြူဗုံးသည် စွမ်းအင်ကို ချက်ချင်းလွှတ်ထုတ်သော်လည်း မီးတောင်ကြီးကတော့ တဖြည်းဖြည်းနှင့် လွှတ်ထုတ်ခဲ့ ခြင်းဖြစ်သည်။ နာရီ ၂၀ အတွင်း တန်ချိန်ပေါင်း တစ်ဆယ်ဘီလျံရှိသည့် ကျောက်တုံးကျောက်ခဲများ ပေါက်ကွဲထုတ်ခဲ့ပြီး ပုံပေမြို့ဘက်ခြမ်း ၇ မိုင်မှ ၁၀ မိုင်အထိ နေရာများကို ၁၀ ပေနီးပါးအမြင့်ရှိသည့် ချော်ကျောက်ခဲငယ်များနှင့် ဖုံးလွှမ်းစေခဲ့သည်။ ပုံပေမြို့ဆိုလျှင် အမြင့် ပေ ၂၀ ကျော်၊ Ercolano မြို့ဆိုလျှင် အမြင့်ပေ ၆၀ ကျော်ရှိသည့် မီးတောင်ရွှွံ့များ၊ ကျောက်ခဲငယ်များနှင့် ပြာများအောက် ရောက်ခဲ့သည်။
အပူချိန် ၄၀၀ နှင့် ၆၀၀ ဒီဂရီ ကြားရှိသော ဂက်စ်၊ ပြာမှုန်၊ ချော်ကျောက်အမှုန်အစများနှင့် တိမ်ပူလှိုင်းကြီးများသည် တစ်နာရီ မိုင် ၆၀ ကျော်သည့် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားခဲ့သည်။
သတ္တဝါမှန်လျှင် အသက်ရှင်နေထိုင်ဖို့ မိမိတို့ကိုယ်စွမ်းရှိသမျှ ကြိုးစားကြသည်ပင်။ ပုံပေမြို့သူ မြို့သားများ သည်လည်း ဆိုးဝါးသည့် ကံကြမ္မာကို လည်စင်းခံခဲ့သည်တော့ မဟုတ်ပါ။ လွတ်မြောက်ရန်အတွက်၊ အသက်ဆက် နိုင်ရန်အတွက် နောက်ဆုံးအချိန်အထိ ကြိုးစားခဲ့သည်ပဲ ဖြစ်သည်။ သို့ပေမယ့် လောကသဘာဝတရား၏ ဒေါသကို သားသမီးများဖြစ်သည့် လူသားများ လွတ်အောင် မပြေးနိုင်ခဲ့ကြ။
"ငါ ပြောခဲ့သလို မီးတောင် စပေါက်ကွဲပြီး ၂ နာရီကနေ ၃ နာရီအတွင်း ပုံပေမြို့က ချက်ချင်းထွက်ပြေးသွားသူတွေလောက်ပဲ အသက်ရှင်ကျန်ခဲ့နိုင်တယ်။ ကျန်သူတွေကတော့ ဘယ်လိုမှ ရှင်မကျန်နိုင်ဘူးလေ။ မြို့လုံးကျွတ် ပျက်စီးခဲ့တာဆိုတော့.."
မာကို၏ ပီဇာမှာ ကုန်သွားပြီဖြစ်သော်လည်း လူငယ်ကတော့ သူ့ရှေ့မှ ပီဇာကို ထိပင် မထိသေး။ လက်နှစ်ဖက်ပိုက်ကာ စားပွဲပေါ်တင်ရင်း ဆိုင်ပြင်ကို ငေးကြည့်နေဆဲဖြစ်သည်။
မာကိုပြောသည်များကို စိတ်ဝင်စားဟန်လည်းမပြသလို၊ စိတ်မဝင်စားသည့် ဟန်လည်းမပြ။ နုနယ်ရှင်းသန့်သော သွင်ပြင်မျက်နှာမှ အမူအရာကို ခန့်မှန်းရခက်နေသည်။ နှာတံစင်းစင်း၊ မျက်လုံးနက်နက်များသည် တည်ငြိမ်ကာ စွမ်းအားတစ်မျိုး ကိန်းဝပ်နေသလိုပင်။
"မင်း စဉ်းစားကြည့်လေကွာ။ ပေါင်မုန့်ဖိုထဲမှာ ပေါင်မုန့်တွေ ဒီအတိုင်း ပြန်တွေ့ရတယ်။ ဆိုင်ရှင်ခမျာ ပေါင်မုန့်တွေကို ဖိုထဲထည့်ပြီး ပြန်ထုတ်ဖို့တောင် အချိန်မရခဲ့ဘူး။ ဒီအတိုင်း ထားခဲ့ရပုံပဲ။ မြို့ဟောင်းကြီးကို တူးဖော်သူတွေက ဖိုကိုဖွင့်မှ ပေါင်မုန့် ၈၁ လုံးကို ပြန်တွေ့ရတာ။ အိမ်နံရံတွေမှာ ဆေးသုတ်လက်စတွေ၊ ပစ္စည်းတွေ ဒီအတိုင်း ကျန်ခဲ့တယ်။ ရေပိုက်ပြင်နေသူတွေ ထားခဲ့တဲ့ ရေပိုက်တွေ၊ ပစ္စည်းတွေ လက်ရာမပျက် ပြန်တွေ့ရတယ်။ မြို့ထဲမှာ ဆရာဝန်ကိရိယာတွေ၊ အသုံးအဆောင်တွေ၊ အိမ်တွေရဲ့ အပြင်အဆင်တွေ၊ နံရံဆေးရေးပန်းချီကားတွေ အားလုံး ပုံစံမပျက် လေ့လာခွင့်ရတယ်။ နောက်ပြီး ကြော်ငြာစာတမ်းတွေ။ အိမ်နံရံတွေမှာ ရေးထားခဲ့တဲ့ ကြော်ငြာစာတမ်းတွေ၊ သချင်္ိုင်းဂူတွေမှာ ရေးထားတဲ့ စာတမ်းတွေ ဒါတွေကို ဖတ်ခွင့်ရတာဟာ ဘယ်လောက်တောင် တန်ဖိုးရှိလဲ။ နှစ်ပေါင်း ၂၀၀၀ ကွ ကောင်လေးရ။ မနေ့၊ တစ်နေ့က မဟုတ်ဘူး။ ဒါတောင် အခုတူးဖော်ထားတာ မြို့ရဲ့ သုံးပုံ နှစ်ပုံလောက်ပဲရှိသေးတယ်။ တခြားအပိုင်းတွေဆိုရင် အခုထိ မြေကြီးအောက်ထဲမှာ ရှိနေတုန်းပဲ။ တူးဖော်တိုင်းလည်း ကောင်းတာမှ မဟုတ်တာကွာ။ တူးဖော်ပြီး ထိန်းသိမ်းနိုင်မှ။ မဟုတ်ရင် အားလုံးပျက်စီးကုန်မှာပေါ့။"
မာကို ပြောရင်းနှင့် စိတ်တက်ကြွကာ စားပွဲကို ဝုန်းခနဲ ထုချလိုက်သည်။ လူငယ်လေးကတော့ လှည့်ပင် မကြည့်။ သောက်လက်စ ကိုလာသံဗူးကိုသာ မှောက်မသွားအောင် စားပွဲပေါ်မှ မ လိုက်ရင်း မျက်ခုံးနှစ်ဖက် မသိမသာ တွန့်ကွေးရုံ။
"မင်း မစားဘူးလား။"
လူငယ်ရှေ့မှ ပီဇာကို မေးငေါ့ပြရင်း မာကို မေးလိုက်သည်။
"ကျွန်တော် မဆာဘူး အဘ။"
"ပြီးတာပဲ။"
မာကိုသည် အစားမစားချင်သည့် ကလေးတွေကို မိဘတွေ ချော့လိုက်၊ ခြောက်လိုက်၊ လေယာဉ်ပျံကြီး လုပ်လိုက်နှင့် အစာကျွေးနေပုံတွေကို အလွန် အမြင်ကတ်သူတွေထဲတွင် ပါသည်။ လူငယ်ထံမှ မဆာဘူးဆိုသည့် အဖြေကိုရလိုက်သည်နှင့် ပန်းကန်ထဲမှ ပီဇာကို ဆွဲယူကာ အငမ်းမရ ကိုက်စားပစ်လိုက်သည်။ လူငယ်သည် မာကို ကို တစ်ချက်လှမ်းကြည့်သည်။ ကိုလာကို တစ်ငုံမော့သောက်ပြီး ဖန်ခွက်ကို ခပ်ဖြည်းဖြည်း ပြန်ချလိုက်သည်။ တစ်ရှူးရွက်ကို လှမ်းယူရင်း နှုတ်ခမ်းကို ဖိသုတ်ကာ စားပွဲပေါ်မှာ ပြန်တင်သည်။ အမူအရာတစ်ခုချင်းစီကိုက တစ်ခုခုကို သတိထားလုပ်ဆောင်နေသလို နားလည်ရခက်သည်။
"မင်း ဘာဖြစ်နေတာလဲ။"
လူငယ် သူ့ကို မျက်လုံးလှန်ကြည့်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားသည်။
"ကျွန်တော်.. အရမ်း... စိတ်လှုပ်ရှားနေတာ။"
"ဘာ.. ဒီပုံစံကလေ.."
မာကို ပါးစပ်ထဲမှာ ပီဇာအပြည့် ၀ါးနေတာကို မေ့သွားပြီး ဗလုံးဗထွေး အော်ဖြစ်သည်။ နားရှိလို့သာ ကြားရသည်။ ဘယ်လိုမှ ယုံနိုင်စရာမရှိ။ မျက်နှာက လူသေတစ်ယောက်လို အသက်မရှိ။ မျက်လုံးက အိ်ပ်မက်မက်နေသူလို။ ဒီပုံစံကို စိတ်လှုပ်ရှားနေပါသည်ဟုဆိုလျှင် စကားနှင့်အစားမပြတ်သည့် မိမိကိုယ်ကို ဘယ်လိုနာမည်တပ်ရမည်မှန်း မသိတော့။
"ကျွန်တော့်ကို သူ စောင့်နေပါ့မလား မသိဘူး။"
သူ..
လာပြန်ပြီ။ ဒီစကား။ မာကို စိတ်ရှုပ်စွာ ခေါင်းကို ကုတ်ပစ်လိုက်သည်။
"ဘယ်သူမှန်းမသိ။ ဘယ်နေရာမှန်းမသိ။ ဘယ်အချိန်ကမှန်းမသိတဲ့လူလား။"
လူငယ်သည် ပြုံးလိုက်ကာ ထိုင်ခုံကိုနောက်ဆုတ်ရင်း မတ်တတ်ရပ်လိုက်သည်။
"သွားရအောင် အဘ။"
နေ့လယ်စာစားပြီးတိုင်း espresso ကော်ဖီခါးခါးတစ်ခွက် သောက်တတ်သည့်အကျင့်ကိုပင် မေ့ထားလိုက်ရသည်။ ဆိုင်ခန်းတံခါးကို တွန်းဖွင့်ထွက်သွားသော လူငယ်နောက်သို့ အမီလိုက်ရင်း မောသွားသည်။ လူငယ်သည် အခြားခရီးသွားဧည့်သည်များကဲ့သို့ ဘေးဘီဝဲယာကို ငေးကြည့်မနေ။ ရှေ့တုရုကိုသာ စူးစိုက်ကြည့် ရင်း ခြေလှမ်းမှန်မှန်ဖြင့် မြို့လယ်လမ်းမကြီးအတိုင်း လျှောက်သွားနေသည်။
"မင်း ဘယ်သွားမလို့လဲ။"
"အဘ လိုက်ပို့ပေးမယ်ဆို.."
"သြော်.. အေး.. ဟုတ်သား။"
နေ့လယ်စောင်း အကျနေ၏ ရွေ့လျားမှုသည် မြန်ဆန်သည်။ ဘာမှသေချာမပြင်ဆင်ချိန်မရှိပါဘဲ ညနေခင်းချိန်ရောက်အောင် လျှင်မြန်စွာ ဖြတ်သန်းခရီးနှင်သွားပြီဖြစ်သည်။ ပုံပေမြို့ဟောင်းအတွင်းတွင် ခရီးသွားဧည့်သည်များသည် မနက်ပိုင်းကလောက် မများတော့။ တစ်နေကုန် လမ်းလျှောက်လည်ပတ်ပြီး ပင်ပန်းနေကြသောကြောင့် ထိုင်လျက်အနားယူနေသူများကို ခပ်စိပ်စိပ်တွေ့ရသည်။ အိမ်အို အိမ်ပျက်များ၏ တံတိုင်းအရိပ်များသည် တဖြည်းဖြည်းနိမ့်ဆင်းလာသော နေရောင်နှင့်အတူ ရှည်လျားလာနေသည်။
ကျောက်တုံးများခင်းထားသော လမ်းမရှည်တစ်လျှောက် လျှောက်လာခဲ့ပြီး လမ်းသွယ်တစ်ခုထဲ ချိုးကွေ့ဝင်လိုက်သည်။ သစ်ပင်ရိပ်လွှမ်းသော လမ်းငယ်မှာ သွားလာသူမရှိ တိတ်ဆိတ်နေသည်။ မည်သူမှမရှိ။ လာရောက်လည်ပတ်သူများသည် နေဝင်ချိန်ကို ကောင်းမွန်စွာမြင်နိုင်မည့် နေရာများကို ရွေးချယ်ထွက်ခွာသွား ကြပြီဖြစ်သည်။ လမ်းသွယ်အတွင်းမှာ မာကိုနှင့် လူငယ်နှစ်ယောက်သာ ရှိနေသည်။ အနိမ့်အမြင့်မတူ အုတ်ဟောင်းနံရံများ ဘေးတစ်ဖက်တစ်ချက်တွင် ကာရံထားသော လမ်းသွယ်လေးအတိုင်း အဆုံးရောက်ခါနီး နေရာအထိ ဆက်လျှောက်လာခဲ့ကြသည်။
"ဒါ ဘယ်နေရာလဲ အဘ။"
"ငါ အကြိုက်ဆုံးနေရာ။"
မာကိုသည် အုတ်ဘောင်ခတ်ထားသော ဝင်း အတွင်း လှမ်းဝင်လိုက်သည်။ လေးထောင့်ဝင်းသည် မကျဉ်းမကျယ်ဖြစ်သည်။ စပျစ်ပင်တစ်ချို့ရှိသည်။ စပျစ်ခင်းဟု ခေါ်ရအောင်လည်း စီတန်းစိုက်ပျိုးထားသည့် အတန်းရေ မများပါ။ ရှေးခေတ်ပုံပေမြို့တွင် စိုက်ပျိုးသည့်ပုံစံအတိုင်း နမူနာစိုက်ပျိုးထားခြင်းဖြစ်သည်။ ခြံဝင်းထောင့်တွင်တော့ မှန်ဘောင်ကြီးကို အဆောက်အဦးသဖွယ် ဆောက်လုပ်ထားသည်။
ထိုအထဲတွင်တော့...
လူငယ်သည် ခြံဝင်းထဲ တစ်ချက်ဝေ့ကြည့်သည်။ မှန်ဘောင်ရှိရာ လျှောက်သွားသည်။ ဒါပေမဲ့ ကြာကြာမကြည့်။ စက္ကန့်ပိုင်းအတွင်း ခြံဝင်းထဲ နောက်တစ်ပတ် ဝေ့ကြည့်သည်။ မာကို နားမလည်။ သူ ခေါ်လာခဲ့သည့်နေရာသည် ခရီးသွားတိုင်း စိတ်ဝင်စားသည့် နေရာတစ်ခု။ ဒီနေရာရောက်လျှင် လူတိုင်း မအံ့သြဘဲ မနေနိုင်။ လူငယ်ကတော့ အံ့သြပုံမရသလို စိတ်ဝင်စားဟန်လည်းမရှိ။
"မင်း စိတ်မဝင်စားဘူးလား။"
မာကို၏ အမေးကို လူငယ်သည် နားမလည်သလို လှမ်းကြည့်ရုံ အသိအမှတ်ပြုသည်။ ခြံဝင်းထဲမှာ တစ်စုံတစ်ရာကို ရှာဖွေနေသလို ဝေ့ကြည့်နေသည့် ကောင်လေးကို အတန်ကြာအောင် စောင့်ကြည့်နေပြီးမှ မာကို နားလည်သွားသည်။ ဒီကောင်လေးသည် အခြားခရီးသွားများ စိတ်ဝင်စားသည့်နေရာကို စိတ်မဝင်စားတာ သဘာဝကျသည်။ သူ မြင်ချင်နေခဲ့တာက ပုံပေမြို့ဟောင်းမဟုတ်။ သူ တွေ့ချင်တာက ပုံပေမြို့ဟောင်း၏ စိတ်ဝင်စားစရာ နေရာများမဟုတ်။
သူ့ကို စောင့်နေသည်ဟူသည့် လူ...
ဒါပေမဲ့ သူတို့ရောက်နေသည့် ခြံဝင်းထဲမှာ ဘယ်သူမှ ရှိမနေ။